ယူကရိန်းပဋိပက္ခမှ ထွက်ပေါ်လာတဲ့ အလားအလာနှစ်ရပ်နဲ့ တရုတ်-အမေရိကန် အားပြိုင်မှုအပေါ် သက်ရောက်နိုင်မှု

ယူကရိန်းပဋိပက္ခမှ ထွက်ပေါ်လာတဲ့ အလားအလာနှစ်ရပ်နဲ့ တရုတ်-အမေရိကန် အားပြိုင်မှုအပေါ် သက်ရောက်နိုင်မှု

    လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး  တရုတ်နိုင်ငံရဲ့ တရားဝင်ရပ်တည်ချက်က ကမ္ဘာ့နိုင်ငံများကို သို့လောသို့လော ဖြစ်စေပါတယ်။

ရုရှားကိုဆန့်ကျင်တဲ့ အဖွဲ့တွေဘက်ကနေ တရုတ်ရဲ့ရပ်တည်ချက်ကိုကြည့်ရင် မရေရာမပြတ်သားတဲ့ အခြေအနေကို တွေ့မြင်နိုင်မှာပါ။

တစ်ဖက်မှာဆိုရင် ရုရှားက ယူကရိန်း အပေါ်ဆင်နွှဲတဲ့  အထူးစစ်ဆင်ရေးဟာ နိုင်ငံတော်အချုပ်အခြာ အာဏာနဲ့နယ်မြေ ပိုင်နက်တည်တံ့ခိုင်မြဲရေး ကိစ္စတွေနဲ့ဆက်စပ်နေတယ်ဆိုတာကို  တရုတ်နိုင်ငံဘက်က ငြင်းဆိုထားခြင်း မရှိပါဘူး။

အလားတူပဲ NATO တပ်ဖွဲ့ရဲ့ ဥရောပအရှေ့ခြမ်းကို နယ်မြေချဲ့ထွင်မှုက အခုဖြစ်ပွားရတဲ့ ပဋိပက္ခရဲ့အကြောင်းရင်းခံဖြစ်တယ်လို့ တရုတ်ကရှုမြင်ထားသလို ရုရှားရဲ့နိုင်ငံတော် လုံခြုံရေးစိုးရိမ်ရမှုတွေကိုလည်း ထပ်တူ   နားလည်သဘောပေါက် ထားပါတယ်။

ဒါ့အပြင် လက်ရှိ တရုတ်လူမှုမီဒီယာတွေမှာ မြင်တွေ့နေရတဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ တရုတ်ပြည်သူအများစုက  ယူကရိန်းအပေါ် ရုရှားရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ဘာကြောင့် အခုလိုလုပ်ရတယ်ဆိုတာကို ထဲထဲဝင်ဝင်နားလည် သဘောပေါက်ကြောင်း  ဖော်ပြလာကြတာပါပဲ။

တရုတ်နိုင်ငံရဲ့ရပ်တည်ချက်ဟာ စစ်ဖြစ်တာကိုလက်ခံတယ်လို့ မဆိုလိုနိုင်ပါဘူး။ ဒါပေမဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုတွေရဲ့ ထိန်းချုပ်မှုနဲ့   တိုက်ခိုက်မှုအတွက် ပစ်မှတ်တွေဖြစ်နေတယ်ဆိုတဲ့ ခံယူချက် သဘောထားကတော့ ရုရှားနိုင်ငံမှာ သာမက တရုတ်နိုင်ငံမှာပါ ရှိနေပါတယ်။

ဖြစ်ချင်တော့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေ အထူးသဖြင့် ဥရောပ နိုင်ငံကြီးတွေဟာ ယူကရိန်းမှာ စစ်ဖြစ်ချိန်ကျမှ  ယူကရိန်းနိုင်ငံရဲ့  အချုပ်အခြာ အာဏာနဲ့နယ်မြေပိုင်နက်ကို   လေးစားလိုက်နာဖို့   တကြော်ကြော် အော်နေကြပေမယ့် ကမ္ဘာ့ရေးရာ အများစုမှာ သူတို့ရဲ့လိုတစ်မျိုး  မလိုတစ်မျိုးစံနှုန်းကိုတော့ မေ့လျော့နေဟန် ရှိပါတယ်။

စစ်အေးကာလပြီးနောက် သိသာထင်ရှားတဲ့ ဖြစ်ရပ်တွေအနက်   တစ်ခုကတော့ လစ်ဘရယ်အတွေးအခေါ်နဲ့ အယူအဆက Westphalia ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်ကို စွန့်လွှတ်လာကာ ကမ္ဘာအနှံ့ဖြစ်တည်မှု၊ အပြန်အလှန်မှီခိုမှု စတဲ့ခေါင်းစီးတွေအောက်မှာ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်အာဏာကိုလည်း အားနည်းလာစေခြင်းပဲဖြစ်ပါတယ်။

