နေပြည်တော်၊ စက်တင်ဘာ - ၂၉
တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးတို့အတွက် သီးသန့်စောင့်ကြည့်ရမည့် သူများအား လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည် ရမည့်သူ ၃၃၁ ဦး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၂၇ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
စောင့်ကြပ်ကြည့်ရှုထားသူများ အနက်မှ သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၄ ဦးကို ယနေ့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် စောင့်ကြပ် ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် သတ်မှတ်ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ စောင့်ကြည့်ထားသူများ အနက်မှ COVID-19 ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး ၁ ဦးအား ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည်။
ယနေ့တွင် တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှိ သီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ရွှေညောင်မြို့တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက လည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။