မြန်မာ့ဒီမိုကရေစီ ယဉ်ကျေးမှု

မြန်မာ့ဒီမိုကရေစီ ယဉ်ကျေးမှု

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မတ်  ၁၉  ရက်)

ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးစနစ်တစ်ခုသာဖြစ်သည်။ နိုင်ငံရေးအာဏာကို ပြည်သူအားလုံး အညီအမျှခွဲဝေရယူပိုင်ခွင့်ရှိခြင်းဆိုသည့် သဘောသက်ရောက်သည်။ ၂၀၂၁ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိသည့်အနက် ဒီမိုကရေစီနိုင်ငံပေါင်း ၈၁ နိုင်ငံရှိပြီး အပြည့်အဝဒီမိုကရေစီ ကျင့်သုံးသောနိုင်ငံပေါင်းက ၂၂ နိုင်ငံသာရှိကြောင်းသိရှိရသည်။ ဒီမိုကရေစီနှင့်ပတ်သက်၍ ဒီမိုကရေစီကို စည်းစနစ်ကျနစွာ မကျင့်သုံးတတ်ကြသောအခါ တစ်ခါတစ်ရံ လူအုပ်စုနှင့်အနိုင်ကျင့်သည့် အကြမ်းဖက်ဆီ သို့ ဦးတည်သွားနိုင်သည်။ ဒီမိုကရေစီဆိုတာ မရင့်မှည့်သေးဘဲခူးရင် မကောင်းတဲ့သစ်သီးလိုပါပဲဟု ပညာရှင်အချို့ကဖွင့်ဆိုထားသည်။ ထို့အတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က’’တိုင်းပြည် အုပ်ချုပ်ရေး စနစ်များအနက် ဒီမိုကရေစီမှာအခက်အခဲဆုံးဖြစ်လေသည်။ ဒီမိုကရေစီစနစ် အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင်ရှိကြရမည်။ အသိဉာဏ် ပညာကင်းမဲ့သောနိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်” ဟူ၍ပြောဆိုခဲ့ ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင်  စနစ်အမျိုးမျိုးကျင့်သုံးခဲ့ပြီး အတွေ့အကြုံအမျိုးမျိုးကိုလည်း ကြုံခဲ့ကြပြီးဖြစ်သည်။၂၀၁၀ ပြည့်နှစ်မှစ၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်မှာ ၁၀ နှစ်ကျော် အချိန်မျှသာရှိသေးသည်။ ပထမဦးဆုံး ဒီမိုကရေစီအစိုးရ လက်ထက်တွင် စစ်မှန်၍စည်းကမ်းပြည့်ဝသောဒီမိုကရေစီကို ကျင့်သုံးပြီး တိုင်းပြည်ကောင်းအောင် လုပ်ဆောင်သွားခဲ့သည်။ တိုင်းပြည်နှင့်လူမျိုးအနာဂတ် အတွက် ကြီးမားသော အန္တရာယ်ဖြစ်လာမည့် လူမျိုးတစ်မျိုးနာမည်ကိုပင် ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ ဘင်္ဂါလီသည် ဘင်္ဂါလီသာဖြစ်ရမည်။ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း နိုင်ငံတကာအလယ်တွင် ရဲဝံ့စွာပြောဆိုခဲ့သည်။

ဒုတိယဒီမိုကရေစီအစိုးရလက်ထက်တွင် မြန်မာ့အရေးထက် နိုင်ငံတကာအရေးကို ဦးစားပေးခဲ့သည်။ နောက်ဆုံးတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJဲ) သို့ပင်ရောက်ရှိခဲ့ရသည်အထိ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်။

ဒုတိယအစိုးရသက်တမ်းတွင် အဘယ့်ကြောင့် ဤကဲ့သို့ဖြစ်သွားရသနည်း ဆိုသောမေးခွန်းကို အဖြေရှာကြည့်သောအခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အယူအဆမှန်ကန်ကြောင်း တွေ့ရှိရသည်။

ထိုစဉ်က လူကိုမကြည့်ဘဲ ပါတီကိုသာကြည့်ခဲ့သည့်အတွက် တိုင်းပြည်အတွက် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည်။

