(၇၇)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

(၇၇)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မတ် - ၂၃
    
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အလှူငွေပေးအပ်ပွဲသို့ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ နှင့် စစ်ကြောင်းမှူးများ၊ အလှူရှင်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကုမ္ပဏီ ၁၇၆ ခု နှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြု အလှူငွေ စုစုပေါင်းငွေကျပ် ၇၅၈၀၈၀၀၀၀ ကို ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော်နေ့ကျင်းပရေးစစ်ရေးပြ လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေး၊  တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။
    
ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးကလှူဒါန်းရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
    
ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲအပြီးတွင် တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။