ရန်ကုန် မတ် ၂၈
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က မတ်လအတွက် လက်ရွေးစင် အမျိုးသမီးအသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် ကမ္ဘာ့အဆင့် နှစ်ဆင့် မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့်(၄၅)ဖြင့် အာဆီယံအဆင့်(၃)နေရာ၌ရပ်တည်လျက် ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲအဖြစ် ဇန်နဝါရီလအတွင်းက ၂၀၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပွဲစဉ်များတွင် အာရှအင်အားကြီး အသင်းများဖြစ်သော ဂျပန်အသင်းနှင့် တောင်ကိုရီးယား အသင်းတို့ကို ရှုံးနိမ့်ခဲ့သော်လည်း ဗီယက်နမ်အသင်းနှင့် သရေရလဒ် ထွက်ပေါ်ခဲ့ကာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၂ အမျိုးသမီးအာရှဖလားပြိုင် ပွဲနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ခြင်း မရှိသော်လည်း မတ်လအတွက် အဆင့်သတ်မှတ်ချက်တွင် ၁၅၂၄ မှတ် ရရှိခဲ့ပြီး ကမ္ဘာ့အဆင့် (၄၅) နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
မတ်လအတွက် အဆင့်သတ်မှတ်ချက်တွင် အဆင့်ကြီးကြီးမားမား ပြောင်းလဲမှုအဖြစ် ပြီးခဲ့သည့် ၂၀၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်အထိတက်ရောက်ပြီး အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ခွင့် ရရှိခဲ့သည့် ဖိလစ်ပိုင် အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် ၁၀ ဆင့်အထိ မြင့်တက်ခဲ့သည်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က မတ်လအတွက် လက်ရွေးစင်အမျိုးသမီးအသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရ အာဆီယံဇုန်အတွင်းအသင်းများ၏ ရပ်တည်မှုတွင် ဗီယက်နမ်အမျိုးသမီး အသင်းက အဆင့်အပြောင်းအလဲမရှိဘဲ ကမ္ဘာ့အဆင့် (၃၂) ဖြင့် အာဆီယံအဆင့်(၁)နေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ထိုင်း အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် (၄၃)ဖြင့် အာဆီယံအဆင့်(၂)နေရာ၌လည်း ကောင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် (၄၅) ဖြင့် အာဆီယံ အဆင့်(၃)နေရာ၌လည်းကောင်း၊ ဖိလစ်ပိုင် အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် ၁၀ ဆင့်မြင့်တက်ခဲ့ကာ ကမ္ဘာ့အဆင့် (၅၄) ဖြင့် အာဆီယံအဆင့် (၄)နေရာ၌လည်း ကောင်း၊ လာအိုအမျိုးသမီးအသင်းက ကမ္ဘာ့အဆင့်တစ်ဆင့်မြင့်တက်ခဲ့ပြီး အာဆီယံ အဆင့်(၅)နေရာ၌လည်းကောင်း၊ မလေးရှား အမျိုးသမီးအသင်းကလည်း အဆင့် အပြောင်းအလဲ မရှိခဲ့ဘဲ ကမ္ဘာ့အဆင့် ၈၈ ဖြင့် အာဆီယံအဆင့်(၆)နေရာ၌လည်း ကောင်း၊ အင်ဒိုနီးရှားအသင်းက ကမ္ဘာ့ အဆင့် နှစ်ဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် (၉၆) ဖြင့် အာဆီယံအဆင့် (၇)နေရာ၌ လည်းကောင်း၊ စင်ကာပူ အမျိုးသမီးအသင်း က ကမ္ဘာ့အဆင့် တစ်ဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် (၁၃၅) ဖြင့် အာဆီယံအဆင့် (၈)နေရာ၌ လည်းကောင်း အသီးသီးရပ်တည်ခဲ့ကြပြီး ဘရူနိုင်းအမျိုးသမီးအသင်း၊ ကမ္ဘောဒီးယား အမျိုးသမီးအသင်းနှင့် တီမောအမျိုးသမီးအသင်းတို့က ကမ္ဘာ့အဆင့်သတ်မှတ်ချက်မရှိသေးကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် မေလအတွင်း ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့၌ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
STA