နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ပထမလုပ်ငန်းစဉ်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင် သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ပဉ္စမလုပ်ငန်းစဉ်သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရေးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဓိကဆောင်ရွက်ရမည့် နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။
ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်သမ္မတက ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ် အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ် ဆောင်ရွက်စေသည့် ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိသည့်အခါ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ် ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည် ဖြစ်သည်။
ပုဒ်မ ၄၂၉ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည် ဖြစ်သည်။
အထက်ဖော်ပြပါပြဋ္ဌာန်းချက်များအရ လာမည့်အထွေထွေရွေးကောက်ပွဲကို ခန့်မှန်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်းဖြစ်သော ခြောက်လတာကာလအတွင်း၌ ကျင်းပပေးရလိမ့်မည်ဟု မျှော်မှန်းသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် ထိုကာလနှင့် အကြိုကာလများတွင် တည်ငြိမ်အေးချမ်းမှုရှိရန်လိုသည်။ ရွေးကောက်ပွဲများကို တည်ငြိမ်အေးချမ်းပြီး မှန်ကန်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာပင်ဖြစ်သည်။ သို့ဖြစ်ရာ မဲဆန္ဒနယ်များတွင် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်လုပ်ရပ်များ ကင်းရှင်းနေရမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အနေဖြင့် ပထမလုပ်ငန်းစဉ်တွင် ပါဝင်သော ယခင်မဲစာရင်းများအား ပြန်လည် စစ်ဆေးခြင်း ဆောင်ရွက်ပြီးဖြစ်၍ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းနှင့်ပြုစုခြင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေတို့ကို ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့် လိုက်လျောညီထွေစွာ ပြဋ္ဌာန်းနိုင်ရေး စသည့်ရွေးကောက်ပွဲအကြိုကာလ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် အခြေခံအကျဆုံး၊ အရေးကြီးဆုံးနှင့် အစောဆုံးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သည် မဲဆန္ဒရှင်စာရင်းပြုစုခြင်းဖြစ်သည်။
မဲဆန္ဒရှင်စာရင်းသည် ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် နောင်ရွေးကောက်ပွဲအဆက်ဆက်အတွက် အသုံးပြုရမည် ဖြစ်ရာ စဉ်ဆက်မပြတ်ဆောင်ရွက် နေရမည့် လုပ်ငန်းစဉ်လည်းဖြစ်သည်။ ရွေးကောက်ပွဲ ၏အသက်သည် မဲဆန္ဒရှင်စာရင်းပင် ဖြစ်သည်။
ယခင်ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရစနစ် (First Past The Post-FPTP) မှ ယခု ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation-PR) သည် ရရှိသည့်ခိုင်လုံမဲအရေအတွက် ပေါ်မူတည်၍ အချိုးကျစနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အား သတ်မှတ်ပေးသည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းပြည့်စုံမှုနှင့် မှန်ကန်မှုသည် ပို၍ပင်အရေးကြီးမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲဆန္ဒရှင်အင်အားစာရင်း ၃၈၂၇၁၄၄၇ ဦးအား လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ နှင့်အညီ ပြန်လည် စစ်ဆေးခဲ့ရာ မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရလက်မှတ် အမှတ်မပါသူ ၄၈၆၉၄၂၇ ဦး၊ နိုင်ငံသားကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်ပါဝင်သူ ၃၅၉၆၂၀၆ ဦး၊ နိုင်ငံသားကတ်အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက်ပါဝင်သူ ၂၉၅၄၀၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ်အချင်းချင်း မဲစာရင်းထပ်မှု (Cross Check) ၁၀၉၁၇၇၆ ဦး၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်း မဲစာရင်းထပ်မှု (Cross Check) ၁၄၁၇၅၉၈ ဦး၊ အသက် ၁၀၀ နှစ်အထက် ၂၀၅၆၆ ဦး၊ အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်သူ ၁၄၄၁၂ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်ပြန်တမ်းဖြင့် ထုတ်ပြန်ခဲ့သည့် ၂၆-၇-၂၀၂၁ ရက်စွဲပါ ကြေညာချက်အမှတ်၊ ၂/၂၀၂၁ အရလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရလည်းကောင်း လေ့လာ သိရှိခဲ့ရသည်။
သာမန်အားဖြင့် လွှတ်တော်သုံးရပ် ရွေးကောက်ပွဲအတွက် မဲစာရင်းကို ပုံစံ(၁)ဖြင့် လည်းကောင်း၊ တိုင်းရင်းသား လူမျိုးအလိုက် မဲစာရင်းကို ပုံစံ (၁-က)ဖြင့်လည်းကောင်း ပြုစုရသည်။ မဲစာရင်းပုံစံများတွင် ဇယားတိုင် ၉ ခု ပါဝင်သည်။ ပြည့်စုံမှန်ကန်သော မဲစာရင်းဆိုသည်မှာ မဲဆန္ဒရှင်နှင့် သက်ဆိုင်သော အချက်အလက်များဖြစ်သည့် အမည်၊ ကျား၊ မ၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အဘအမည်၊ အမိအမည်၊ နေရပ်လိပ်စာတို့ ကွက်လပ်ကျန်မနေစေဘဲ ပြည့်စုံစွာပါဝင်ရမည်ဖြစ်သည်။ ၎င်းအချက်အလက်များသည် နှုတ်ဖြင့်မေး၍ နှုတ်ဖြင့်ဖြေကြားချက်ကို ဖြည့်စွက်ရခြင်းမျိုး မဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဥပဒေနှင့်အညီထုတ်ပေးသည့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လူဦးရေစာရင်းတို့ကို အထောက်အထားပြု၍ မှန်ကန်စွာပြုစုရန် လိုအပ်သည်။ ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်ရန် လိုအပ်သကဲ့သို့ မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင်မပါစေရန်လည်း အရေးကြီးသည်။
ထို့ပြင် မဲစာရင်းတွင် အငြင်းပွားမှုများ၊ မဲမသမာမှုများ ဖြစ်စေနိုင်သော မဲစာရင်းဖောင်းပွမှုများနှင့် မဲစာရင်း မှားယွင်းမှုများ မဖြစ်စေရန်လည်း သတိပြုရမည်။ နောင်ရွေးကောက်ပွဲများအတွက် စဉ်ဆက်မပြတ် အသုံးပြုနိုင်သည့် မှန်ကန်ရှင်သန်နေသော မဲစာရင်းဖြစ်နေစေရန်လည်း လိုအပ်သည်။ မဲဆန္ဒရှင်စာရင်းသည် အမြဲတမ်း ပြောင်းလဲနေသော လူဦးရေစာရင်းကို အခြေခံရသည်ဖြစ်ရာ စာရင်းများ မှန်ကန်ရှင်သန်နေ စေရေးအတွက် စာရင်းပြုစုခြင်း၊ စာရင်းများစိစစ်ခြင်း၊ စာရင်းများထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို နည်းပညာအထောက်အကူဖြင့် ပြောင်းလဲကျင့်သုံးရန် မဖြစ်မနေလိုအပ်မည် ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းများ စဉ်ဆက်မပြတ် မှန်ကန်ရှင်သန်နေစေရေးအတွက် အခြေခံကျကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သုံးရပ်ကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရသည် -
(၁) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဥပဒေ ရေးရာမူဘောင်၊
(၂) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ နိုင်ငံသားလုပ်ငန်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်၊
(၃) ပြည်ထဲရေးဝန်ကြီးဌာန၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများပါ ရပ်ကွက်/ကျေးရွာအုပ်စု လူဦးရေအခြေပြစာရင်း အ/ပုံစံ-၁(က)၊ ရပ်ကွက်/ကျေးရွာအုပ်စု လူဦးရေပြောင်းရွှေ့ဝင်ရောက်မှုနှင့် ပြောင်းရွှေ့ထွက်ခွာမှု အခြေပြ စာရင်း အ/ပုံစံ - ၁(ခ)၊ ရပ်ဝေးဒေသတွင် သွားရောက် အလုပ်လုပ်ကိုင်သူများစာရင်း အ/ပုံစံ - ၁ (ဂ)၊ မွေးစာရင်းမှတ်ပုံတင် အ/ပုံစံ - ၂၊ သေ စာရင်းမှတ်ပုံတင် အ/ပုံစံ -၃ စသည်ဖြင့် မြေပြင်လူဦးရေစာရင်းများ မှန်ကန်ရေးနှင့် မဲဆန္ဒရှင်စာရင်းကို အထောက်အကူဖြစ်စေ သည့် စာရင်းများပြုစုခြင်းလုပ်ငန်းစဉ်တို့ ဖြစ်သည်။
