ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသများရှိ ဒေသခံ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ကူညီပြောင်းရွှေ့၊ လေဘေးသင့် ပြည်သူများနှင့် မုန်တိုင်းရှောင်ပြည်သူများအား သွားရောက်အားပေးစကားပြောကြား ပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသများရှိ ဒေသခံ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ကူညီပြောင်းရွှေ့၊ လေဘေးသင့် ပြည်သူများနှင့် မုန်တိုင်းရှောင်ပြည်သူများအား သွားရောက်အားပေးစကားပြောကြား ပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မတ် - ၂၃

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းငယ်သည် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မတ် ၂၀ ရက် ည ၉ နာရီခွဲ အချိန် တိုင်းတာချက်များအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး မုန်တိုင်းလမ်းကြောင်းကျရောက်ရာ ဒေသများရှိ ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်အထူးသတိပြုနေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန် သတိပေးချက်များကို ထုတ်ပြန်ထားရှိပြီးဖြစ်သည်။

အဆိုပါ မုန်တိုင်းငယ်သည် မတ် ၂၁ ရက်မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းအနီး၌ လည်းကောင်း၊ မတ် ၂၂ ရက်နှင့် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်းအနီးနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်မည်ဟု ခန့်မှန်း ထားပြီး လက်ရှိအချိန်တွင် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းမှု များရှိနေပြီး အချို့နေရာဒေသများတွင် နေရာကွက်၍ မိုးကြီးလျက်ရှိသည်။

သို့ဖြစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များအလိုက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိ ပေးခြင်းများ၊ မုန်တိုင်းနှင့် သဘာဝအန္တရာယ်ကျရောက်ပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများ၊ အရေးပေါ်ဖြစ်ပေါ်လာပါက စုဝေးရမည့် နေရာနှင့် လမ်းကြောင်းများ၊ ပြောင်းရွှေ့နေထိုင်ရမည့် အဆောက်အဦနေရာများအား ကြိုတင်ပြင်ဆင်ခြင်းများ၊ ဦးစားပေးကယ်ဆယ်ရမည့် အုပ်စုများအား အရေးပေါ် အသက်ကယ်ဆယ်နည်းများဖြင့် ဆောင်ရွက်ရမည့်နည်းလမ်းများကို စနစ်တကျ လမ်းညွှန်အသိပေးခြင်းများနှင့် အချိန်နှင့်တစ်ပြေးညီ သတင်းရယူပူးပေါင်း ဆောင်ရွက် နိုင်ရန် command center များဖွင့်လှစ်ထားပြီး တပ်မတော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ၂၄ နာရီ စုပေါင်းရုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ မုန်တိုင်းငယ်သည် အား‌ကောင်းသည့်အဆင့်သို့ ရောက်ရှိလာ၍ မုန်တိုင်းဝင်ရောက်ချိန်နီးကပ်လာသောကြောင့် ကမ်းရိုးတန်းဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများအား မုန်တိုင်းဘေးလွတ်ရာနေရာများ၊ ကုန်းမြင့်နေရာများသို့ ပြောင်း ရွှေ့နေထိုင်ကာ ညွှန်ကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ကြစေရေး သက်ဆိုင်ရာ အဖွဲ့များက တိုက်တွန်းနှိုးဆော်၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မတ် ၂၂ ရက်တွင် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်တို့ရှိ စုစုပေါင်း အိမ်ထောင်စု ၂၁၅၂ စု ကို သက်ဆိုင်ရာမြို့နယ်များအလိုက် ယာယီခိုလှုံရန် သတ်မှတ်ထားသည့် မုန်တိုင်း ဒဏ်ခံ Cyclone Shelter အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများသို့ ဘေးကင်းစွာပြောင်းရွှေ့နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများ၏ အစီအစဉ်ဖြင့် သဘာဝဘေး အန္တရာယ် ကျရောက်လာပါက ယာယီခိုလှုံနေထိုင်သည့် အိမ်ထောင်စုများအား ထောက်ပံ့ ပေးအပ်နိုင်ရေးအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အသင့်စုပုံထားရှိ ကြောင်း သိရသည်။

