ကောင်းသောအမွေကိုဆက်ခံ၍ ထပ်မံလက်ဆင့်ကမ်း

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မြန်မာတို့အတွက်ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်သော တပ်မတော်တစ်ရပ်စတင်ပေါ်ပေါက်လာသည်။ ရဲဘော်သုံးကျိပ်ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ထိုင်းနိုင်ငံတွင် စတင်ဖွဲ့စည်းစဉ်က လူအင်အား ၂၀၀ မျှသာရှိသည်။ တပ်မတော်စစ်ကြောင်းချီတက်ရာ လမ်းတစ်လျှောက် မျိုးချစ်စိတ်ရှိသူရဟန်းရှင်လူပြည်သူအပေါင်းက  သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး  သာသနာ့ဘောင်တွင်  ရှင်ရဟန်းပြုနေသူတို့က  သာသနာ့ဘောင်မှ ထွက်၍လည်းကောင်း၊  တောင်သူလယ်သမားတို့က လယ်ယာများကို စွန့်ခွာ၍လည်းကောင်း၊  အလုပ်သမားတို့က လုပ်ငန်းခွင်ကို စွန့်၍လည်းကောင်း၊ ကုန်သည်ပွဲစားတို့က ကုန်ရောင်းကုန်ဝယ်ကို စွန့်၍လည်းကောင်း ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်အမှုထမ်းကြသည့်အတွက် အင်အားမှာ နှစ်သောင်းခန့်အထိ ကြီးမားလာခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်များနှင့်အတူ နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်ထုတ်နိုင်ခဲ့သည်။

အင်္ဂလိပ်တို့မြန်မာနိုင်ငံမှ ဆုတ်ခွာပြီးချိန်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၏အင်အားမှာ ငါးသောင်းမျှရှိပြီ ဖြစ်သည်။ မြန်မာတို့သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးအတွက် ကြိုးပမ်းရာတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့ပြည်ပတွင် စစ်ပညာသင်ယူနေချိန်၌ ပြည်တွင်းတွင်လည်း ပြည်တွင်းတော်လှန်

ရေးအဖွဲ့များကိုဖွဲ့စည်းထားရှိပြီးဖြစ်သည်။ ထို့ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အင်အား များပြားခြင်းနှင့်အတူ အောင်မြင်မှုလည်း များပြားခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဂျပန်တို့ အထင်မသေးဝံ့တော့။ ကြောက်ရွံ့၍ပင်လာချေပြီ။ ထို့ကြောင့်ဂျပန်တို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖျက်သိမ်း၍ ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ဟု အမည်ပြောင်းကာ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

တပ်အင်အားကိုလည်း ၃၀၀၀ မျှသာထားရှိသည်။

ဂျပန်တို့သည် မြန်မာတို့အပေါ်အကူအညီပေးစဉ်က မော်လမြိုင်မြို့ကိုသိမ်းပိုက်ပြီးသည်နှင့် မြန်မာ ပြည်ကိုလွတ်လပ်ရေး ပေးမည်ဟု ကတိပြုခဲ့သည်။ မော်လမြိုင်ကိုသိမ်းပိုက်ပြီးရုံမျှမက တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးသော်လည်း လွတ်လပ်ရေး ကြေညာရန် ကတိပျက်ကွက်ခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ် ရက်နေ့ ရောက်မှသာ မြန်မာပြည်ကို လွတ်လပ်ရေးပေးကြောင်း ကြေညာပြီး သူတို့အလိုကျ ရုပ်သေးအစိုးရကို ဖွဲ့စည်း ပေးခဲ့သည်။ မြန်မာတို့ကား အမှန်တကယ်လွတ်လပ်ရေးရရှိခဲ့သည်မဟုတ်ဘဲ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ် ခြင်းခံနေရသည်။ တောသူတောင်သားတို့ဘဝမှာ ပိုမို၍ဆိုးရွားလွန်းလှသည်။ ဂျပန်တို့အတွက်စားနပ်ရိက္ခာ မျိုးစုံဖြည့်ဆည်းရှာဖွေပေးနေရသည်။

