ယမန်နေ့မှအဆက်
မျိုးချစ်ဗမာ့တပ်မတော်
(Patriotic Burmese Forces-PBF)
ဂျပန်တို့အား မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်သည် ဂျပန်ကိုတော်လှန်ရာတွင် ပြည်သူ့လွတ်လပ်ရေးတပ်မတော် ဟူသော အမည်ကိုသုံးစွဲရန် ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ကျင်းပသော ဖက်ဆစ်တော်လှန်ရေးအတွက် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးမှ သတ်မှတ်ခဲ့သည်။ မဟာမိတ်တပ်များကမူ ဗမာ့တပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော်ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ဆာရယ်ဂျီနယ်ဒေါ်မန်စမစ်က ဇွန်လ ၂၉ ရက်တွင် ဗမာ့တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော် ဟု မှည့်ခေါ်ရန် အကြံပြုတင်ပြချက်အရ ဗမာ့တပ်မတော်ကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍မျိုးချစ်ဗမာ့တပ်မတော်ဟု ခေါ်ဝေါ်သုံးစွဲရန် တရားဝင်ပြောင်းလဲသတ်မှတ်ခဲ့သည်။
ကန္ဒီစာချုပ်
၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် အရှေ့တောင်အာရှမဟာမိတ်တပ်များဆိုင်ရာ စစ်သေနာပတိချုပ် လော့ဒ်လူဝီမောင့်ဘက်တန် အမှူးပြုသည့် ဗြိတိသျှတပ်မတော်အရာရှိကြီးများနှင့် မျိုးချစ်ဗမာ့တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် မျိုးချစ်ဗမာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဝင်များသည်အပြီးသတ် တွေ့ဆုံဆွေးနွေးပြီး မျိုးချစ်ဗမာ့တပ်မတော်ကို မြန်မာနိုင်ငံတပ်မတော် အတွင်းသို့ ပူးပေါင်းဖွဲ့စည်းရေးနှင့် ပတ်သက်၍ ကန္ဒီစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာရှအရှေ့တောင်ပိုင်းမဟာမိတ်၏ သေနာပတိချုပ်တို့ သဘောတူဆုံးဖြတ်ချက်များအရ မျိုးချစ်ဗမာ့ တပ်မတော်မှ မြန်မာနိုင်ငံတပ်မတော်သို့ အရာရှိမဟုတ်သော တပ်မတော်သားအရေအတွက် ၅၂၀၀ အထိ မြန်မာနိုင်ငံတပ်မတော်သားအဖြစ် စာရင်းသွင်းလက်ခံရန်အတိအလင်းသဘောတူညီခဲ့ပြီးနောက် ၁၉၄၆ ခုနှစ်အတွင်း ဗမာ့တပ်မတော်တွင် သေနတ်ကိုင်တပ်ရင်းများဖွဲ့စည်းဖြစ်ပေါ်လာခဲ့သည်။အောင်ဆန်း-အက်တလီစာချုပ်
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်အက်တလီက မြန်မာနိုင်ငံဘုရင်ခံ အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ကို ဘုရင့်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ကြေညာခဲ့သည်။ ဆွေးနွေးပွဲအား ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီးသတ်ဆွေးနွေးနိုင်ခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။
ပင်လုံစာချုပ်
မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်ဆွေးနွေးပွဲမှ ပြန်ရောက်လာသည့်အချိန်တွင် ဖဆပလအဖွဲ့ချုပ်မှ အရေးတကြီး ဆောင်ရွက်ရန်ကိစ္စမှာ တိုင်းရင်းသားလူမျိုးစုများ တစည်းတလုံးတည်း ပါဝင်သော ပင်လုံညီလာခံကျင်းပရေးပင်ဖြစ်သည်။ ညီလာခံတွင် ဗန်းမော်မှ ကချင်ကိုယ်စားလှယ်တစ်ဦးက မြန်မာတို့နှင့် မပေါင်းဘဲ နယ်ခြားဒေသအုပ်ချုပ်ရေးနှင့် ပေါင်းရန်ပြောဆိုခြင်း၊ ညောင်ရွှေစော်ဘွားက အောင်ဆန်း-အက်တလီစာချုပ်ကို လက်မခံဟုပြောဆိုခြင်း၊ စော်ဘွားများဝေ့လည်ကြောင်ပတ်လုပ်နေခြင်းများ ရှိခဲ့သော်လည်း ပြည်သူ့ကိုယ်စားလှယ်များသည် ဆန္ဒပြပွဲများ၊ စီတန်းလှည့်လည်မှုများ စသောလူထု လှုပ်ရှားမှုဖြင့် ဖိအားပေးခဲ့သောကြောင့် တောင်တန်းဒေသနှင့် ပြည်မပူးပေါင်းရေးသဘောတူစာချုပ်ဖြစ်သည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။
