ကာကွယ်ရေးအင်အားတောင့်တင်းခိုင်မာရေး

နိုင်ငံတစ်နိုင်ငံတွင် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ပေးမည့် တပ်မတော်တစ်ရပ် ရှိနေရမည် ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော် နေထိုင်သော နိုင်ငံအဖို့ တပ်မတော်တစ်ရပ်ရှိနေစေရန် ပိုမိုလိုအပ်လှပေသည်။ ထိုတပ်မတော်တစ်ရပ်သည် အင်အားရှိနေရမည်ဖြစ်သည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသောဆောင်ပုဒ်သည် အမြဲတမ်း မှန်ကန်နေသော အယူအဆဆောင်ပုဒ်ဖြစ်သည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးလုံးတွင် တပ်မတော်သည် အင်အားရှိနေရမည် ဖြစ်ပါသည်။

ပုဂံခေတ်ကာလမှ ဆစ်ပိုင်း၍ မြန်မာ့သမိုင်းကို ပြန်လည်လေ့လာမည်ဆိုလျှင် တပ်မတော်အင်အား ကြီးမားသောကာလတွင် တည်ရှိနေသောနိုင်ငံ၏ အခြေအနေနှင့် တပ်မတော်အင်အား လျော့နည်းသောကာလ တွင်ရှိခဲ့သောနိုင်ငံ အခြေအနေတို့ လွန်စွာကွဲပြားသည်ကို လေ့လာသိရှိနိုင်သည်။ နိုင်ငံတော်သမိုင်းနှင့် တပ်မတော်သမိုင်းတို့ ထက်ကြပ်မကွာ ရှိနေသည်မှာ ရှေးယခင်ခေတ် ကာလများစွာမှ ယနေ့တိုင်ဖြစ်ပေသည်။

ပထမမြန်မာနိုင်ငံတော် တည်ထောင်သူအဖြစ် မော်ကွန်းတင်ထားသော အနော်ရထာမင်းမြတ်၊ ကျန်စစ်သား မင်းကြီး၊ အလောင်းစည်သူတို့၏ လက်ထက်တွင် အင်အားတောင့်တင်းသော တပ်မတော်ရှိနေသည့်အတွက် အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ဘာသာသာသနာဂုဏ်ရှိန်မောက်၍ထွန်းတောက်ခဲ့သည်။ သို့သော်နရသီဟ ပတေ့ကဲ့သို့သောမင်းလက်ထက်တွင် စစ်ပွဲများကိုနိုင်အောင် တိုက်နိုင်စွမ်းလျော့နည်း လာသည့်အတွက် ပထမမြန်မာနိုင်ငံတော်သည် ကျဆုံးသွားခဲ့သည်။

ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင် မြန်မာ တို့အောင်သပြေပန်းနှင့် အောင်ပန်းပန်ဆင်နိုင်ခဲ့ကြသည်။ တပ်မတော်အင်အား၊ ပြည်သူ့စွမ်းအားများဖြင့် ထိုခေတ်ကာလက အင်ပါယာနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး၏ အမွေကို ဆက်ခံသော သားတော်နန္ဒဘုရင်သည် မိဘအမွေအနှစ်ကိုစောင့်ထိန်းရန်အားနည်းခဲ့သည်။ အခြားသား တော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းသား ရှိနေသောကြောင့် ဒုတိယမြန်မာနိုင်ငံတော်သည် အခြေအနေ မပျက်ယွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်ထိုညောင်ရမ်းမင်းဆက်၏ နောက်ဆုံးဟု ဆိုရမည့် မဟာဓမ္မရာဇာဓိပတိ လက်ထက်တွင် ဒုတိယမြန်မာနိုင်ငံတော်သည် ကွယ်ပျောက်ခဲ့ရသည်။ ကွယ်ပျောက်ရခြင်း အကြောင်းရင်းမှာ တပ်မတော်အင်အားမရှိခြင်းကြောင့် ဖြစ်ပေသည်။ ဟံသာဝတီရောက်မင်းအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။

တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်သူအဖြစ်  အလောင်းမင်းတရားကြီးကို  မော်ကွန်း  တင်ထားကြသည်။ ထိုမင်းတရားကြီးသည်ကား မြန်မာတစ်နိုင်ငံလုံးကို စုစုစည်းစည်းဖြစ်အောင် စစ်ရေး စစ်ရာဖြင့်လည်းကောင်း၊ သံတမန်ရေးရာဖြင့် လည်းကောင်းစွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ တပ်မတော်တစ်ရပ် ဖြစ်ပေါ်လာဖို့အတွက် သွေးသောက်ရဲဘော် ၆၈ ယောက်ဖြင့် စတင်ခဲ့ရသည်။ တစ်ဖက်က စစ်တိုက်ခြင်း ဖြင့်စည်းရုံး သိမ်းသွင်းနေရသလို တစ်ဖက်တွင်လည်း ပြည်သူတို့၏ စားဝတ်နေရေးအတွက် စီမံဆောင်ရွက် ပေးရသည်။ ဆည်မြောင်းကန်ချောင်းများ ဖောက်လုပ်ခြင်း၊ မူးမြစ်မှရေကို သွယ်ယူကာ လယ်ယာစိုက်ပျိုးစေ ခြင်းတို့ဖြင့် စားရေရိက္ခာဖူလုံအောင် ဆောင်ရွက်ရသည်။ ဘာသာသာသနာကိုလည်း အထူးချီးမြှင့်မြှောက် စားခဲ့သည်။

