နိုင်ငံတော်ကာကွယ်ရေးဆိုရာတွင်
အယ်ဒီတာ့အာဘော်
(၂ဝ၂၂ ခုနှစ်၊ မတ် ၂၃ ရက်)
''နိုင်ငံတော်ကာကွယ်ရေးဟူသည့် နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကို ထိပါးလာမည့်ပြည်တွင်း/ပြည်ပအန္တရာယ်များကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားရန် ဖြစ်သော်လည်း ယနေ့ခေတ်အချိန် ကာလတွင်မူစစ်ရေးနည်းလမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှု စသည့်အန္တရာယ်များကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း'' နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်က ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ပါသည်။
တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ကို တည်ဆောက်လျက်ရှိပါသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်မတော်သားတို့၏ ကာကွယ်ရေးစွမ်းအားမှာ မိမိနိုင်ငံကို မိမိတို့ကောင်းစွာ ကာကွယ်စောင့်ရှောက်နိုင်သော အခြေအနေတွင်ရှိသည်။ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်ဟူသော စွမ်းရည် (၃) ရပ်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းထားသည့်အတွက် နိုင်ငံတော်နှင့်နိုင်ငံသားများ ဘေးဒုက္ခနှင့်ကြုံရလေတိုင်း ဦးဆောင် ကာကွယ်နိုင်ခဲ့သည်။ ကာကွယ်စောင့်ရှောက်လျက်လည်း ရှိနေသည်။
မြန်မာနိုင်ငံတွင် တပ်မတော်အင်အား တောင့်တင်းနေမည်ကို မလိုလားသော ပြည်တွင်းအင်အားစု တချို့နှင့်ပြည်ပနိုင်ငံတချို့တို့သည် တပ်မတော်ပြိုကွဲရေး၊ နိုင်ငံတော်ပျက်စီးရေးကို အစဉ်တစိုက် လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် သတင်းမှားဖြန့်ချိခြင်းနှင့် ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်ခံရမှုသည် နိုင်ငံသားတို့အတွက် လွန်စွာအန္တရာယ်ကြီးမားလှသည်။ သတင်းမှားကြောင့် လူငယ်လူရွယ်တို့ အနာဂတ်ပျက်စီးသွားကြသည်။ နိုင်ငံတော်က သတင်းမှန်များမည်သို့ပင် ထုတ်လွှင့်ပေးနေသော်လည်း သတင်းမှန်ထက် သတင်းအမှားကို ယုံကြည်မိသွားသော လူငယ်များ၏စိတ်တွင် အဆိုးမြင်အသိတရားတို့လွှမ်းမိုးသွားကြတော့သည်။ သူတစ်ပါး ဒုက္ခရောက်အောင် မိုင်းထောင်ဖို့အတွက် သွားလာနေစဉ်အတွင်းနှင့် မိုင်းများကို စမ်းသပ် လုပ်ဆောင်နေစဉ်အတွင်း မိုင်းပေါက်ကွဲကာ ကိုယ့်မိုင်းနှင့်ကိုယ်၊ ကိုယ့်သမိုင်းကိုယ်နိဂုံးချုပ် သွားသောလူငယ်တို့ အရေအတွက်မှာ များပြားလှသည်။
PDF အမည်ခံအကြမ်းဖက် လူငယ်တို့တွင် ဘဝမှာလည်း သူတစ်ပါးမြှောက်ပေးနေသော ''ငါတို့အောင်မြင်တော့မယ်''ဟူသော ဝါဒဖြန့်စကားကို သက်ဝင်ယုံကြည်ကာ အသက်ဆုံးရှုံး သွားကြရသည့်လူငယ်များမှာလည်းများပြားလှသည်။ ထို PDF များကို မတည်အရင်းအနှီးပြုကာ ငွေကြေး၊ ဒေါ်လာအလှူခံ စားနေကြသူများက ပြည်ပနိုင်ငံများတွင် အေးဆေးသက်သာစွာ နေထိုင်နေကြသည်။ သူတို့၏ မိသားစု တစ်ဦးတစ်ယောက်မျှထို PDF ထဲတွင် ပါဝင်နေသည်မဟုတ်။ ဒေါ်လာစားပြည်ဖျက် မီဒီယာတို့က တပ်မတော် မုန်းတီးရေး စကားရပ်များတသွင်သွင် ထုတ်လွှင့်ကာ သူတို့ပုဆိန်ရိုးအဖွဲ့များ စားဝတ်နေရေးချောင်လည်မှုကို ဖန်တီး တည်ဆောက်နေခြင်းဖြစ်သည်။ ထိုအကြမ်းဖက်သမားတို့ကို မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲလိုက်သောအခါ သူတို့ရပ်တည်ဖို့ ငွေရှာရေးအတွက် အရင်းအနှီးသည် PDFအမည်ခံအကြမ်းဖက်သမား ကလေးများသာဖြစ်သည်။ ထို PDF ကလေးများ အမြင်မှန်မရစေရေးအတွက် သတင်းအမှားများ အစဉ်တစိုက် ထုတ်လွှင့်နေရခြင်းဖြစ်သည်။
လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်နေသည်မှာ ပြည်သူတစ်ရပ်လုံး မျက်မြင်တွေ့မြင်ကြပြီးဖြစ်သည်။ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်နေသော်လည်း နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား တိုးတက်ရေးအတွက် ဆောင်ရွက်ချက်သည်ကား နတ္ထိသာဖြစ်သည်။ တကယ်ဆိုလျှင် အကြံပေးများ၏ လက်ထဲတွင် မြန်မာ့အနာဂတ်ကို အပ်နှံထားသည့်အတွက် သူတို့အနေဖြင့် စေတနာထားကာ မြန်မာနိုင်ငံတိုးတက်ရေးကို လုပ်ဆောင်သင့်သော်လည်း အခွန်အတုပ် တိုးမြှင့်ကောက်ခံရန် အကြံပေးသည်မျိုး၊ဘာသာရေးအရ တန်းတူထားစေခြင်းမျိုးကဲ့သို့ အကြံမျိုးများထက် ကောင်းမွန်သည့် အကြံမျိုး မပေးတတ်ခဲ့ ကြပေ။
ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှု အန္တရာယ်ကား လွန်စွာကြီးမားလှသည်။ မျိုးချစ်စိတ်ဓာတ်တို့ ချိုးနှိမ်ခံရသည်။ အမျိုးဘာသာသာသနာ စောင့်ရှောက်သူတို့ ဖမ်းဆီးခြင်းခံရသည်။ မဘသအဖွဲ့ကြီး ဖျက်သိမ်းခံရသည်။ ဘိုးဘေးဘီဘင်တို့ ထိန်းသိမ်းစောင့်ရှောက် မြတ်နိုးစွာကိုးကွယ်လာခဲ့သော ဗုဒ္ဓဘာသာ၏ တန်ဖိုး ကျဆင်းအောင်ဆောင်ရွက်ခဲ့သည်။ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများလည်း ဆက်လက်ကျင်းပမှု မရှိတော့ပေ။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်သွားနိုင်သည်။ မျိုးဆက်ပြတ်သွားနိုင်သည်ကို မျက်မြင်တွေ့နေပါလျက် သတိမမူမိသည် အထိဖြစ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော် ကာကွယ်ရေးဆိုရာတွင် စစ်ရေးနည်းလမ်း တစ်ခုတည်းမဟုတ်တော့ဘဲ ဘက်ပေါင်းစုံက ကာကွယ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက မီးမောင်း ထိုးပြခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။