ဉာဏ်နှင့်ယှဉ်သော ဝီရိယထားရှိကြပါ

အဆောက်အအုံပြု၍နေကြသောငှက်အမျိုးမျိုးတို့အနက် စာဝတီးခေါ်သောငှက်တို့သည် အံ့ဖွယ်ဖြစ်သည်။ နေရာထိုင်ခင်းနှင့ ်ပတ်သက်၍ လွန်စွာအသန့်အပြန့်ကြိုက်သည်။ ကြိုက်သည့်အတိုင်းလည်း နေစရာအဆောက်အအုံ၊ အသိုက်အမြုံကို သပ်သပ်ရပ်ရပ် တည်ဆောက်ကာနေလေ့ရှိသည်။ နေသောအခါ၌လည်း မြင့်သောနေရာကိုမှရွေး၍နေတတ်သည်။ ကရဝိက်၊ ကြိုးကြာ၊ ဟင်္သာ စသောအခြားငှက်တို့သည် သူ့ထက်အကောင်ကြီးမားပြီး အဆင်းအားဖြင့်လည်း သူ့ထက်လှလျှင်သာလှကြမည်။ အနေအထိုင်နှင့်ပတ်သက်လျှင်ကား သူ့ကိုမမီကြ၊ သူ့လိုထည်ထည်ဝါဝါသန့်သန့်ပြန့်ပြန့် မနေတတ်ကြရှာပေ။

စာဝတီးငှက်သည် ဖြစ်ကတတ်ဆန်းမျှနေလေ့မရှိ။ အကောင်သေးသလောက် ဉာဏ်လည်းကြီးလှသည်။

ဇွဲလည်းကောင်းလှသည်။ အကြံအဖန်နှလုံးရည်လည်းပြည့်ဝလှသည်။ အနေလည်းခံ့၏။ လက်ရာလည်းသန့်၏။ သူ့လက်ရာကား ငှက်အချင်းချင်းကိုမဆိုထားဘိ၊ လူသားတို့သော်မှပင် လက်ခုပ်ရိုက်တီးကာ အံ့ချီးယူရလောက်အောင် ပြောင်မြောက်လှသည်။ ဆောက်လုပ်ရေးပါရဂူ အင်ဂျင်နီယာကြီးများကပင် လက်ဖျား

ခါယူကြရသည်။ ထို့ကြောင့် သူ့ကိုဆောက်လုပ်ရေးဘက်တွင် ပါရဂူမြောက်တံခွန်ဆောက်ကျွမ်းကျင်လှသော အင်ဂျင်နီယာငှက်ဟူ၍ပင် ဆိုသင့်နေတော့သည်။ သူ့လက်ရာ၊ သူ့အဆောက်အအုံ၊ သူ့ရိပ်မြုံ၊ သူ့ဗိမာန်ကို ကြည့်ပါလေဦး။ အာကာသဝေဟင်နန်းပေါ်ဝယ် ထန်းပင်ကြီးများ၏အဖျား၌လည်းကောင်း၊ အခြား သစ်ပင်ကြီးများ၏ အဖျား၌လည်းကောင်း မြင်နိုင်သည်။  စာပေါင်းသိုက်ခေါ် စာဘူးတောင်းကား သူ့လက်ရာ၊ သူ့အသိုက်အအုံ၊ သူ့ရိပ်မြုံပေတကား။ ဤသည်မှာ ဒဂုန်ဦးစန်းငွေ၏ စာဘူးတောင်းနှင့်ပတ်သက်၍ ရေးသားချက်ဖြစ်သည်။

ယနေ့ခေတ် စာပေဝါသနာပါသူအချို့သည် စာဘူးတောင်းဟူသောအမည်နာမကို ငှက်တစ်ကောင်အမည်ထင်၍ စာဖွဲ့၊ ကဗျာဖွဲ့ကြသည်။ စာဘူးတောင်းဆိုသည်မှာ ငှက်မဟုတ်ဘဲ စာဝတီးငှက်တို့၏ ငှက်ဘုံငှက်နန်းကို ဆိုလိုခြင်းဖြစ်သည်။ စာဘူးတောင်း၏ပုံသဏ္ဌာန်မှာ အနီးကပ်ဆုံးအားဖြင့် ဖန်မီးအိမ်ပြောင်းရှည်ကို ဇောက်ထိုးဆွဲချထားသည်နှင့် အလွန်တူသည်။ အလျား ၂၀ လက်မ ပတ်ဝန်းကျင်နှင့် လုံးပတ်မှာထွာဆိုင် သာသာရှိသည်။ မြက်မှိုက်အချောင်းအမျှင် ကလေးများကိုစီ၍ ရက်ကန်းရက်သလိုရက်ထားသည်။ သစ်ပင်များ၏ ထိပ်ဖျားတွင် တွဲလျားခိုကာ လှုပ်လီလှုပ်လဲ့ တနွဲ့နွဲ့နှင့် လေကစားရာသို့ကြွား တလူလူဝေလျက်ရှိနေသည်။ စာဘူးတောင်း၏ထက်ဝက်ခန့် တစ်ပေလောက်တွင် နေစရာကျင်းချိုင့်ကလေးဖွဲ့ထားပြီး ၎င်း၏အတွင်းသို့ လေ၊ နေ၊ မိုး မထိုးဖောက်နိုင်အောင် ကျင်းချိုင့်၏အောက်မှဆက်၍ တစ်ပေခန့်ရှည်လျားသောပြောင်း၊ ဘူးတောင်းတပ်၍ကာထားသည်။ အတွင်းသို့ဝင်လျှင် ထိုပြောင်းဝမှပင်ဝင်သည်။