Westphalia ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံဆီက သူ့ရဲ့ပိုင်နက်နယ်မြေနဲ့ပတ်သက် လို့သော် လည်းကောင်း၊ ပြည်တွင်းရေးမှာသော် လည်းကောင်း၊   ပြင်ပအင်အားစုတွေကို ဖယ်ထုတ်ရာမှာသော် လည်းကောင်း၊ အခြားနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမှာသော် လည်းကောင်း ကိုယ်ပိုင်အချုပ်အခြာ အာဏာရှိတယ်ဆိုတဲ့ နိုင်ငံတကာဥပဒေကို အခြေခံသော တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံဟာ အရွယ်အစားအားဖြင့် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နိုင်ငံတကာဥပဒေမှာတော့ အခွင့်အရေး တန်းတူရရှိတယ်လို့  ဆိုပါတယ်။

ဆက်ပြောရရင် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့    တာဝန်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့   သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ နိုင်ငံတော်က ယူပေးရမယ့် တာဝန်ကိုပျက်ကွက်မှုဆိုတဲ့ ပြောဆိုသတ်မှတ်ချက်ကို အကြောင်းပြလို့   လက်နက်ကိုင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကြားဝင်စွက်ဖက်မှုကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံရဲ့ တရားဥပဒေအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့တွေနဲ့  ခေါင်းဆောင်တွေကို ဖြုတ်ချကာ အမျိုးမျိုးသော ရောင်စုံတော်လှန်ရေးများကို    လုပ်ဆောင်စေခဲ့ပါသေးတယ်။

နောက်တစ်ချက်   ဝိရောဓိဖြစ်စရာ အကောင်းဆုံးက ၁၉၉၀ ပြည့်နှစ်မှာ NATO တပ်ဖွဲ့က ကိုဆိုဗိုအရေးအခင်းမှာ ကြားဝင်စွက်ဖက်မှုနဲ့ ၂၀၀၃ ခုနှစ်မှာ အမေရိကန်က ကုလသမဂ္ဂရဲ့ သဘောတူခွင့်ပြုချက်မပါဘဲ အီရတ်ကို ကျူးကျော်တိုက်ခိုက်မှု လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

အထက်ပါအချက်တွေကို  ကြည့်ခြင်းအားဖြင့် လက်ရှိဖြစ်ပွားနေတဲ့  ရုရှား-ယူကရိန်း ပဋိပက္ခကနေ အလားအလာနှစ်ရပ် ထွက်ပေါ်လာတာကို တွေ့ရပါတယ်။

ပထမတစ်ခုက ဒီစစ်ပွဲကြောင့် ဥရောပ သမဂ္ဂက အမေရိကန်နဲ့ ပိုမိုနီးကပ်သွားစေနိုင်ခြင်း ဖြစ်ပါတယ်။   ဒီအခြေအနေက တရုတ်ရဲ့အကျိုးစီးပွားနဲ့ ဆန့်ကျင်နေပါတယ်။

အရင်တုန်းက ဥရောပသမဂ္ဂက ပြောထားတာရှိပါတယ်။ ဘာလဲဆိုတော့  သူတို့ဟာ ယဉ်ကျေးမှုနဲ့လုံခြုံရေး ကိစ္စတွေမှာ အမေရိကန်နဲ့ ပေါင်းဖက်နေသလို စီးပွားရေးနဲ့ ကုန်သွယ်ရေးမှာ တရုတ်နဲ့ပေါင်းဖက်ကာ မျှခြေတစ်ခုကို ထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ ဆိုထားတာပါ။

အကယ်၍ တရုတ်အစိုးရကသာ ရုရှားအစိုးရရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို တရားဝင်ထောက်ခံကြောင်း ပြလိုက်မယ်ဆိုရင်   ဒီမျှခြေက  ပျက်စီးသွားနိုင်ပါတယ်။

သို့ပေမယ့်လည်း ယူကရိန်း ပဋိပက္ခဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းကယုံကြည်ထားတာ ရှိပါတယ်။ အဲဒါကတော့ သူတို့နိုင်ငံဟာ အမေရိကန်က ထိန်းချုပ်ဖို့  ကြိုးစားနေတဲ့ ထိပ်တန်း ဦးစားပေးနိုင်ငံဖြစ်နေတယ်ဆိုတာရယ်၊ နောက်ဆုံးမှာ ဥရောပသမဂ္ဂက အမေရိကန်ဘက်ကိုသာ ယိမ်းသွားမယ် ဆိုတာရယ်တို့ပဲဖြစ်ပါတယ်။

