လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ သူတစ်ပါးကို လက်ညှိုးထိုးတတ်တဲ့ အမေရိကန် ကိုယ့်မျက်ချေးကိုယ် ပြန်မမြင်လေရော့သလား

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ သူတစ်ပါးကို လက်ညှိုးထိုးတတ်တဲ့ အမေရိကန် ကိုယ့်မျက်ချေးကိုယ် ပြန်မမြင်လေရော့သလား

ယမန်နေ့မှအဆက်

ဒီလိုတိုက်ခိုက်မှုတွေထဲမှာ အင်ဒီးယန်း မျိုးနွယ်စုခေါင်းဆောင်များနဲ့ စစ်သည်တော်များအပြင် အရပ်သားများကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းနဲ့ အင်ဒီးယန်း တိုင်းရင်းသားတွေရဲ့ နယ်မြေများကို သူတို့နယ်မြေအဖြစ် သိမ်းပိုက်ခြင်းတို့ လုပ်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။

၁၈၆၂ ခုနှစ်မှာ အမေရိကန်အစိုးရက ဓားမဦးချမြေဥပဒေကို သတ်မှတ်ပြဋ္ဌာန်း လိုက်ပါတယ်။ အဲဒီဥပဒေမှာ ဖော်ပြထားတာက   အသက် ၂၁ နှစ်အထက်ရှိတဲ့ အမေရိကန်နိုင်ငံသားတိုင်း ၁ဝ ဒေါ်လာမျှဖြင့် နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ဧက ၁၆ဝ ထက်မပိုတဲ့မြေနေရာကို     ပိုင်ဆိုင်ခွင့် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

မြေနဲ့ဆွဲဆောင်လိုက်တဲ့အခါမှာ လူဖြူတွေဟာ  အင်ဒီးယန်းတို့ရဲ့ ဒေသတွေထဲ ဒရောသောပါး ပြေးဝင်လာပြီး အင်ဒီးယန်း တိုင်းရင်းသားထောင်ပေါင်းများစွာ သတ်ဖြတ်ခံရတဲ့  လူသတ်ပွဲကြီးတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဒါ့အပြင် လည်ရှည်ဖိနပ်လုပ်ဖို့အတွက် အင်ဒီးယန်း လူမျိုးများရဲ့အရေခွံကို ခွာယူနိုင်ကြောင်း၊ ထိုအင်ဒီးယန်းများကို လူသူလေးပါး မရောက်နိုင်တဲ့နေရာများသို့ ပို့ဆောင်ရမည် ဖြစ်ကြောင်း၊ အင်ဒီးယန်းများကို အမြန်ဆုံး ဖယ်ရှားရှင်းလင်း ရမည်ဖြစ်ကြောင်း၊ သေဆုံးသွားသူ အင်ဒီးယန်းများကသာ လူကောင်းများဖြစ်ကြောင်း ထိုအချိန်က အမေရိကန်အစိုးရ ခေါင်းဆောင်များက ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြန်ခဲ့ကြတာကို တွေ့ရပါတယ်။

အမေရိကန်စစ်သားများက အင်ဒီးယန်း လူမျိုးများကိုသတ်ဖြတ်သူများကိုပင် မသိကျိုးကျွန်ပြုကာ    တစ်ခါတလေများတွင် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်လိုက်သည်များလည်း ရှိပါတယ်။

အလားတူ အင်ဒီးယန်းများနဲ့ ပတ်သက်ပြီး အမုန်းစကား ပြောဆိုမှုများနဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်များကို အင်ဒီးယန်းများ အမြစ်ဖြတ်သုတ်သင်ခံရတဲ့အကြောင်း ပြုစုထားတဲ့ စာတမ်းအများအပြားမှာ အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ကို  ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီစာတမ်းတွေကို ပြန်လှန်ကြည့်ရင် အလွန်ကြောက်စရာကောင်းတဲ့ လူသတ်ပွဲများ အကြောင်းနဲ့   အမေရိကန်အစိုးရ တာဝန်ရှိသူများအနေနဲ့   အင်ဒီးယန်းများအပေါ် ဘယ်လောက်အထိ ရက်စက်ယုတ်မာခဲ့လဲ ဆိုတာတွေကို အထင်းသားမြင်တွေ့နိုင်ဦးမှာပါ။