အရည်အချင်းမရှိသူများကို နေရာပေးလိုက်မိသောအခါ ထိုသူများကလည်း သူတစ်ပါးကို ပြန်လည်အားကိုးရတော့သည်။ ထို့ကြောင့် ပြည်ပအကြံပေးများခန့်ထားကာ တိုင်းပြည်အရေးကို စီမံခိုင်းရတော့သည်။ ပြည်ပအကြံပေးများ၏ အကြံပေးချက်အရ စတင်လုပ်ဆောင်သည်မှာ Facebook ကဲ့သို့ ဆိုရှယ်မီဒီယာကို မြန်မာကျပ်ငွေ သန်းပေါင်းခြောက်ထောင်ကျော် သုံးစွဲကာ ထိန်းချုပ်ထားခြင်းဖြစ်သည်။

ြီူ ပါတီနှင့်အစိုးရကို မထောက်ခံသူများ၏ ဆန္ဒနှင့်အသံကို ဆိုရှယ်မီဒီယာပေါ်တွင် ထိန်းချုပ် ထားပြီး ထောက်ခံသူများ၏ အသံများသာလွှမ်းမိုးအောင် ငွေကြေးအကူအညီ၊ နည်းပညာ အကူအညီများဖြင့် လုပ်ဆောင်ခဲ့ကြသည်။ အချို့နိုင်ငံများ၏ ထောက်ပံ့မှုဖြင့် Activists များ၊ Journalists များ၊ Social Influencers  များမွေးမြူခြင်းကို ချိတ်ဆက်ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့နေရသော ချဲ့ကားထားသည့်ဖြစ်စဉ်များမှာ NLD  ကို ပြည်သူတစ်ရပ်လုံးက ထောက်ခံနေသယောင် ထင်မှတ်မှားနေကြသည်။

ထိုသို့ဖြစ်စေအောင်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီတွင် အုံလိုက်ကျင်းလိုက် ဝါဒဖြန့်ပေး ခဲ့ကြသည်။ မစားရဝခမန်း ပြောဆိုစည်းရုံးခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ အနေဖြင့် First-past-the-post (FPTP)  ရွေးကောက်ပွဲစနစ်ကြောင့် သောင်ပြိုကမ်းပြိုနိုင်ခဲ့သည်ဟု ဆိုသော်လည်း လက်တွေ့မှာ မဲလာပေးသူ ၂၆ သန်းကျော်တွင် ယင်းပါတီရရှိခဲ့သော ထောက်ခံမဲမှာ ၁၂ သန်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။ မဲလာပေးသည့်ပြည်သူများ၂၆ သန်း တွင် ၁၄ သန်းကျော်က မထောက်ခံခဲ့သည်မှာ ထင်ရှားသည့် အချက်ဖြစ်သည်။ သို့သော် အစဉ်တစိုက် ဆိုရှယ်မီဒီယာကို ထိန်းချုပ်ကာ ထောက်ခံသူများ၏ အသံကိုသာ ကမ္ဘာကသိရှိနေခြင်းကြောင့် ထို ၁၄ သန်း ကျော် အကြောင်းကို သိရှိသူနည်းပါးခြင်းဖြစ်သည်။

အနောက်နိုင်ငံအချို့က ထိုပါတီကို  မြန်မာပြည်သူတစ်ရပ်လုံးက ထောက်ခံနေသယောင် ထင်မှတ် မှားနေသည်။ ငါးနှစ်တာ ကာလအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှာ မအောင်မြင်ခဲ့သည့်အပြင် တိုင်းရင်းသားများနှင့် အဆင်မပြေဖြစ်ခဲ့ရခြင်းကြောင့် ပြည်သူလူထု၏ ထောက်ခံမှု ထပ်မံကျဆင်းခဲ့သည်။အဆိုးဆုံးလုပ်ရပ်များမှာ မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးဘာသာ၊ သာသနာကို ညှိုးနွမ်း အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုလုပ်ဆောင်ချက်ကြောင့် NLD ပါတီမှဆင်းသက်လာသော CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်သမားတို့သည် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့အပေါ် ကိုယ်ထိလက်ရောက်ပြစ်မှုကျူးလွန်နေခြင်းက သက်သေပြလျက်ရှိသည်။ဒီမိုကရေစီစနစ် ရင့်ကျက်ရှင်သန်ခြင်း မရှိသေးမီမှာပင် ဒီမိုကရေစီစနစ်ကို ပျက်ယွင်းအောင် လုပ်ဆောင်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် အပြောင်းအလဲ တစ်ရပ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဒီမိုကရေစီတစ်ရပ်ကို အကောင်အထည်ဖော် တည်ဆောက်ရာတွင် မြန်မာ့ဒီမိုကရေစီ ယဉ်ကျေးမှုလူ့ဘောင်ကို ထည့်သွင်းစဉ်းစားမှသာ အောင်မြင်မည်ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။    ။