၎င်းအပြင် လပွတ္တာမြို့၊ ကိုးနဝင်းကျောင်းတိုက်နှင့် လေးထပ်စာသင်တိုက်တို့တွင် ပြောင်းရွှေ့ထားရှိသော ကိုင်းတောင်ကျေးရွာ၊ ရေဝေကျေးရွာ၊ ရွှေကျွန်းသာကျေးရွာ၊ ကုက္ကိုလ်ကျေးရွာ၊ စွယ်တော်ကျေးရွာ၊ ကွင်းပေါက်ကျေးရွာနှင့် မန်ကျည်းကျောင်း ကျေးရွာတို့မှ မုန်တိုင်းရှောင်ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက သွားရောက်တွေ့ဆုံ၍ ဆန်၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ယနေ့တွင်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဟင်္သာတ၊ ပန်းတနော်၊ ဒေးဒရဲ၊ ဖျာပုံ၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ ကွင်းကောက်၊ လေးမျက်နှာ၊ ဇလွန်နှင့် ကြံခင်းမြို့ တို့ရှိ ကျေးရွာအချို့မှ ဘုရားစေတီများ၊ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ နေအိမ်များအား တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ လိုအပ်သည့် ကူညီရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့သို့ဆောင်ရွက်နေမှုများနှင့် လေဘေးသင့် ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်အားပေးစကားပြောကြားပြီး လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး ပါပုံးနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲကျေးရွာနှင့် သင်္ဃန်းကြီးကျေးရွာတို့ရှိ ဘက်စုံမုန်တိုင်းဒဏ်ခံ အဆောက်အဦများတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် မုန်တိုင်းရှောင်ပြည်သူများအား သွားရောက်အားပေးစကားပြော ကြားခဲ့ပြီး စားသောက်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေး များထိုးနှံပေးခဲ့ကြောင်းနှင့် ဇင်ရွဲကျေးရွာနှင့် လှိုင်းဘုန်းကျေးရွာတို့မှ မုန်တိုင်းရှောင် ပြည်သူများအား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ မြစ်တွင်းသွားရေယာဉ်များဖြင့် သက် ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်လည်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်းအား ရွေးမြစ်ရေတိုက်စားမှုမှ ကာကွယ်ထားရှိမှုနှင့် ရှောင်ကွင်းလမ်းအူကြောင်း ဖောက်လုပ်နိုင်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။    

အဆိုပါ မုန်တိုင်းငယ်ဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုအနေဖြင့် မတ် ၂၂ ရက် တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာ၊ ဟင်္သာတ၊ ဘိုကလေး၊ သာပေါင်း၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ငပုတော၊ ပုသိမ်၊ ဖျာပုံ၊ ဒေးဒရဲ၊ အင်္ဂပူ၊ မအူပင်မြို့နယ် နှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့ရှိ လူနေအိမ်အချို့ အမိုးလန်၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်၊ ရောဂါကပ်ဘေးအန္တရာယ်၊ အကြမ်း ဖက်သမားအန္တရာယ် စသည့် ဘေးအန္တရာယ်အမျိုးမျိုးကို နိုင်ငံတော်အစိုးရ၊ တပ်မတော် နှင့်အတူ ပြည်သူများ၏ညီညွတ်သော ပူးပေါင်းလက်တွဲဆောင်ရွက်မှုများဖြင့် ကျော်လွှား နိုင်ခဲ့ပြီးဖြစ်သည့်နည်းတူ ယနေ့ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်ကိုလည်း နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် ညီညွတ်သော စွမ်းအားများဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများကို အနည်းဆုံးလျှော့ချနိုင်ရေး စနစ်တကျကြိုတင်ပြင်ဆင် ဝိုင်းဝန်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။