ဒီထဲကမှ အထင်ရှားဆုံးသော လူသတ်ပွဲများနဲ့ စစ်ပွဲများကိုပြပါဆိုရင် ၁၇၈၂ ခုနှစ်မှာ ဖြစ်ပွားတဲ့ ဂနာဒန်ဟက်တန်လူသတ်ပွဲ၊ ၁၈၁၁ ခုနှစ်မှာဖြစ်ပွားတဲ့ တစ်ပက်ကနူး တိုက်ပွဲ၊ ၁၈၁၃ ခုနှစ်မှာဖြစ်ပွားတဲ့ ခရိစစ်ပွဲ၊ ၁၈၆၂ ခုနှစ်မှာဖြစ်ပွားတဲ့   မန်ကာတို လူအစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်း၊ ၁၈၆၄ ခုနှစ်မှာဖြစ်ပွားတဲ့ ဆန်းခရိလူသတ်ပွဲတို့ပါပဲ။

ဒါတွေက အရင်တုန်းက ဖြစ်တာတွေဖြစ်တဲ့အတွက် အခုအချိန်မှာ မရှိတော့ဘူးလားလို့ မေးလာစရာရှိပါတယ်။ တကယ်တော့ အခုအချိန်ထိတိုင် လူဖြူလူမည်းပြဿနာက အမေရိကန်မှာ ကြီးထွားနေဆဲပါ။

ဟိုတစ်လောလေးကမှ     လူမည်း အမျိုးသားတစ်ဦးကို  လူဖြူရဲအရာရှိတစ်ဦးက လူမဆန်စွာ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကလည်း တကယ့်ကို ကမ္ဘာကျော်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးရဲ့ အစပိုင်းမှာ အမေရိကန်တွေဟာ မွေးလာကတည်းက သူတစ်ပါးအပြစ်ကိုသာ လက်ညှိုးထိုးပြီး  ကိုယ့်အပြစ်ကိုတော့ နည်းမျိုးစုံနဲ့ ဖုံးကွယ်ရမယ်လို့ သင်ပြခံခဲ့ရသူတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း ကျွန်တော်ပြောခဲ့တာ လွန်မယ်မထင်ပါဘူး။

အမေရိကန်ရဲ့ ခေတ်သစ်လူမျိုးတုံး သတ်ဖြတ်မှုများ

လူမျိုးတုံးသတ်ဖြတ်မှုကို သီးခြားပြစ်မှု တစ်ခုအနေနဲ့ ၁၉၄၈ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံက တစ်ခဲနက် အတည်ပြုခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

အထက်မှာပြောခဲ့တဲ့ အင်ဒီးယန်းလူမျိုးများကို အမေရိကန် ဘိုးဘေးဘီဘင်တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာဟာ ၁၉၄၈ ခုနှစ်မတိုင်ခင်ဖြစ်တာဖြစ်တဲ့အတွက် လူမျိုးတုံး သတ်ဖြတ်မှုဥပဒေနဲ့ လွတ်ကင်းတယ်လို့ ဆင်ခြေပေးကောင်းပေးနိုင်ပါတယ်။

သို့သော်လည်း ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာမှ အမေရိကန်က သိသိလျက်နဲ့ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ အများကြီး ရှိပါသေးတယ်။ အဲဒီထဲကမှ အထင်ရှားဆုံးသော လူမျိုးတုံးသတ်ဖြတ်မှု တချို့ကိုတင်ပြသွားပါမယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၁၉၅၄ ခုနှစ် ဒိန်ပင်ဖူးတိုက်ပွဲမှာ ပြင်သစ်ကိုအနိုင်ရပြီးနောက် ဗီယက်နမ်နိုင်ငံဟာ တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်ဆိုပြီး နှစ်ပိုင်းကွဲသွားခဲ့ပါတယ်။

အမေရိကန်တို့က   တောင်ဗီယက်နမ်ဘက်ကနေ ပါဝင်တိုက်ခိုက်တဲ့အနေနဲ့ ၁၉၅၅ ခုနှစ်မှာ စစ်ရေးအကြံပေးတွေကို လည်းကောင်း၊ ၁၉၅၆ ခုနှစ်မှာ စစ်သည်တွေကို လည်းကောင်း စေလွှတ်လိုက်ပါတယ်။

တကယ်တော့ဒီစစ်ပွဲဟာ အမေရိကန်နဲ့ တခြားမဟာမိတ်နိုင်ငံတွေက ဒေသတွင်းမှာ ကွန်မြူနစ်ဝါဒကြီးစိုးမှု မရှိစေဖို့ စစ်အင်အားပြတဲ့ စစ်ပွဲတစ်ပွဲသာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်တို့က ဒီစစ်ပွဲကို အလွယ်တကူ   မအောင်မြင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ရှက်ရမ်းရမ်းပြီး လုပ်မိလုပ်ရာ တွေလုပ်တဲ့အတွက် လူမျိုးတုံး သတ်ဖြတ်မှုတွေဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်။

