ရဲဘော်သုံးကျိပ်
ဒုတိယကမ္ဘာစစ်ဖြစ်လာသောအခါ အင်္ဂလိပ်အခက် ဗမာ့အချက်ဟူသော ကြွေးကြော်သံများနှင့်အတူ မြန်မာ့မျိုးချစ်လူငယ်များ နိုင်ငံခြားအကူအညီရှာရန် ကြိုးစားရာမှ ဂျပန်တို့နှင့် အဆက်အသွယ်ရခဲ့ပြီး ၁၉၄၁ ခုနှစ်အတွင်း အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ကာ မျိုးချစ်လူငယ်တို့သည် အသုတ် ၄ သုတ်ခွဲ၍ လျှို့ဝှက်စွာဖြင့် ဂျပန်နိုင်ငံ ဟိုင်နန်နှင့် ဖော်မိုဆာကျွန်းများသို့ သွားရောက်ခဲ့ကြပြီး မြန်မာ့လွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲသည့်ဒဏ်ကိုခံကာ ဂျပန်တို့ထံမှ စစ်ပညာများ သင်ယူခဲ့ကြသည်။ စစ်ပြီးခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုတွင်လည်း ရဲဘော်သုံးကျိပ်ဝင်များ အတွင်းမှပင် စစ်ရေးနှင့် နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်များ ပေါ်ထွက်ခဲ့ပြီး နှစ်ဆယ်ရာစုခေတ် မြန်မာ့တပ်မတော်ကို ပြုစုပျိုးထောင်ပေးသူများမှာလည်း ရဲဘော်သုံးကျိပ်ဝင်များပင်ဖြစ်သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်
(Burma Defence Army- BDA)
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ဗန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ ပထမအကြိမ်သွေးသောက်ပွဲ ပြုလုပ်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို စတင်ဖွဲ့စည်းခဲ့သည်။ ဒီဇင်ဘာလ ၃၀ ရက်တွင် ရဲဘော်သုံးကျိပ်ဝင်များသည် ဒုတိယအကြိမ်သွေးသောက်ပွဲ ပြုလုပ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ ၃၁ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန်အတွက် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်၊ မော်လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီတပ်ဖွဲ့၊ တာနာကာတပ်ဖွဲ့နှင့် အတွင်းသူပုန်တပ်ဖွဲ့များကိုဖွဲ့စည်းခဲ့သည်။ ထားဝယ်စစ်ကြောင်းသည် ပဲခူးမြို့ကိုသိမ်းပိုက်ပြီးနောက် ဂျပန်တပ်မ(၅၅)မှ တပ်ဖွဲ့အချို့နှင့်အတူ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခဲ့ရာ မတ်လ ၈ ရက်တွင် ရန်ကုန်မြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းသည် ထန်းတပင်မြို့ကို သိမ်းပိုက်ပြီး ရန်ကုန်မြို့သို့ မတ်လ ၁၂ ရက်တွင် ရောက်ရှိသည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ရန်ကုန်မြို့ကိုသိမ်းပိုက်ပြီးနောက် အထက်မြန်မာပြည်သို့ချီတက်ရန် ပြင်ဆင်ခဲ့ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးသော ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်မ(၁) နှင့်တပ်မ(၂)တို့သည် ၁၉၄၂ ခုနှစ် ဧပြီလဆန်းမှစတင်၍ အထက်မြန်မာပြည်သို့ချီတက်သွားခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်များနှင့် ရင်ပေါင်တန်း ချီတက်ကာ မြန်မာပြည်မှ ဆုတ်ခွာလျက်ရှိသော အင်္ဂလိပ်တပ်များကို လိုက်လံတိုက်ခိုက်ပြီး အထက်မြန်မာပြည်တစ်ခုလုံးကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။
ဗမာ့ကာကွယ်ရေးတပ်မတော်
(Burma Defence Army- BDA)
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်မတော်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်မိပြီးသောအခါ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)အင်အားသည် ၅၀၀၀၀ ကျော်အထိ တိုးမြင့်လာသည့်အတွက် ဂျပန်တို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)အင်အားကိုစိုးရိမ်လာကာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ပိုမိုစနစ်ကျသော တပ်မတော်အဖြစ် ဖွဲ့စည်းပေးမည်ဟူသော အကြောင်းပြချက်ဖြင့် ဘီအိုင်အေကိုဖျက်သိမ်းပြီး အင်အား ၃၀၀၀ သာပါဝင်သော ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army-BDA) အဖြစ် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် ဂျပန်အမှတ်(၁၅)တပ်တော်မှူး ဒုတိယဗိုလ်ချုပ်ကြီးအီဒါက ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ် လည်းကောင်း၊ ဗိုလ်စကြာနှင့် ဗိုလ်လက်ျာတို့အား ဗိုလ်မှူးအဆင့်ဖြင့် စစ်ဦးစီးများအဖြစ် လည်းကောင်း ခန့်အပ်ပေးခဲ့သည်။
ဗမာ့အမျိုးသားတပ်မတော်
(Burma National Army-BNA)
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ကာကွယ်ရေးတပ်မတော် တည်ထောင်ဖွဲ့စည်းသည့် အချိန်မှစ၍ အင်အားတောင့်တင်း ခိုင်မာသော တပ်မတော်ကြီးတစ်ရပ် ဖြစ်လာအောင် အစဉ်တစိုက်ကြိုးပမ်း အားထုတ်ခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်တွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးခဲ့သော်လည်း အစစ်အမှန်လွတ်လပ်ရေး မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဂျပန်စစ်ဘက် အာဏာပိုင်များကသာ ချုပ်ကိုင်ထားသည့်အတွက် လွတ်လပ်ရေး ကြေညာပြီးနောက် ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗဟိုစစ်အဖွဲ့ချုပ်ကြီး (ကာကွယ်ရေးကောင်စီ) အစည်းအဝေးတစ်ရပ်ကို စစ်ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ရာ ယင်းအစည်းအဝေးမှ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော် (Burma National Army-BNA) အမည်သို့ ပြောင်းလဲခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်ကို ဗမာ့အမျိုးသား တပ်မတော်အဖြစ် အမည်ပြောင်းလဲခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
မြဝတီ