အခြေအမြစ်မရှိသောသတင်းမှား

အခြေအမြစ်မရှိသော သတင်းမှားသည် အဆိပ်အားလုံးထက်သာလွန်သော အဆိပ်ဟုဆိုနိုင်သည်။ အဆိပ်ရိုးရိုးသည် လူတစ်ဦးစ၊ နှစ်ဦးစမျှကိုသာသေဆုံးစေနိုင်သော်လည်း သတင်းအမှားအဆိပ်သည်ကား လူပေါင်းမြောက်မြားစွာကိုသေစေနိုင်သည်။ သို့တည်းမဟုတ် လူသားတို့၏ ဘဝများကို ဒုက္ခနွံတွင်းနစ်မွန်း စေနိုင်သည်။ အခြေအမြစ်မရှိသော သတင်းအမှားကို ဖြန့်ချိသူများမှာ ယင်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ရှေးရှုလုပ်ဆောင်ခြင်း ဖြစ်သည်။ အခြားသူတို့၏အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့လွန်းလှသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးကို ဦးတည်လျက်ရှိသည်။ စီးပွားရေးအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅ အတိုင်း နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟူသော ပြဋ္ဌာန်းချက်အတိုင်း ဖော်ဆောင်လျက်ရှိပါသည်။ ထို့အတူ ငွေကြေးသုံးစွဲမှုတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာမခံချက်ပေးထားပြီး ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းတွင် ငွေကြေးနှင့်ပတ်သက်သော ကောလာဟလများ အမျိုးမျိုး ထုတ်လွှင့်သောကြောင့် ပြည်သူများ သိရှိစေရန် ခိုင်ခိုင်မာမာ ပြန်လည်ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ခိုင်ခိုင်မာမာဟု ဆိုလိုက်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆ အတိုင်း လိုက်နာဆောင်ရွက်နေကြောင်း ရှင်းလင်းခြင်းဖြစ်သည်။ ပုဒ်မ ၃၆ (ဃ) စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု။

ပုဒ်မ ၃၆(င) တရားဝင်ထုတ်ပေးထားသောငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟူသော အချက်များကို ရှင်းရှင်းလင်းလင်း အာမခံထားခြင်း ဖြစ်သည်။

ရိုးသားသော အများပြည်သူတို့ကို အလွန်လည်သော လူလည်တစ်စုက သတင်းအမှားများ ဖြန့်ချိကာ လိမ်လည်နေကြသည်။ ယခုလတ်တလော ပျံ့နှံ့နေသည်မှာ ငွေတုကိစ္စဖြစ်သည်။ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူအတုရောင်းဝယ်ရေး Facebook Page များဖွင့်ပြီး ကြော်ငြာရောင်းချနေခြင်းများ ရှိနေသည်။ ငွေစက္ကူအစစ်များကို ဓာတ်ပုံရိုက်ပြီး Online တွင် လိမ်လည်ဖော်ပြထားခြင်းနှင့် အဟောင်းများ ကူးယူပြီး ဖော်ပြထားခြင်းများ တွေ့မြင်နေရသည်။ အင်တာနက်စာ မျက်နှာများပေါ်တွင် ငွေစက္ကူအတုများ ရောင်းချခြင်းဆိုသည့် အရောင်းအဝယ်ပြုလုပ်ခြင်း မဟုတ်ဘဲ Online တွင် ယုံကြည်အောင်ပြောဆိုပြီး ကြိုတင်လွှဲပို့သည့်ငွေများကို လိမ်လည်ရယူခြင်းမျိုး ဖြစ်သည်။

လိမ်လည်ခံရသူက ငွေကြိုတင်လွှဲလိုက်ပြီး လိမ်လည်သူက ငွေရရှိသည်နှင့် ဖုန်းပိတ်၊ အကောင့်ဖျက် သွားကြသည်။ ငွေစက္ကူအတုကို မည်သည့်နေရာတွင် ချထားမည် သွားယူပါဆိုသည့်ပုံစံဖြင့် ငွေကြိုလွှဲခိုင်းပြီး ပိတ်သွားခြင်း၊ လိမ်လည်သွားခြင်းများဖြစ်သည်။ နိုင်ငံတော်အတွင်း စီးပွားရေးမတည်မငြိမ်ဖြစ်စေရန် နှင့်ပြည်သူလူထုအတွင်း ငွေစက္ကူအတုပေါနေပြီ ဟူသော သတင်းများလွှင့်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝပျက်ပြားစေရန် ဦးတည်လုပ်ဆောင်နေခြင်း ဖြစ်သည်။ အလိမ်အညာခံရသူဆိုသည်မှာ လောဘစိတ်များလွန်း၍ လိမ်ညာခံရခြင်း ဖြစ်သည်။ မတရားသောနည်းဖြင့် ငွေကြေးပိုမိုရလိုမှုကြောင့် လိမ်လည်သူနှင့် လိမ်လည်လှည့်ဖြားခြင်းခံရသူတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အလိမ်အညာခံရသူတို့မှာ များသောအားဖြင့် ဗဟုသုတနည်းပါးသူများ ဖြစ်ကြသည်။ သတင်းစာမဖတ်၊ သတင်းလည်းနားမထောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိတိကျကျအာမခံချက်ပေးကာ ပြဋ္ဌာန်းထားသည်ကိုလည်းမသိသောကြောင့် လိမ်လည် လှည့်ဖြားသူတို့၏ ကျော့ကွင်းသို့ သက်ဆင်းမိကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၄ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းပြုမည် မဟုတ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ယုံကြည်စွာ သုံးစွဲနိုင်ကြောင်း အသိပေးပြောကြားလိုကြောင်း၊ ဗဟိုဘဏ်၏မှတ်တမ်းများအရ ငွေအတု ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁၉ ကြိမ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၆ ကြိမ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၂၅ ကြိမ်ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှု ပိုများပါကြောင်း၊ Online တွင် ငွေစက္ကူအတုနှင့် လိမ်လည်မှုနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ် မတ်လအတွင်း Online လိမ်လည်မှု ၇ မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ   ဆိုစကားအတိုင်း ဥပဒေကို လက်တစ်လုံးခြား လုပ်စားနေသူတို့သည် တရားဥပဒေအောက်သို့ ကျရောက်ခဲ့သည်သာ ဖြစ်ပေသည်။ တစ်ခါအလိမ်ခံရလျှင် လိမ်သူ၏အပြစ်၊ နှစ်ခါအလိမ်ခံရလျှင်မူ အလိမ်ခံရသူ၏ ညံ့ဖျင်းမှုသာ ဖြစ်သည်။ သို့ဖြစ်ပါ၍ အခြေအမြစ်မရှိသော သတင်းအမှားများကို မယုံကြည်သင့်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။