သီရိလင်္ကာနိုင်ငံ၌ ပုံနှိပ်စက္ကူပြတ်လပ်မှုကြောင့် စာသင်ကျောင်း အသီးသီးမှ သန်းပေါင်းများစွာသော ကျောင်းသားများ စာမေးပွဲဖြေဆိုမှုကို ဖျက်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူများက မတ် ၁၉ ရက်တွင် ပြောသည်။
သီရိလင်္ကာနိုင်ငံသည် ၁၉၄၈ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး သွင်းကုန်များအပေါ် ငွေကြေးပေးချေနိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ပုံနှိပ်စက္ကူပြတ်လပ်မှုနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။
နိုင်ငံအတွင်း စက္ကူအရေးပေါ် လိုအပ်မှုကြောင့် မတ် ၂၁ ရက်တွင် စတင်ရန် စီစဉ်ထားသည့် ကျောင်းသားများ၏ စာမေးပွဲဖြေဆိုမှုကို ဖျက်သိမ်းလိုက်ကြောင်း ပညာရေး တာဝန်ရှိသူများက ပြောသည်။
သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားအရန်ငွေကြေးနည်းပါးမှုကြောင့် အရေးကြီးသော ပြည်ပသွင်းကုန်များကို ငွေပေးချေနိုင်ခြင်း မရှိသည့်အတွက် နိုင်ငံအတွင်း အစားအစာ၊ လောင်စာနှင့် ဆေးဝါးများ နည်းပါးနေသည်။
သီရိလင်္ကာ အစိုးရအနေဖြင့် ယခုနှစ်တွင် ပေးချေရမည့်ကြွေးမြီ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ ရှိသော်လည်း ဖေဖော်ဝါရီလကုန်အထိ နိုင်ငံခြားအရန် ငွေကြေးမှာ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ခန့်သာရှိကြောင်း သိရသည်။
Ref: TST