ဗီယက်နမ်နိုင်ငံအတွင်း အမေရိကန်တို့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုများ အနက် အထင်ကရ တစ်ခုက   ၁၉၆၈  ခုနှစ်မှာဖြစ်ပွားတဲ့ မိုင်လေလူသတ်ပွဲဖြစ်ပါတယ်။    အဲဒီ လူသတ်ပွဲမှာ အမေရိကန်စစ်သည်တွေက ဗီယက်နမ်အမျိုးသမီးနဲ့   ကလေးငယ် အယောက် ၃ဝဝ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ။

နောက်တစ်ခုက ဓာတုစစ်ပွဲကိုဆင်နွှဲပြီး ကမ္ဘာသိလူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာ တွေ့ရပါတယ်။ အဲဒီဓာတုစစ်ပွဲကတော့ ဓာတုပေါင်းသတ်ဆေးတွေကို ဗီယက်နမ် မြေပေါ်မှာကြဲချခဲ့တဲ့ စစ်ပွဲပါ။

အမေရိကန်က ဗီယက်နမ်မြေပေါ်မှာ ကြဲချခဲ့တဲ့ ဓာတုပေါင်းသတ်ဆေး ဂါလန်ပေါင်း ၁၉ သန်းတောင်ရှိပါတယ်။ အဲဒီ ဓာတုပေါင်းသတ်ဆေးတွေဟာ လူသားတွေအတွက် အန္တရာယ်များမှန်း   အမေရိကန် အစိုးရက သိသိလျက်နဲ့ တမင်တကာ ဒီစစ်ပွဲကို ဆင်နွှဲခဲ့တာပါ။

ဒီဓာတုစစ်ပွဲကြောင့် ဦးခေါင်းပုံစံမမှန်ဘဲ မွေးလာသူတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း မပြည့်မစုံနဲ့ မွေးလာသူတွေကို ဗီယက်နမ်နိုင်ငံမှာ အခုအချိန်အထိတွေ့မြင်နိုင်ပါသေးတယ်။ ဒါဆိုရင် စစ်ပွဲဖြစ်ပွားချိန်နဲ့ စစ်ပြီးစကာလမှာ    ဗီယက်နမ်ပြည်သူတွေ ဘယ်လောက်အထိ သေဆုံးမလဲဆိုတာကို ခန့်မှန်းကြည့်နိုင်မယ်လို့ ထင်ပါတယ်။

ဒီလိုဓာတုပစ္စည်းတွေကို အနည်းငယ်မျှသာထိမိတဲ့ အမေရိကန်စစ်ပြန် တချို့ဆိုရင်လည်း အရေပြားယားယံတာတွေ၊ အသက်ရှူရခက်တာတွေ၊ အရွယ်မတိုင်မီ ကင်ဆာရောဂါ ဖြစ်တာတွေကို ခံစားရတာတွေ့ရပါတယ်။

ဒါပေမဲ့ ဗီယက်နမ်တို့ဟာ အမေရိကန်တို့ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားမစွဲနိုင်ခဲ့ပါဘူး။ တရားစွဲဆိုခွင့်လည်း မရခဲ့ပါဘူး။ ဗီယက်နမ်တို့အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ရသည့်တိုင် သူတို့အတွက် တရားမျှတမှုဆိုတာကို ရှာဖွေမတွေ့ခဲ့ပါဘူး။

ဒီကိစ္စမှာတော့ အမေရိကန်တို့က တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိသော်လည်း ဂွာဒီမာလာပြည်တွင်းစစ် အတွင်းမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂွာဒီမာလာ လုံခြုံရေးတပ်ဖွဲ့တွေကို အမေရိကန်တို့က စစ်လက်နက်ပစ္စည်းများ    အတိအလင်း ထောက်ပံ့ပေးခဲ့တာပါ။

နှစ်ပေါင်း ၃၆ နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဂွာဒီမာလာ ပြည်တွင်းစစ်မှာ သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းက နှစ်သိန်းဝန်းကျင် ရှိပါတယ်။ ဒီပမာဏဟာ တော်တော်များတဲ့ ပမာဏပါ။

ဒီစစ်ပွဲမှာ အမေရိကန်တို့က အကြံပေးများစေလွှတ်ခြင်း၊ လက်နက်ပစ္စည်းများနဲ့ ငွေကြေးများ ထောက်ပံ့ခြင်းတို့ဖြင့် တစ်ဖက်လှည့်နဲ့ ပါဝင်ခဲ့တယ်ဆိုတာကို အမေရိကန် ထောက်လှမ်းရေး ထုတ်ပြန်ချက်များမှာ ဖော်ပြထားတာတွေ့ရပါတယ်။