ဂျပန်ခေတ်ဟုဆိုလိုက်သည်နှင့် ရှေးကဘိုးဘွားတို့ ကျောကော့အောင် လှိမ့်ခံခဲ့ရသော ချွေးတပ် အကြောင်းကပေါ်လာသည်။ ဂျပန်တို့သည် ယိုးဒယားနှင့်မြန်မာနှစ်နိုင်ငံ ကုန်းလမ်းဆက်သွယ်ရေးအတွက် မီးရထားလမ်းဖောက်လုပ်ရန် စီစဉ်သည်။ ၎င်းမီးရထားလမ်းဖောက်လုပ်ပြီးစီးသွားလျှင် ကုန်ပစ္စည်းများပေါများ လာကာ  ကုန်ဈေးနှုန်းများလျော့ကျသွားမည်ဟု ဟောပြောကြသည်။ ဂျပန်နိုင်ငံမှ ကုန်ပစ္စည်း အမျိုးမျိုးတို့သည် လည်း ဤမီးရထားလမ်းမှ အများအပြားရောက်ရှိလာတော့မည်ဟု ဆိုကြသည်။ တပ်မတော်သားတို့သည် အသက်သွေးဖြင့် နိုင်ငံတော်ကို ကာကွယ်နေသကဲ့သို့ အလုပ်သမားများသည်လည်း မိမိတို့ချွေးဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်သူများဖြစ်သည့်အတွက် ၎င်းတို့ကို ချွေးတပ်သားများဟုခေါ်ဆိုခဲ့သည်။ သူတို့ကို ကူလီဟုမခေါ်ရန်လည်း အမိန့်ထုတ်ထားသည်။ ထို့ကြောင့် ဂျပန်ခေတ်ဟု ဆိုလိုက်သည်နှင့် ချွေးတပ်သားတို့၏ မီးရထားလမ်းဖောက်လုပ်ခြင်းကို တွေးမြင်မိခြင်း ဖြစ်သည်။

ချွေးတပ်သားမှန်သမျှမှာ အနေအထိုင်ဆင်းရဲလှသည်။ နာမကျန်းဖြစ်လျှင်ဆေးဝါးမရှိ။ ငှက်ဖျားက လည်းထူလှသည်။ အချိန်တန်သော်လည်း မိမိတို့နေရပ်သို့ပြန်ခွင့်မပေး။ စခန်းအတွင်းမှာပင်အလုပ်လုပ်ရင်း သေဆုံးသွား ကြသူများမှာလွန်စွာများပြားလှသည်။ ဂျပန်တို့ကိုပူးပေါင်းမိသော ဗိုလ်ချုပ်အောင်ဆန်းသည်လည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်စဉ်ကာလမှ စတင်၍ တစ်နေ့နေ့တွင် ဂျပန်တို့ကို ပြန်လည်မောင်းထုတ်ရန် ဆန္ဒကြီးမားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက မတ်လ ၁၇ ရက်နေ့တွင် အနီးကပ်ဆုံးရန်သူကို တိုက်ထုတ်ရန် စစ်ထွက် မိန့်ခွန်းပြောကြား၍ ဗမာ့ကာကွယ်ရေးတပ်မတော်သားများ ရှေ့တန်း စစ်မြေပြင်သို့ ချီတက်ခဲ့ကြသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည် ပြည်သူတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့ကြသည်။ ထိုနေ့မှစ၍ တပ်မတော်သည် မည်သူ၏ သြဇာခံမှ မဟုတ်တော့သည့်အတွက် ထိုနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ရှေးက ဘိုးဘွားတို့ခေတ်က ပြည်သူတို့သည် လည်းကောင်း၊ တပ်မတော်သားတို့သည်လည်းကောင်း နိုင်ငံတော်အတွက်တာဝန်ကျေပွန်ခဲ့ကြသည်။ နိုင်ငံတော် ကာကွယ်ရေးကို အလေးထားခဲ့ကြသည်။ ဘိုးဘွားတို့ပေးသော အမွေကောင်းကို ဆက်ခံထိန်းသိမ်းလျက် မျိုးဆက်သစ်တို့ထံ ထပ်မံလက်ဆင့်ကမ်းရမည် ဖြစ်ပေရာ ကောင်းသောအမွေကို ဆက်လက်ထိန်းသိမ်းကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။