ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်  မတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်   တာဝန်ရှိသူများက စေတီတော်မြတ်ကြီးရှိ   ဂေါပကအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံအမှာစကားများ ပြောကြားသည်။ ထို့နောက် အလှည့်ကျသဘာပတိက ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တင်ပြချက်အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည်  လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီး သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက  စေတီတော်မြတ်ကြီး၏   ရင်ပြင်တော်နှင့် အထက်ပစ္စယာ၌   အမှိုက်များ ရှင်းလင်းခြင်း၊ ရေဆေးကြော သန့်စင်ပေးခြင်း စသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။