နောက်ထပ်ပြောရမယ်ဆိုရင် အမေရိကန်တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲကို ခေါင်းစဉ်တပ်လို့ အရှေ့အလယ်ပိုင်းဒေသတွေကို   ကျူးကျော်စစ်တွေ ဆင်နွှဲခဲ့ပါတယ်။

အထင်ရှားဆုံးကတော့ အာဖဂန်နစ္စတန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျားစတဲ့နိုင်ငံတွေမှာ   အမေရိကန်တို့က  အကြောင်း အမျိုးမျိုးပြကာ ကျူးကျော်စစ်တွေ ဆင်နွှဲခဲ့တာကို စာချစ်သူများ အားလုံးအသိဖြစ်မှာပါ။

အမေရိကန်ရဲ့ကျူးကျော်စစ်ကြောင့် အဲဒီ နိုင်ငံတွေမှာ အပြစ်မဲ့ပြည်သူ သိန်းပေါင်းများစွာ သေဆုံးခဲ့ရသလို သန်းပေါင်းများစွာ ဒဏ်ရာရရှိခဲ့ရပါတယ်။

ဒါ့အပြင် ကျူးကျော်ခံရတဲ့နိုင်ငံတွေဟာ သူတို့ဆီကနေ  သယံဇာတထုတ်ယူမှုတွေ၊ အိုးအိမ်အဆောက်အအုံ ဖျက်ဆီးခံရမှုတွေကြောင့်လည်း ယနေ့ထိတိုင် နာလန်မထူနိုင်သေးပါဘူး။

ဒါတင်ပဲလားဆိုတော့ တစ်ချိန်တုန်းက အစာရေစာ ဝဝလင်လင်စားခဲ့ရတဲ့ အဲဒီနိုင်ငံတွေက ပြည်သူတွေဟာ အမေရိကန်တို့ရဲ့ကျူးကျော်စစ်နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အခုအချိန်မှာ အငတ်ဘေးဆိုက်နေရပါပြီ။ ဒါတွေဟာလည်း လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့  ပြစ်မှုတွေဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်တော့်ရဲ့ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတော့မယ်။ အမေရိကန်တို့ဟာ လွတ်လပ်ရေးမရခင် အချိန်ကတည်းကစလို့ နေရင်း  တိုင်းရင်းသား လူမျိုးတွေဖြစ်တဲ့ အင်ဒီးယန်းတွေအပေါ်မှာ   လူမျိုးတုံး သတ်ဖြတ်မှုတွေကို တရားဝင် ကျူးလွန်ခဲ့ကြပါတယ်။ ဒီကနေ့အချိန်အထိလည်း လူဖြူလူမည်း ခွဲခြားမှုနဲ့အတူ အလားတူပြစ်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲဖြစ်တာကိုတွေ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာဆိုရင်လည်း လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာ ဓာတုပစ္စည်းတွေကို အတိုင်းအဆမရှိ သုံးခဲ့တာလည်း အမေရိကန်ပါပဲ။ ဒါ့အပြင် အရှေ့အလယ်ပိုင်းမှာ သန်းပေါင်းများစွာသော ပြည်သူတွေ အိုးပစ်အိမ်ပစ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ အစာရေစာငတ်မွတ် ခေါင်းပါးရတာတွေအားလုံးဟာ အရင်းစစ်လိုက်ရင် အမေရိကန်ကြောင့်ချည်းပါပဲ။

ဒါပေမဲ့ ဒါတွေကို ကမ္ဘာ့အဖွဲ့အစည်းများက သိလျက်နဲ့ မသိချင်ယောင်ဆောင်ထားတာတော့ တော်တော်လေး တရားနည်းလမ်း မကျပါဘူး။ ဒါကြောင့် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်လို့ သူတစ်ပါးကို လက်ညှိုးထိုးတတ်တဲ့ အမေရိကန်တို့အနေနဲ့ ကိုယ့်မျက်ချေးကိုယ် ပြန်မမြင်လေရော့သလားလို့ပဲ    မေးခွန်းထုတ်လိုက်ချင်ပါတော့တယ်။      ။

မှတ်ချက် ။   ဤဆောင်းပါးကို ကလောင်ရှင်၏ အာဘော်အတိုင်းတင်ပြထားခြင်းဖြစ်ပါသည်။