မဟာဂီတသီချင်းများတွင် အလောင်းမင်းတရားကြီး၏ နိုင်ငံတော်စားရေရိက္ခာဖူလုံရေး ဆောင်ရွက်ချက်ကို မှတ်တမ်းပြုရေးသား ဖွဲ့ဆိုထားသည့် သီချင်းတစ်ပုဒ်ရှိသည်။ အလောင်းမင်းတရားကြီး မူးမြစ်ကိုဆယ် တော်မူစဉ်ရေးသားဆက်သွင်းသော သာနိုးပျော်ဖွယ်ကြိုးဟောင်း၊ (သက္ကရာဇ် ၁၁၂၀ ပြည့်နှစ်) ကြိုးသီချင်း တစ်ပုဒ်တွင် ကြောက်ဖွယ့်ဘုန်းတန်း၊ ဖြစ်ခဲ့ထူးဆန်း၊ ရန်သူဆိုကဝေးတောင်း၊  သိုက်ကျမင်းလောင်း၊ ဂိမှာန်ကာလကူးပြောင်း၊ ပေါက်လုမူးကြောင်း၊ မူးမြစ်သီတာ၊ ချမ်းအေးကြည်စွာ၊ နန်းရန်ကမ်းသို့ ရောက်ချည့်လေ၊

ပြွန်တာရည်ဆောင် ကုန်းဘောင်ပြည်သို့ ပေါက်ချည့်လေး ဟူ၍ရေးသားပါရှိသည်။ ထိုကုန်းဘောင်ခေတ်ကို စတင်တည်ထောင်သူ အလောင်းမင်းတရားကြီးသည် အင်အားကြီးမားသော တပ်မတော်တစ်ရပ်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ကိုယ်တိုင်လည်းစစ်တိုက်ခဲ့သူဘုရင်တစ်ပါးဖြစ်သည်။ ပြည်သူလူထု၏ စားဝတ်နေရေးကိုလည်း အထူးအလေးထားခဲ့သူ ဖြစ်ကြောင်း ဤသီချင်းက ညွှန်းဆိုလျက်ရှိသည်။

တပ်မတော်ကိုအလေးမထား၊ စစ်ကိုလည်းနိုင်အောင်မတိုက်နိုင်၊ စစ်မြေပြင်အတွေ့အကြုံလည်း မရှိခဲ့သော ဘကြီးတော်မင်း၊ ပုဂံမင်းနှင့်သီပေါမင်းတို့ လက်ထက်တွင် အင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ်ဖြစ်ပွားပြီး မြန်မာတို့ထီးနန်း ပျောက်ကွယ်ခြင်းနှင့်အတူ မြန်မာ့တပ်မတော်သည်လည်းကွယ်ပျောက်ခဲ့ရသည်။ ဤဖြစ်စဉ်ကို လူငယ်မောင်မယ်တို့ လေ့လာသိရှိသင့်သည်။ တပ်မတော်တစ်ရပ်အင်အားရှိနေဖို့ လိုအပ်ကြောင်း သမိုင်းဖြစ်ရပ်မှန်များက သက်သေပြလျက်ရှိသည်ကို မြင်အောင်ကြည့်သင့်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ အထူးသဖြင့် လူငယ်တို့၏ အဓိကတာဝန်ဖြစ်သည်။ ငါတို့နိုင်ငံကိုငါတို့ချစ်ကြရမည်။ ငါတို့တပ်မတော်ကို ငါတို့မြတ်နိုးကြရမည်ဟူသော စိတ်ကိုမွေးကြရမည်။ အထူးသဖြင့် အမျိုးသားများနည်းတူ နိုင်ငံအတွက် အမျိုးသမီးများလည်း စစ်မှုထမ်းလျက် ရှိနေကြချိန်တွင် တချို့လူငယ်လူရွယ်အမျိုးသားငယ်၊ အမျိုးသမီးငယ်များအနေဖြင့် ခံယူရပ်တည်ချက်အမှားများနှင့် လမ်းမှား မလိုက်မိစေဘဲ နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်သယ်ပိုးနိုင်ကြရန် အထူးပင် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။  ။