လွန်ခဲ့သောနှစ်ပေါင်း ၁၉၈ နှစ်၊ တိတိကျကျဆိုရလျှင် ခရစ်နှစ် ၁၈၂၄ ခုနှစ်ကစတင်ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာပထမစစ်ပွဲသည် မြန်မာတစ်မျိုးသားလုံးအတွက် နာကြည်းခံပြင်းဖွယ်ကောင်းလှသည့် စစ်ပွဲဖြစ်သည်။ မြန်မာ့သမိုင်းတွင် ပြည်ပကျူးကျော်စစ်ကို ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး မြန်မာတို့၏ ပင်လယ်ကမ်းရိုးတန်း ဒေသများကို လက်လွှတ်လိုက်ရသည်။ စစ်ရှုံးခဲ့သည်မို့ စစ်လျော်ကြေးငွေကျပ် တစ်ကုဋေကို မြန်မာတို့က အင်္ဂလိပ်တို့ကိုထပ်ပေးလိုက်ရသေးသည်။ အရှုံးပေါ်အရှုံးဆင့်ခဲ့သည်။ မြန်မာတို့၏ စစ်ရေးစစ်ရာလွန်စွာ ကျွမ်းကျင်လှသော သူရဲကောင်းစစ်သူကြီး မဟာဗန္ဓုလ စစ်ပွဲမှာ ကျဆုံးခဲ့ရသည်။
ထိုဖြစ်ရပ်သည် မြန်မာလူငယ်မျိုးဆက်သစ်တို့မမေ့သင့်သောသင်ခန်းစာဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲရှုံးသည်။ ဒုတိယစစ်ပွဲရှုံးသည်။ တတိယစစ်ပွဲလည်းရှုံးခဲ့သည်။ နှစ်ပေါင်းတစ်ရာကျော် သူတစ်ပါးတို့ လွှမ်းမိုးအုပ်ချုပ်ခြင်းကို နာကြည်းစွာခံခဲ့ကြရသည်။ မမေ့သင့်သော သင်ခန်းစာ ဖြစ်သည့်အတွက် မျိုးဆက်သစ်လူငယ်များ သိစေဖို့ ထိုအကြောင်းအရာ ဖြစ်ရပ်မှန်များကို ကျောင်းသင်ခန်းစာများတွင် ထည့်သွင်း သင်ကြားပေးထားသည်မှာ လွန်စွာမှန်ကန်လှပေသည်။
နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့တွင် မြန်မာတို့များစွာ ခေတ်နောက်ကျနေခဲ့သည်။ ပညာရေးဟုဆိုရာတွင် မြန်မာတို့၏ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတွင် သင်ကြားပေးသော ပညာရေးကို ဆိုလိုခြင်း မဟုတ်ပေ။ ခေတ်မီနည်းပညာ စက်မှုလက်မှုပညာရပ်တတ်မြောက်ရေးကိုအဓိကဆိုလိုခြင်းဖြစ်သည်။ မင်းတုန်းမင်းကြီး လက်ထက် ကနောင်မင်းသားသည် ခေတ်မီအတွေးအခေါ် အတတ်ပညာများနှင့် ဆုံးရှုံးသွားသော နယ်မြေများပြန်လည်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့သည်။ အောင်မြင်မှုများစွာရှိခဲ့သည်။
သို့သော် မြန်မာတို့၏ အခြေအနေအရပ်ရပ် အစဉ်စောင့်ကြည့်နေကာ မြန်မာတို့ ပျက်စီးရေးကိုသာ အစဉ်တစိုက်လုပ်ဆောင်နေသောနယ်ချဲ့တို့ကား မြန်မာ့နန်းတွင်းရေးကိုဝင်ရောက်စွက်ဖက်ကာ နောက်ဆုံးတွင် ကနောင်မင်းသား လုပ်ကြံခံရခြင်းဖြင့် မြန်မာတို့၏ခေတ်မီပညာ၊ ခေတ်မီလက်နက်တီထွင်မှုများ တစ်ခန်းရပ် သွားခဲ့ရသည်။ ထို့ကြောင့် တတိယအကြိမ် ကျူးကျော်စစ်ပြုကာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်သွားခဲ့သည်မှာ ဘယ်နည်းနှင့်မျှ မေ့နိုင်စရာမရှိသော ဖြစ်ရပ်ဆိုးသင်ခန်းစာ ဖြစ်ပေသည်။
