မြန်မာတို့သည် မူလစိတ်ရင်းစိတ်ထားကပင် သစ်တောသစ်ပင်များကို ချစ်ခင်သူများဖြစ်ကြသည်။ အိမ်တိုင်းအိမ်တိုင်းတွင် ပန်းအလှပင်မှအစ အခြားသောစားပင်သီးပင်များကို စိုက်ပျိုးလေ့ရှိကြရာ သစ်ပင်မရှိသော အိမ်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ထို့အတူ နှစ်စဉ်နှစ်တိုင်းမိုးရာသီကာလတွင် တပ်မတော်သားများ၊ မိသားစုများ၏ သစ်ပင်စိုက်ပျိုးခြင်းများ၊ ဝန်ကြီးဌာနရုံးအသီးသီးရှိ ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးခြင်းများ၊ အခြားသော လူမှုအဖွဲ့အစည်းများ၏ သစ်ပင်စိုက်ပျိုးခြင်းများကို တွေ့မြင်ရသည်မှာ လွန်စွာကြည်နူး ချမ်းမြေ့ဖွယ်ကောင်းလှပေသည်။
မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သော နေပြည်တော်တွင် သစ်ပင်ကို နှစ်စဉ်စိုက်ပျိုးကြသည့်အတွက် မိုးရွာသွန်းမှု များပြားလာပြီး သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်စေလျက်ရှိသည်။ ထို့အတူ အခြားသောမြို့များကို လေ့လာစိစစ်ကြည့်မည်ဆိုလျှင် သစ်ပင်စိုက်ပျိုးမှုများပြားသော နေရာဒေသနှင့် စိုက်ပျိုးမှုနည်းပါးသော ဒေသတို့၏ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုကွဲပြားခြင်းကိုတွေ့မြင်နိုင်ပေသည်။ မြန်မာတို့သည် သစ်ပင်စိုက်ပျိုးခြင်းကို ထာဝရကုသိုလ်ကိုရယူခြင်းဟု မှတ်ယူထားသူများ ဖြစ်ကြသည်။
တစ်နှစ်တာအတွင်း သစ်တောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေ ၉၈၅၉၆၂ ဧက သတ်မှတ်နိုင်ခဲ့ ဟူသောသတင်းတစ်ပုဒ်ကို နိုင်ငံပိုင်မီဒီယာများတွင် မတ်လ ၁၆ ရက်က ဖော်ပြထားသည်။ ဤသတင်းမှာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အမျိုးသားသစ်တောကဏ္ဍ နှစ်(၃၀)ပင်မစီမံကိန်းအရ လုပ်ဆောင်ခြင်း အောင်မြင်မှုပုံရိပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် လည်းကောင်း ဖွဲ့စည်းသတ်မှတ်လျာထား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်သော အကြောင်းရင်းမှာ ကမ္ဘာတွင်ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး အတွက်ဖြစ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏တစ်နှစ်တာကာလ (၁-၂-၂၀၂၁ မှ ၁-၂-၂၀၂၂ အထိ) ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ၄၀၄၁၅၈ ဧက၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၈၁၈၀၄ ဧကဖွဲ့စည်းနိုင်ခဲ့ရာ ယနေ့အထိကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဧရိယာ ၄၃၁၁၁၇၀၅ ဧက နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၇၉ ရာခိုင်နှုန်း၊
သဘာဝထိန်းသိမ်းရေး နယ်မြေဧရိယာ ၁၀၇၅၀၆၂၅ ဧက နိုင်ငံ့ဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖွဲ့စည်း သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ သတ်မှတ်ဖွဲ့စည်းနိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် မျိုးဆက်ပျက်သုဉ်းမှု အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ အပင်မျိုးစိတ်များနှင့် ယင်းတို့၏ နေရင်း ဒေသများကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဂေဟစနစ်ပိုမိုကောင်းမွန်စေပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာခြင်း သဘာဝရေထွက်များနှင့် ရေဝေရေလဲဒေသများကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ သဘာဝဘေး အန္တရာယ်ကို တားဆီးကာကွယ်နိုင်ခြင်း၊ သဘာဝသယံဇာတများကို ထိန်းသိမ်းကာကွယ်နိုင်းခြင်းနှင့် သစ်တောထွက် ပစ္စည်းများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသစ်တောကဏ္ဍကို အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ထာဝစဉ် တည်ငြိမ်ရေးနှင့် ဂေဟစနစ်များမျှတရေးတို့အတွက် ဦးတည်၍ မူဝါဒများချမှတ်ပြီး စီမံခန့်ခွဲ လုပ်ဆောင်လျက် ရှိပါသည်။
၁၉၉၅ ခုနှစ် မြန်မာ့သစ်တောမူဝါဒသဘောထား ကြေညာချက်တွင် အမျိုးသားရည်မှန်းချက် ပန်းတိုင်များအား ပြည့်မီစွာ ဖော်ဆောင်နိုင်ရန်အတွက် ပဓာနကျသောအချက်များကိုလည်း ဖော်ပြထားပါသည်။ ယင်းတို့မှာ ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ သစ်တောသယံဇာတ အရင်းအမြစ်များထာဝစဉ်တည်တံ့နေစေခြင်းအတွက် ထိန်းသိမ်းခြင်း၊ ပြည်သူလူထု၏ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိသည့် အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ သစ်တောသယံဇာတများမှ ရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်တို့အား လူမှုရေးနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့်အဝ အသုံးချနိုင်ရေး စီမံခြင်းဟူသော စွမ်းဆောင်ရည်တိုးတက်မြင့်မားစေခြင်း၊ သစ်တောများပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးဆိုင်ရာ လုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်ဆောင်ရွက် လာစေခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် သစ်တောများမှာ အဓိကအခန်းမှပါဝင်နေကြောင်းကို ပြည်သူအတွင်း နိုးကြားထကြွသည့် အသိရှင်သန်နေစေရန် စည်းရုံးလှုံ့ဆော်သွားခြင်းတို့ ဖြစ်ပေသည်။
အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးခြင်း၊ ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် ဒီရေတောများ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျ ပြင်ဆင်လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် သစ်တောသစ်ပင်ကို ချစ်ခင်ကြပါရန် တိုက်တွန်းရေးသား လိုက်ရေပေသည်။ ။