နေပြည်တော်၊ စက်တင်ဘာ- ၂၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဝတီသီလရှင် စာသင်တိုက်သို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတို့ စုပေါင်း လှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask များကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ တာဝန်ရှိသူများက အဆိုပါ စာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက် ပဓာနနာယက သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ပညာဝတီနှင့် စာချသီလရှင်ဆရာကြီးများထံ ဆက်ကပ် လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းမှုတွင် အဆိုပါစာသင်တိုက်ရှိ စာချစာသင် သာသနာ့နွယ်ဝင် သီလရှင် ၂၂၀ ပါးအတွက် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန် ၃၀ အိတ်အပါအဝင် ဆီ၊ ဆား၊ ပဲ စသည့်အမယ် ၄ မျိုးနှင့် Face Mask ၁၀၀၀ ခုတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က အဆိုပါ စာသင်တိုက်ရှိ သာသနာ့နွယ်ဝင် သီလရှင်များကို ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။