မြန်မာ့ဆေးလောက၏အောင်မြင်မှုမော်ကွန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ရက်က ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး) သို့လာရောက်သည့်ခရီးစဉ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် လက်ရှိကာလအတွင်း အသုံးပြုနိုင်ရေး အမြန်ရရှိအောင်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ရေရှည်အတွက် ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး  သုတေသနပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ပြည်ပနိုင်ငံများနှင့်  ဆေးဘက်ဆိုင်ရာနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြင် လိုအပ်သည့်အချိန်တွင် အခြားကာကွယ်ဆေးများ ပြောင်းလဲထုတ်လုပ်နိုင်ရေးမြော်တွေး၍ စီမံဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ပါသည်။

ထိုလမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် Myancopharm ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး) ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဧပြီလနှင့် မေလအတွင်း ကာကွယ်ဆေးထိုးနှံရမည့်သူအားလုံးကို ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးကြိုးစား ဆောင်ရွက်လျက် ရှိပေရာ ကာကွယ်ဆေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီဖြစ်သည်။

ပုလင်းသွင်းဖြည့်တင်းခြင်းဆောင်ရွက်မှုဟုဆိုသော်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ထိုသို့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ အာဆီယံဒေသတွင် မြန်မာနိုင်ငံအပါအဝင် ငါးနိုင်ငံသာ ဆောင်ရွက်နိုင်ခဲ့သည်။

Sinopharm  ကာကွယ်ဆေးအား ပုလင်းသွင်းဖြည့်တင်းခြင်းကို ကမ္ဘာပေါ်တွင် လေးနိုင်ငံသာ လုပ်ဆောင် နိုင်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG ကလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု နည်းစဉ်များနှင့် အရည်အသွေး စမ်းသပ်စစ်ဆေးမှု နည်းစဉ်များကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ယခု

ကဲ့သို့ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်တွင်း၌ အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ ကာကွယ်ဆေးထုတ်လုပ်မှုနည်းစဉ်များ ရရှိခဲ့ရုံသာမက နိုင်ငံခြားငွေသုံးစွဲမှုကိုလည်းလျှော့ချနိုင်ခဲ့ခြင်းဖြစ်သည်။

Myancopharm  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ဆေးပုလင်းတစ်လုံးလျှင် လူငါးဦးစာ (5 Does) ဖြစ်၍ အပူချိန် (2-8 C) အတွင်းထားရှိရန် လိုအပ်ပြီး ဆေး၏သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း သိရှိရသည်။ စက်မှုဝန်ကြီးဌာနအနေဖြင့် လစဉ်ကာကွယ်ဆေး Does တစ်သန်းနှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကာကွယ်ဆေး Does ၁၀ သန်းထုတ်လုပ်သွားမည်ဖြစ်ပြီး ထုတ်လုပ်ပြီးသည့် ကာကွယ်ဆေးများ အားလုံးကို ကျန်းမာရေးဝန်ကြီး ဌာနမှတစ်ဆင့် ပြည်သူလူထုထံသို့ ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်သည့် အစီအစဉ်အတိုင်း အသုံးပြုသွားမည် ဖြစ်ပေသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနပြု ဆောင်ရွက်နိုင်ခြင်းနှင့် ထုတ်လုပ်ရေး ကိစ္စရပ်များမှာ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာမှ ယခုကဲ့သို့ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်း ဖြစ်ပေသည်။ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်ခြင်းဖြစ်ပြီး ရွှေရောင်လွှမ်းသော နေ့တစ်နေ့အဖြစ် ကမ္ပည်းတင်ကျန်ရစ်ခဲ့ပြီ ဖြစ်ပါသည်။

ယခုအခါမြန်မာနိုင်ငံ၌ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် မရှိမဖြစ်လိုအပ်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆေးဝါးစက်ရုံ(အင်းစိန်) ၏ ကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)တွင် ထုတ်လုပ်နိုင်ခဲ့ခြင်း သတင်းမှာ ပြည်သူလူထုမျှော်လင့်နေသော ဝမ်းသာဖွယ်သတင်းကောင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ပညာရှင်အပေါင်းကို ကျေးဇူးတင်သကဲ့သို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကိုလည်း ကျေးဇူးတင်ရပါသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်မှုသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် မေတ္တာသံယောဇဉ် ပိုမိုလေးနက်မှုကို ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးမှာ လုပ်ငန်းစီမံချက်အဆင့် (၁၂) ဆင့်ဖြင့် အသေးစိတ်လုပ်ငန်း အစီအစဉ်များ ချမှတ်၍ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည် ဟူသော ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ကမ္ဘာ့ကပ်ရောဂါ မည်သည့်အချိန်တွင် ပျောက်ကွယ်သွားမည်ကို မသိနိုင်သော အခြေအနေတွင် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးကဏ္ဍအတွက် အထောက်အပံ့ကောင်းများစွာ ရရှိစေမည်။ ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ပူပင်သောကဖြစ်မှုကို များစွာ လျော့ကျစေနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်မှုတွင် များစွာအထောက်အပံ့ပြုခဲ့ပြီ ဖြစ်သော်လည်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကိုမူ အသိ၊ သတိဖြင့် ဆက်လက်လုပ်ဆောင်သင့်ပါကြောင်း ရေးသားလိုက်ရပေသည်။