ကြည်း၊ ရေ၊ လေ ရဲသုံးဖော်
(၇၇)နှစ်မြောက် တပ်မတော်နေ့ အကြိုဂုဏ်ပြုဆောင်းပါး)
တပ်မတော်(ကြည်း)
မြန်မာတို့သည် ရှေးယခင်မင်းများ လက်ထက်ကတည်းကပင် စနစ်တကျ စစ်တပ်ဖွဲ့စည်းခြင်းကို စတင်ခဲ့သည်။ အနော်ရထာမင်းလက်ထက်တွင် စစ်သည်ရဲမက်များ အလွယ်တကူ စုဆောင်းနိုင်ရန် ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့များကို စနစ်တကျ ထူထောင်ခဲ့သည်။ အနော်ရထာမင်း လက်ထက်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့သဖြင့် မြန်မာတပ်မတော်၏ စနစ်၊ စည်းကမ်းများသည် နောက်ပိုင်းဆက်ခံသော မင်းများလက်ထက်တွင် ပို၍တိုးတက်လာခဲ့သည်။
ယနေ့ခေတ်မြန်မာ့ တပ်မတော်ကို စတင်ပြုစုပျိုးထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင် တို့သည် နယ်ချဲ့တို့၏ ဖိနှိပ်မှုမျိုးစုံကြားမှ အခက်အခဲ အမျိုးမျိုးကိုရင်ဆိုင်ကာ ဂျပန်တို့ထံမှ စစ်ပညာများ သင်ယူခဲ့ကြသည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဗန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ သွေးသောက်ပွဲပြုလုပ်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို စတင်ဖွဲ့စည်းခဲ့သည်။
၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)မှ ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)အဖြစ် လည်းကောင်း၊ ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)အဖြစ် လည်းကောင်း၊ ၁၉၄၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော်(ပီဘီအက်ဖ်)အဖြစ် လည်းကောင်း အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ် မေ ၁ဝ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ကာကွယ်ရေး စီမံကိန်းကော်မတီ အစည်းအဝေးက ဗမာ့တပ်မတော်အား လူအင်အားနှင့် တပ်များကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။
နောက်ပိုင်းတွင် တပ်များကို အဆင့်ဆင့် ပြောင်းလဲတိုးချဲ့ဖွဲ့စည်းခဲ့ရာ ယနေ့ကာလတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီတပ်မတော် (Standard Army)ဖြစ်စေရေး တပ်မတော်အကြီးအကဲများက အားသွန်ခွန်စိုက် အစဉ်ကြိုးပမ်းလျက်ရှိသည်။
တပ်မတော်(ရေ)
မြန်မာ့ရေတပ်သည် ရှေးမြန်မာမင်းလက်ထက် ၁၂ ရာစုအစပိုင်း ကာလကပင်အစပြုခဲ့ပြီး ၁၈ ရာစုကုန်းဘောင်မင်းဆက်ရတနာပုံခေတ်ကာလတွင် ရာထူးဌာနန္တရ၊ အဆောင်အယောင်တို့ဖြင့် စနစ်တကျ စုဖွဲ့တည်ရှိလာခဲ့သည်။ ကုန်းဘောင် ခေတ်နှောင်းပိုင်းတွင် မြန်မာ့ရေတပ်၌ သင်္ဘောစု၊ လှေစု၊ ဖောင်စု၊ လှော်ကားစု၊ သမ္ဗန်စု၊ သရပတ်စုနှင့် လှေကုတ် စသည်ဖြင့် ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ကိုလိုနီခေတ်တွင် နယ်ချဲ့ဗြိတိသျှတို့သည် အရာရှိ ၁၃၈ ဦးနှင့် အခြားအဆင့် ၁ဝဝဝ ဦးတို့ဖြင့် အပျော်တမ်းရေတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။
ဗမာပြည်ဘုရင့် အပျော်တမ်းအရန်ရေတပ်ဖွဲ့ (BRNVR) တွင် မြန်မာတိုင်းရင်းသားများ အနက် ပထမဦးဆုံး ပြန်တမ်းဝင်အရာရှိ ဖြစ်သူမှာ ဗိုလ်သန်းဖေ(နောင် ဗိုလ်မှူးချုပ်သန်းဖေ)ဖြစ်သည်။