နိုင်ငံတော်လုပ်ကြံမှု
ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အမျိုးသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် အချိန်နီးကပ်လာချိန်ဖြစ်သော ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ နယ်ချဲ့လက်ပါးစေများက လုပ်ကြံသတ်ဖြတ်ခဲ့သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရသည်။
ဗမာ့တပ်မတော်ပြန်လည်ဖွဲ့စည်းခြင်း
ဗမာ့တပ်မတော်သည် စစ်ပြီးခေတ်ပြန်လည်စတင်ဖွဲ့စည်းစဉ်အခါက ဗြိတိသျှတပ်မတော်ဖွဲ့စည်းပုံစနစ်အရ ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်မတော်ဖြစ်သည်။ တပ်မတော်ကို ပထမဆုံးတာဝန်ယူ ကွပ်ကဲအုပ်ချုပ်ခဲ့ကြသော အရာရှိများမှာလည်း ဗြိတိသျှအရာရှိများသာဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဗြိတိသျှ အရာရှိများကို လွတ်လပ်ရေးမရမီအထိသာ တာဝန်ထမ်းဆောင်စေခဲ့သည်ဖြစ်ရာ တပ်မတော်ကွပ်ကဲ အုပ်ချုပ်မှု တာဝန်လွှဲပြောင်းယူချိန်၌ ကောင်းစွာ ကျင့်သားမရသေးသော မြန်မာအရာရှိများနှင့် ဗမာ့တပ်မတော်အဖို့ ဗြိတိသျှစစ်အတတ်သင်အဖွဲ့(စစ်မစ်ရှင်အဖွဲ့)သည်သာလျှင် အသင့်တော်ဆုံးဖြစ်ခဲ့ရသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ၂၇ ရက်နေ့တွင် ချုပ်ဆိုခဲ့သော အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာစစ်သည်တော် အားလုံးသည် မြန်မာနိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအောက်သို့ ချက်ချင်းလွှဲပြောင်းရောက်ရှိပြီး ဗမာ့တပ်မတော်ကိုစစ်မင်းကြီးအဖြစ် အုပ်ချုပ်နေသူ ဗိုလ်ချုပ်သောမတ်စ်သည်လည်း မြန်မာနိုင်ငံမှ မဟာမိတ်တပ်များ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံတော်အစိုးရ၏ လက်အောက်ခံ ဖြစ်လာရေးကို ဗြိတိသျှတို့ကလိုက်လျောခဲ့ရသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ကြိုးပမ်းမှုဖြင့် ပထမအကြိမ်ကာကွယ်ရေးစီမံကိန်းကော်မတီ အစည်းအဝေး ကို ၁၉၄၇ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပရာ ယင်းအစည်းအဝေးမှ တိုးချဲ့ဖွဲ့စည်းမည့် ဗမာ့တပ်မတော်လူအင်အားနှင့် ပါဝင်မည့် တပ်များကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။
ယနေ့ခေတ်ကာလတွင် တပ်မတော်အကြီးအကဲများ၏အမြော်အမြင်ကြီးမားမှုဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)ကို ခေတ်မီတပ်မတော်အဖြစ် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင် ခေတ်အဆက်ဆက်အဘက်ဘက်မှ ကြိုးပမ်းတည်ထောင်လျက်ရှိသည်။ တပ်မတော်စတင်သန္ဓေတည်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်တို့မှသည် နောင်အနာဂတ်မျိုးဆက်သစ်များအထိ ကမ္ဘာတည်သရွေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရတည်တံ့ ခိုင်မြဲစေရေး ကြည်း၊ ရေ၊ လေ ပေါင်းစုထားသည့် တပ်မတော်သည်လည်း အဓွန့်ရှည်ကြာစွာ ကာကွယ်သွားမည်ဖြစ်ပါကြောင်း (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
မြဝတီ