တပ်မတော်နှင့်ပြည်သူတို့၏ သမိုင်းဝင်အောင်ပွဲနေ့
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ မတ် ၂၇ ရက်)
၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက် (ယနေ့) သည်ကား (၇၇) နှစ်မြောက် တပ်မတော်နေ့ဖြစ်ပေသည်။ တပ်မတော်နေ့ဟု မော်ကွန်းတင်ထားသလို တပ်မတော်နှင့်ပြည်သူတို့၏ သွေးစည်းညီညွတ်မှုပြခဲ့သော နေ့ကောင်းနေ့မြတ် ဖြစ်ပေသည်။ မြန်မာတို့သည် နယ်ချဲ့ကျူးကျော်မှုကို အားမတန်၍ မာန်လျှော့ခဲ့ရသော်လည်း မျိုးချစ်စိတ်ဓာတ် ညံ့ဖျင်းခဲ့ကြသူများ မဟုတ်ကြပေ။ ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရရှိရေးအတွက် စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာတိုင်းရင်းသားတို့၏ အမျိုးသားရေးစိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန်တို့ ပြန်လည်နိုးကြား တက်ကြွလာအောင် စတင်ဖော်ဆောင်ခဲ့သော အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဖြစ်သည်။
မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဝိုင်အမ်ဘီအေသည် သစ်ပင်တစ်ပင်၏ ရေသောက်မြစ်နှင့်ပမာတူလှသည်။ ထိုအသင်းကြီးမှစတင်ခဲ့သော အမျိုးသားရေး စိတ်ဓာတ်သည် နောက်ဆုံးတွင် သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်ဖြစ်ပေါ်လာခဲ့ပြီး မြန်မာတို့၏ ကိုယ်ပိုင်တပ်မတော်တစ်ရပ်ကို စတင်ထူထောင်နိုင်ခဲ့သည်။ သခင်အောင်ဆန်းအပါအဝင် တော်လှန်ရေး ခေါင်းဆောင်များက နယ်ချဲ့အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန် တိုက်ခိုက်ရန်ဆုံးဖြတ်ပြီး နိုင်ငံခြား အဆက်အသွယ်ယူသည့်အခါ ဂျပန်ဗိုလ်မှူးကြီးဆူဇူကီးနှင့်အဆက်အသွယ် ရရှိပြီး ဂျပန်ပြည်သို့ရောက်ခဲ့သည်။ ထိုစဉ်ကသခင်အောင်ဆန်းနှင့် ဂျပန်စစ်ဘက်အာဏာပိုင်များ ဆွေးနွေးကြသည့်အခါ ဂျပန်ကမြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုကိုကူညီမည်။ မြန်မာလူငယ်များကို စစ်ပညာသင်ပေးပြီး လက်နက်တပ်ဆင်ပေးမည်။ တပ်မတော်ဖွဲ့ပြီး မြန်မာပြည်ထဲသို့ ချီတက်တိုက်ခိုက်သည့်အခါ မော်လမြိုင်မြို့ကိုသိမ်းပြီးလျှင် လွတ်လပ်ရေး ကြေညာပေးမည်ဟူ၍ သဘောတူညီချက် ရရှိခဲ့သည်။
ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်ဖွဲ့စည်းပြီး မြန်မာပြည်တွင်းချီတက်တိုက်ခိုက်သည့်အခါ မော်လမြိုင်မြို့ကို သိမ်းပိုက်ပြီးသော်လည်း ဂျပန်တို့ကလွတ်လပ်ရေး ကြေညာပေးခြင်းမရှိခဲ့သဖြင့် ထိုစဉ်ကတည်းကပင် ဗမာ့လွတ်လပ်ရေး တပ်မတော်က ဂျပန်တို့အပေါ် အယုံအကြည်မရှိခဲ့ပေ။
ထို့ထက်ဆိုးသည်မှာ ဂျပန်တပ်သားများမှာ မြန်မာပြည်သူလူထုအပေါ် နိုင်ထက်စီးနင်း ဆက်ဆံခြင်း၊ ရဟန်းသံဃာများပါမရှောင် ပါးရိုက်ခြင်းများအပြင် လူသားမဆန်စွာ ယုတ်မာရက်စက်သော လုပ်ရပ်များကြောင့် မြန်မာပြည်သူလူထုက မုန်းတီးမှုကြီးထွားလာခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်သည် စတင်ဖွဲ့စည်းစဉ်ကပင် အင်အားနည်းပါး ခဲ့သော်လည်း မြန်မာပြည်ထဲသို့ ချီတက်ဝင်ရောက်လာသည့်အခါတွင် တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးသော မြန်မာ့သားကောင်းများသည် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အလုံးအရင်းနှင့်ဝင်ရောက်လာကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်၏အင်အားမှာ နေ့ချင်းညချင်း တိုးပွားလာသည်မှာ အင်အားငါးသောင်း အထိဖြစ်လာခဲ့သည်။ ပြည်သူလူထု မကျေနပ်ချက်များပြားလာခြင်း၊ တပ်မတော်အင်အား ကြီးမားလာခြင်းတို့ကြောင့် ဂျပန်တို့က ပိုပြီးစနစ်ကျသော တပ်မတော်အသစ်ဖွဲ့ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖျက်သိမ်းကာ ဗမာ့ကာကွယ်ရေး တပ်မတော်ကို အင်အား ၃၀၀၀ ဖြင့် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ဖျက်သိမ်းခံရခြင်းကြောင့် တပ်မတော်သားတို့၏ ရင်ထဲတွင် မကျေနပ်ချက်များပိုမိုကြီးမားလာခဲ့သည်။
ဗမာ့ကာကွယ်ရေး တပ်မတော်ကာလမှာလည်း တပ်မတော်သားများအနေဖြင့် ဂျပန်တို့၏ ဖိနှိပ်ချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးကို ကြိတ်မှိတ်သည်းခံကာ ဂျပန်ထံမှ စစ်ပညာကိုသင်ယူခဲ့ကြသည်။ ဂျပန်တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည်ဆိုသော်လည်း ထိုလွတ်လပ်ရေးမှာ ဂျပန်တို့၏အုပ်ချုပ်မှု အောက်က အမည်ခံလွတ်လပ်ရေးမျှသာဖြစ်ခဲ့သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူတို့၏ မကျေနပ်မှုမှာ အမြင့်မားဆုံးအရှိန်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လဆန်းတွင် ဗမာ့တပ်မတော်မှ ခေါင်းဆောင်များ၊ ပြည်သူ့အရေးတော်ပုံပါတီမှ ခေါင်းဆောင်များ၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များသည် ဖက်ဆစ်တော်လှန်ရေးအတွက် အစည်းအဝေး ကျင်းပခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းကြီးများသတ်မှတ်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တော်လှန်ရေးကို စတင်ဆင်နွှဲခဲ့ကြသည်။
ပြည်သူတစ်ရပ်လုံးက တပ်မတော်နှင့်ညီညီညွတ်ညွတ် လက်တွဲကာ ဖက်ဆစ်တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ရှေးက မိမိတို့ဘိုးဘွား တပ်မတော်သားတို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကျေပွန်ခဲ့ကြသည်။
မိမိတို့လက်ထက်တွင်လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။ တပ်နှင့်ပြည်သူ လက်တွဲကူ ဘယ်သူခွဲခွဲ တို့မကွဲစိတ်ဓာတ်ဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မာစေရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။