ဘီအိုင်အေတပ်များ မြန်မာပြည်တွင်း ဝင်ရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ကာကွယ်ရေး တပ်မတော်ကို တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ ခေတ်မီလေတပ်နှင့် မြန်မာပြည်ကမ်းရိုးတန်း ကာကွယ်ရန် ရေတပ်ဖွဲ့တို့အား ထူထောင်သွားမည်ဖြစ်ကြောင်း ပါရှိပြီး ၁၉၄၃ ခုနှစ် သြဂုတ်လ ၃ ရက်တွင် တိုင်းပြည်သို့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံသို့ ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာပြီးနောက် ၁၉၄၆ ခုနှစ်တွင် ဗြိတိသျှ
အစိုးရသည် ဗမာပြည်ဘုရင့် အပျော်တမ်း အရန်ရေတပ်အား အရာရှိ ၄၇ ဦး၊ အခြားအဆင့် ၇၆၃ ဦးတို့ဖြင့် အမြဲတမ်းရေတပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီမံချက်ရေးဆွဲခဲ့ပြီး ပြောင်းလဲဖွဲ့စည်းမည့် ရေတပ်၌ ဖရီးဂိတ်ရေယာဉ် ၂ စင်းနှင့် HDML၁၃ စင်း ထည့်သွင်းခဲ့သည်။ ပထမဆုံးဖရီးဂိတ် စစ်ရေယာဉ်ဖားလ် (HMS Fal) အား ၁၉၄၇ ခုနှစ် မေ ၂၅ ရက်တွင် ရန်ကုန်မြစ်အတွင်း လွှဲပြောင်းပေးခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လက်ခံခဲ့သည်။
အဆိုပါဖရီးဂိတ်ရေယာဉ်အား မြန်မာအမည် ''မေယု''ဟု အမည်ပြောင်းလဲခဲ့ရာ မြန်မာအမျိုးသားထဲမှ ပထမဦးဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘိုဖြစ်ပြီး ထိုအချိန်က ပထမဆုံး ရေတပ်ဦးစီးချုပ်လည်း ဖြစ်သည်။ စစ်ရေယာဉ်မေယု လွှဲပြောင်းလက်ခံခြင်းနှင့်အတူ အခြားတိုက်ရေယာဉ် ၁၂ စင်းကိုပါ လွှဲပြောင်းရယူခဲ့သည်။ မြန်မာနိုင်ငံအစိုးရ ကာကွယ်ရေးဌာနက ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဗမာပြည်ဘုရင့် အပျော်တမ်းအရန်ရေတပ်အား ဗမာ့ရေတပ်မတော် (Burma Navy) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၅၅ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ဗမာ့ရေတပ်မတော် (Burma Navy)ကို တပ်မတော်(ရေတပ်)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
တပ်မတော်(လေ)
၁၉၄ဝ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်တွင် ဗမာ့အပျော်တမ်း လေတပ်ဖွဲ့ (Burma Volunteer Air Unit-BVAU)ကို စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါ BVAU ကို မြန်မာနိုင်ငံ ဗြိတိသျှအစိုးရ ကာကွယ်ရေး ဌာနက ၁၉၄၁ ခုနှစ် ဧပြီ ၄ ရက်တွင် ဗမာ့အပျော်တမ်း လေတပ် (Burma Volunteer Air Force-BVAF)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်၌ အင်္ဂလိပ်တပ်များ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာခဲ့ရာတွင် ဗမာ့အပျော်တမ်းလေတပ် BVAF သည် အင်္ဂလိပ်စစ်တပ်နှင့်အတူ ပါသွားခဲ့ရသည်။
၁၉၄၆ ခုနှစ်တွင် ဗမာ့အပျော်တမ်း လေတပ်ဌာနက အနာဂတ်လေတပ်စီမံကိန်း တစ်ခုရေးဆွဲတင်ပြခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်တွင် ဘုရင့်လေတပ်မတော်မှ ပိုင်ဆိုင်ခဲ့သည့် လေတပ်အဆောက်အအုံများကို ဗမာ့အပျော်တမ်း လေတပ်သို့ တဖြည်းဖြည်း လွှဲပြောင်းပေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံ အစိုးရကာကွယ်ရေး ဌာနမှ ထုတ်ပြန်ကြေညာသည့် အမိန့်အမှတ်၊ ၄ဝ၉ အရ ဗမာ့လေတပ်မတော်ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ပေါင်းစည်းရေးမူအရ တပ်မတော်(လေ)ဟု အမည်ပြောင်းလဲ၍ ခေါ်ဝေါ်ခဲ့သည်။