မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက မြောက်ခင်ရန်း ကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်၊ လူနေအိမ်များအားမီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက မြောက်ခင်ရန်း ကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်၊ လူနေအိမ်များအားမီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့ နံနက်ပိုင်းတွင် မြောက်ခင်ရန်းကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာအား ၎င်းကျေးရွာ၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် ရွှေဘိုကျေးရွာ၊ သင်တောကျေးရွာ၊ စမ်းမြို့ကျေးရွာတို့တွင် ခိုအောင်း၍အကြမ်းဖက်မှု လုပ်ရပ်များပြုလုပ်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၄၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ လက်လုပ်ဗုံးများ အသုံးပြုကာ ကျေးရွာနေပြည်သူများအား ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အကြမ်းဖက်သမားများသည် ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အပြင် ကျေးရွာနေပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် လူနေအိမ် ၈၆ လုံး မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကာ အကြမ်းဖက်သမားများက ကျေးရွာအား ပစ်ခတ်တိုက်ခိုက်နေစဉ်အတွင်း ကျေးရွာမှ ထွက်ပြေးတိမ်း ရှောင်ခဲ့သည့် အပြစ်မဲ့ပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုကဲ့သို့ အေးချမ်းစွာနေထိုင်လျက်ရှိသည့် ကျေးရွာနေအပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။