လုပ်ငန်းစဉ် (၁) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းအတွက် လိုအပ်သော ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ခြင်းကို ဆောင်ရွက်နေပြီဖြစ်သည်။ မဲစာရင်းတွင်ပါဝင်ရန် နိုင်ငံသားဖြစ်ကြောင်း ဥပဒေအရ တရားဝင်အထောက်အထားဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရလက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ရမည်။ နေထိုင်မှုနှင့် ပြောင်းဝင်/ပြောင်းထွက်မှုအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ထုတ်ပေးထားသည့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းတို့ကိုအခြေခံပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။ ကော်မရှင်ရုံးချုပ်တွင် ပင်မဆာဗာတစ်ခု တည်ဆောက်ပြီး အခြေခံမဲဆန္ဒရှင်စာရင်းများပြုစုခြင်း၊ စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနှင့်အချက်အလက်များ စီမံခန့်ခွဲခြင်းကို နည်းပညာအထောက်အကူဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။
လုပ်ငန်းစဉ် (၂) အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း လာမည့် ရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ ရသင့်သော နိုင်ငံသား ကတ်တစ်ခုခု ရရှိရေးနှင့် အိမ်ထောင်စုတိုင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များ ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံသားလုပ်ငန်းနှင့် ပြောင်းဝင်/ပြောင်းထွက် လူဦးရေစာရင်းများ မှန်ကန်ရေး လုပ်ငန်းစဉ်၏ အခြေခံသည် အိမ်ထောင်စု လူဦးရေစာရင်းပင် ဖြစ်သည်ဟု လေ့လာမိပါသည်။ ပန်းခင်းစီမံချက်အရ ရရှိလာသည့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အသစ်များအပြင် ယခင်ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေစာရင်းများတွင်လည်း စာရင်းအချက်အလက်များ နောက်ဆုံး အခြေအနေအထိ စိစစ်နိုင်ရန်လိုအပ်သည်။ ဥပမာ- မွေးတိုး၊ သေဆုံးလျော့စာရင်းများ စိစစ်ခြင်း၊ နိုင်ငံသားကတ် အမှတ်ကွက်လပ်တွင် အသစ်ရရှိလာသော နိုင်ငံသားကတ်အမှတ်များ ဖြည့်သွင်းခြင်း၊ နိုင်ငံသား ကတ်အမှတ်တူများအား စိစစ်ခြင်း၊ အိမ်ထောင်စုစာရင်းများ တစ်စောင်ထက်ပို၍ထပ်နေခြင်းအားစိစစ်ခြင်း၊ အိမ်ထောင်စုစာရင်း ရုံးလက်ခံမှတ်တမ်းရှိသော်လည်း မြေပြင်တွင်နေထိုင်မှုမရှိတော့သည့် အိမ်ထောင်စုများအား စိစစ်ခြင်းတို့သည် လူဦးရေစာရင်းများ မှန်ကန်ရေးနှင့် မဲစာရင်းမှန်ကန်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် အထောက်အကူပြုလုပ်ငန်းများ ဖြစ်ပါသည်။ အချို့တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်များတွင် ပန်းခင်းစီမံချက် ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ကြားသိနေရသည်။ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးနှင့် နိုင်ငံသားကတ်ကိုယ်စီဖြင့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအပါအဝင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဦးတည်ချက်ဖြင့် ဆောင်ရွက်သော နိုင်ငံလုံးဆိုင်ရာ စီမံချက်ဖြစ်သဖြင့် မဲဆန္ဒရှင်နိုင်ငံသားများအားလုံးကလည်း မိမိတို့၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ပူးပေါင်းပါဝင်ပေးကြရန် မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။