မြန်မာ့အကျိုးကို မလိုလားသော ပြည်ပစွက်ဖက်မှုများသည် ယနေ့တိုင်လည်း ရှိနေဆဲဖြစ်ပြီး ပြည်ပအားကိုးပုဆိန်ရိုး မျိုးဆက်များကလည်း ယနေ့တိုင်ရှင်သန်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တပ်မတော်တစ်ရပ် ပေါ်ပေါက်လာသဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုများအောင်မြင်ခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း လွတ်လပ်ရေး ပြန်လည်ဆုံးရှုံးရတော့မည့် အခြေအနေများကို တပ်မတော်က ထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့သည်။ ပြည်ပကျူးကျော်မှုနှင့် ကြုံလာချိန်တွင်လည်း စွန့်စွန့်စားစား ကာကွယ်နိုင်ခဲ့သည်မှာ တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာရှိနေ၍ ဖြစ်ပါသည်။
နိုင်ငံတော်တွင်ပေါ်ပေါက်လာခဲ့သောအခြေအနေဆိုးများကို တပ်မတော်ကအောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့သည်မှာ သမိုင်းဖြစ်ရပ်မှန်များ ဖြစ်သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ရဲဘော်သုံးကျိပ်ဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)အဖြစ် ပေါ်ထွန်းလာသည်မှ ယနေ့တိုင် တပ်မတော်သည် နိုင်ငံနှင့်လူမျိုးအကျိုး စီးပွားကိုသာ အစဉ်တစိုက်ဦး တည်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့သမိုင်းတွင် မိမိတို့နိုင်ငံတော်အပေါ် လွှမ်းမိုးခြယ်လှယ်သွားခဲ့သော အင်္ဂလိပ်တို့အပေါ် နာကြည်းကြရမည့်အစား နယ်ချဲ့အင်္ဂလိပ်တို့ကို အားပေးနေသော နယ်ချဲ့အနွယ်တော်ဝင်များက တပ်မတော်ကိုသာ အစဉ်တစိုက်ဝေဖန် တိုက်ခိုက်လျက်ရှိသည်။ တပ်မတော်ပြိုကွဲရေးကိုသာ အစဉ်ဦးတည် လုပ်ဆောင်နေသည်။ လွန်ခဲ့သည့် ငါးနှစ်က အုပ်ချုပ်ခဲ့သော အစိုးရတစ်ရပ်မှာ ၎င်းတို့လွန်စွာ အမွှမ်းတင်ထားသော ဒီမိုကရေစီအစိုးရ ဖြစ်သော်လည်း မြန်မာနိုင်ငံမြန်မာတိုင်းရင်းသားများ ကောင်းကျိုးအတွက် ထိရောက်သော အကူအညီတစ်ခုတလေ မျှပေးခဲ့ခြင်း မရှိကြောင်း နိုင်ငံရေးသုတေသီများက ထောက်ပြပြောဆိုကြသည်။
ပြည့်အင်အားသည်ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း တိုင်းပြည်နှင့်လူမျိုးကို ချစ်ကြသော မြန်မာလူကြီးများက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် မြန်မာနိုင်ငံ မြန်မာတိုင်းရင်းသားတို့၏ ထာဝစဉ်ကောင်းကျိုးကို ရှေးရှုလျက် တပ်မတော်ကို တာဝန်များ ပေးအပ်ထားသည်။ ကျစ်လျစ်ခိုင်မာအင်အား တောင့်တင်းပြီး တိုင်းပြည်မှာအရေးကြုံတိုင်းဦးဆောင်နိုင်စွမ်းရှိသော တပ်မတော်ကို အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းတွင် တာဝန်ပေးထားခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ကာကွယ်စောင့်ရှောက်လျက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင်ကူညီဆောင်ရွက်ရေးမှာ ပါတီနိုင်ငံရေး လုပ်ဆောင်မှု အားနည်းချက်များကို ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာနိုင်ငံတော် အစဉ်တည်တံ့ခိုင်မြဲစေရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။