စာဝတီးငှက်တို့၏စွမ်းဆောင်ရည်ကား ယနေ့ခေတ်မှ ပေါ်ပေါက်လာသည်မဟုတ်ပေ။ မြတ်စွာဘုရားရှင် လက်ထက်က ကောလိယမင်းသားသည် စာဝတီးငှက်၏စာဘူးတောင်း အဆောက်အအုံကို ကြည့်ကာ တအံ့တသြဖြစ်ခဲ့သည်။ ထို့ကြောင့် သူသိချင်သော အကြောင်းအရာ အချက်များကို မြတ်စွာဘုရားထံမေးလျှောက်

လေသည်။ ဘုရားရှင်၏ ဖြေကြားချက်သည် ယနေ့တိုင်လူသားတို့ ကျင့်သုံးလိုက်နာစရာ ဖြစ်သည်။ ဘုရားရှင်က ချမ်းသာစွာ နေထိုင်နည်းနှင့် ကြီးပွားရေးလမ်းစကို ဟောတော်မူသည်။

ကောလိယမင်းသား-ကြီးပွားမှုကို တားဆီးဟန့်တားထားတတ်သည်ကား ပျင်းရိခြင်းတည်း။ လူ့ဘဝစည်းစိမ်ကို ကောင်းစွာ ခံစားစံစားလိုသူဖြစ်လျက် ပျင်းရိနေခဲ့သော် အဘယ်မှာလျှင်ကြီးပွားမည်နည်း။ ထို့ကြောင့် လူဖြစ်လာခိုက်ကြီးပွားချမ်းသာစစ်စစ်ကို လိုလားဘိမူ ပျင်းရိခြင်းကို ဖယ်ရှားရာသည်။ မိမိစိတ်ကို အိပ်မောကျ၍

မနေစေဘဲ အမြဲတစေ နိုးနိုးကြားကြား ထထကြွကြွ ရှိနေစေရာသည်။ အလုပ်တစ်ခုကိုလုပ်ရာတွင် မဆုတ်မနစ်သော လုံ့လ၊ ကြံ့ခိုင်သောဇွဲဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင်ရာသည်။ ဉာဏ်နှင့်ယှဉ်သော ဝီရိယမျိုးထားရှိရာသည်။ ကျောက်ဖျာထက်တွင် ရေတွင်းတူးသောကြိုးစားမှုမျိုး၊ အထည်မျိုးစုံ ထုတ်လုပ်သောဒေသ၌ အထည်ဆိုင်ဖွင့်ခြင်းမျိုးသည် အဘယ်မှာလျှင်အကျိုးရှိမည်နည်း။

အကြင်သူသည် လယ်လုပ်ခြင်းအတတ်ကို ကောင်းစွာကျွမ်းကျင်သူဖြစ်လျက် ကိုယ်တိုင်လည်းလယ်လုပ် တတ်ရာသည်။ သူတစ်ပါးကိုလည်း စနစ်တကျခိုင်းတတ်စေတတ်ရှိရာသည်။ မိမိ၏သွေးချွေးတို့ဖြင့် ရင်းနှီးစုဆောင်းမှုအရ စီးပွားဖြစ်လာသောအခါ ရရှိပြီးသားစည်းစိမ်ဥစ္စာတို့ကိုမပျက်မစီးရအောင် ထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်တတ်ရာသည်။ မိုးရွာပါလျက် ကန်သင်းပေါင်မရှိသဖြင့် ရေမတင်သော လယ်ကွက်ကဲ့သို့ မဖြစ်စေရာ။ ရပြီးသောဥစ္စာတို့ကိုချိန်ဆ၍ အဝင်နှင့်အထွက်မျှတစွာ သုံးစွဲတတ်ရာသည်။ ထို့ပြင် အရေးတစ်စုံတစ်ရာ ကိုယ်၌ကြုံလာသောအခါ အထောက်အကူရရှိရေးအတွက် မိတ်ကောင်း ဆွေကောင်းနှင့်လည်း ပေါင်းထားရာသည်။

ဤသည်မှာ ကောလိယမင်းသားအား ဘုရားရှင်မိန့်ကြားချက်ဖြစ်သည်။ အနှစ်ချုပ်ပါက ကြိုးစားရှာပါ။ ကောင်းစွာစောင့်ရှောက်ပါ။ ဝင်ပေါက်နှင့်ထွက်ပေါက်မျှတပါစေ။ မိတ်ဆွေကောင်းကို ပေါင်းပါလေဟူ၍ ဖြစ်သည်။ ကောလိယမင်းသားသည် စာဝတီးငှက်၏အဆောက်အအုံသပ်ရပ်စွာတည်ဆောက်လျက် ထည်ဝါ ခံ့ညားစွာနေတတ်သည်ကိုကြည့်၍ အံ့သြနေသည်။ လူသားတို့ကား ဤငှက်ငယ်လောက်မှသပ်ရပ်စွာမနေ နိုင်ကြပါတကား။ သူတို့ခမျာလုပ်ရကိုင်ရသည်မှာလည်း ဖတ်ဖတ်မော၊ နေပူမိုးရွာမရှောင်လုပ်ကိုင်ကြပါကုန် လျက်လည်း စားကောင်းခြင်းမစားရ၊ နေကောင်းခြင်းမနေကြရသည်မှာ အဘယ်ကြောင့်နည်းဟူ၍ တွေးမိရာ မှ မြတ်စွာဘုရားရှင်ထံ မိမိသိလိုသမျှမေးမြန်းလျှောက်ထားခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်၏မိန့်ကြားချက်များသည် လူသားတို့လူဖြစ်ရကျိုးနပ်စွာဖြင့် တင့်တောင်းတင့်တယ်၊ ချမ်းချမ်းသာသာနေထိုင်နည်းကို ဟောတော်မူခြင်း ဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပေသည်။  ။