လုပ်ငန်းစဉ် (၃)အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ထားရှိရမည့် ပုံစံ ၂၇ မျိုးတွင် အ/ပုံစံ - ၁ (က)၊ အ/ပုံစံ - ၁(ခ)၊ အ/ပုံစံ - ၁(ဂ)၊ အ/ပုံစံ - ၂၊ အ^ပုံစံ - ၃ တို့သည် မြေပြင်လူဦးရေစာရင်းများ မှန်ကန်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် အထောက်အကူပြုလူဦးရေစာရင်းများ ဖြစ်ပါသည်။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများ အရလည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ထုတ်ပေးထားသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးက ပြုစုထားသည့် မြေပြင်ရှိလူဦးရေစာရင်းများကို တိုက်ဆိုင်စိစစ်ပြီး မဲဆန္ဒရှင်စာရင်းသို့ ကူးပြောင်းပြုစုရခြင်းပင်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈ (က)အရ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ ဥပဒေအရလည်း နိုင်ငံသား အထောက်အထားဖြစ်သော နိုင်ငံသားကတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားသည့် နိုင်ငံသားဖြစ်မှသာလျှင် မဲစာရင်းတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ အိမ်ထောင်စုတိုင်းတွင်လည်း နေထိုင်မှုနှင့် ပြောင်းဝင်/ပြောင်းထွက်မှု အထောက်အထားဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)ရှိရန် လိုအပ်သည်။ မဲစာရင်းတွင် ပါဝင်မှသာ ရွေးကောက်ပွဲတွင် မိမိနှစ်သက်ရာ ပါတီကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့ကို ဆန္ဒမဲပေး၍ ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)မှ ရရှိသည့် အခြေခံမဲဆန္ဒရှင်စာရင်းများနှင့် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးစီမံချက်ကို ပြည်ထောင်စုနယ်မြေ အတွင်းရှိ မြို့နယ်များတွင်ဆောင်ရွက်ခဲ့သည်။ သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်အလိုက် စီမံချက်ပါ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်သည်။ အဆိုပါ စီမံချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အဆင့်ဆင့်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/ မြို့နယ်ဦးစီးမှူးရုံး အဆင့်ဆင့်တို့ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ကို အခြေခံ၍ ပြုစုထားသည့် စာရင်းများနှင့် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို အဆင့်ဆင့် ဆောင်ရွက်လျက်ရှိသည်။ တိုးလာသော အင်အားစာရင်းနှင့် လျော့သွားသော အင်အားစာရင်းများကိုလည်း ပြောင်းဝင်/ပြောင်းထွက်/ကွယ်လွန်စာရင်းများနှင့် ပန်းခင်းစီမံချက်မှ ထပ်မံရရှိလာမည့် စာရင်းများဖြင့် စိစစ်ခြင်း၊ ထပ်နေသောစာရင်းများကိုလည်း စာရင်းမှန်ရရှိရန် စိစစ်ခြင်းတို့ကို စီမံခန့်ခွဲမှုအင်အား၊ ပူးပေါင်းဆောင်ရွက်မှု အင်အား၊ နည်းပညာအထောက်အကူအင်အားတို့ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ လာမည့် အထွေထွေရွေးကောက်ပွဲများအတွက် ဥပဒေအရ အခြေခံရမည့် လူဦးရေစာရင်းများ မှန်ကန်ရေးနှင့် မှန်ကန်ရှင်သန်နေသော မဲဆန္ဒရှင်စာရင်းများရရှိရေးအတွက် သက်ဆိုင်ရာဌာန အသီးသီးက စာရင်းများ အပြန်အလှန်စိစစ်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စိစစ်ခြင်း စီမံချက်တွင် မဲဆန္ဒရှင်ပြည်သူများကလည်း ပူးပေါင်းပါဝင်ကြခြင်းဖြင့် နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံသား တာဝန်များကို လျော်ကန်သင့်မြတ်စွာ ကျင့်သုံးနိုင်ကြစေရန် မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ဆန္ဒပြုတိုက်တွန်း လိုက်ရပါသည်။ ။
မဲဆန္ဒရှင်တစ်ဉီး