(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေး ပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်
နေပြည်တော်၊ မတ် - ၂၃
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံ ပြည့်စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
စစ်ရေးပြလေ့ကျင့်မှုတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလ စစ်ကြောင်းနှင့် မြဝတီစစ်ကြောင်းများပါဝင်ပြီး စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီ သီချင်းများသီဆို၍ ညီညာစွာ ချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်အတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။
ထိုသို့ လေ့ကျင့်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီး တပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ရေ)အထူး စစ်ဆင်ရေးတပ်ဖွဲ့(Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ကြည်း) ယန္တရားတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ)ယန္တရားတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်းရရှိသည်။