အနောက်အုပ်စုရဲ့သဘောထားကလည်း ရှင်းပါတယ်။ သူတို့အနေနဲ့ အနောက် အင်အားကြီးနိုင်ငံတစ်နိုင်ငံမှ မဟုတ်ရင် ဘယ်နိုင်ငံရဲ့အင်အား ကြီးထွားလာမှုကိုမျှ လက်ခံမှာမဟုတ်ပါဘူး။

ဒါကြောင့် ယူကရိန်းပဋိပက္ခဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာစေလိမ့်မယ်လို့ မျှော်လင့်ထားရင်တော့ ဒါဟာမဖြစ်နိုင်တဲ့ မျှော်လင့်ချက်ပဲဖြစ်ပါလိမ့်မယ်။

အမေရိကန်နဲ့  ဥရောပသမဂ္ဂတို့ဟာ တရုတ်နိုင်ငံကို ပြိုင်ဘက်အဖြစ် သေသေချာချာ ပစ်မှတ်ထား သတ်မှတ်ထားတာဖြစ် ပါတယ်။

ဘာကြောင့်လဲဆိုရင်  ကမ္ဘာ့အခင်းအကျင်းအပေါ် တရုတ်နိုင်ငံရဲ့ စိန်ခေါ်မှုဟာ လက်ရှိဖြစ်တည်နေတဲ့  အခင်းအကျင်းအတွင်း လက်ရုံးရည်ကိုသာမကဘဲ လက်ရှိအခင်းအကျင်းမှာ  ပြန်လည်ပြင်ဆင် သတ်မှတ်ဖို့လိုအပ်နေတဲ့ စံသတ်မှတ်ချက်များနဲ့စံနှုန်းများကို   ပြန်လည်ပြင်ဆင် သတ်မှတ်ပေးလာနိုင်မှာကြောင့်   ဖြစ်ပါတယ်။

ဒါကြောင့် ပထဝီနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ နည်းပညာနဲ့ အတွေးအခေါ် အယူ အဆသဘောတရားတွေမှာ တရုတ်နဲ့အမေရိကန်တို့ကြား အားပြိုင်မှုက နိုင်ငံတကာ ဆက်ဆံရေးရဲ့စံပြုသတ်မှတ်ချက်လိုတောင် ဖြစ်လာပါပြီ။

နောက်တစ်နည်းဆိုရရင် တရုတ်နဲ့ အမေရိကန်တို့ကြား အားပြိုင်မှုက နိုင်ငံရေးအရ အရေးပါလာတဲ့အပြင် ကမ္ဘာ့အခင်း အကျင်းပျက်ပြားမှု၊ ပြန်လည်ခင်းကျင်းမှု၊ အခင်းအကျင်း အသစ်ဖော်ဆောင်မှုတို့နဲ့ ဆက်နွှယ်ပတ်သက်လာပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းပေးနိုင်သူနေရာမှာ ဥရောပသမဂ္ဂက အဓိက ကျတဲ့အခန်းကဏ္ဍကနေ မပါဝင်ပါဘူး။

ဥရောပသမဂ္ဂဟာ နိုင်ငံတကာရေးရာ  ကိစ္စရပ်တွေမှာဆိုရင် ယခင်ကသာမက ယခုအချိန်နဲ့နောင်မှာလည်း အမေရိကန်ရဲ့ လက်အောက်ခံမိတ်ဖက်အဖွဲ့တစ်ခုအနေနဲ့သာရှိနေမှာပါ။

ပြောရရင် သူ့မှာရှိနေတဲ့ အားနည်းချက်တွေနဲ့ ကွဲလွဲမှုတွေကြောင့် ရုရှားအပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ဥရောပသမဂ္ဂကိုဆိုရင် မျက်စိထဲမှာကိုမထည့်သလို လက်နက်ထိန်းချုပ်ရေး၊ စစ်ရေးဆိုင်ရာ အစီအစဉ်တွေနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ သူ့ကို ဘက်ညီတဲ့ မိတ်ဖက်အနေနဲ့ သတ်မှတ်ပြီးတောင် ဆွေးနွေးမှုတွေမလုပ်ပါဘူး။

ဒါ့အပြင် မဟာဗျူဟာမြောက် လွတ်လပ်မှုနည်းပါးခြင်းနဲ့ အမေရိကန်အပေါ် အလွန်မှီခိုနေရခြင်းတို့ကြောင့် ဥရောပသမဂ္ဂဟာ ဆွေးနွေးရေး စားပွဲဝိုင်းပေါ်ရောက်လာဖို့အခွင့်အလမ်းနည်းပါတယ်။ယနေ့လိုမျိုး တရုတ်နဲ့အမေရိကန်တို့ကြား အားပြိုင်မှုကြီးမားတဲ့ အချိန်မှာ ဥရောပသမဂ္ဂအနေနဲ့ ဘာကိုလုပ်ပြီး ဘာကိုမလုပ်ရဘူး ဆိုတာကို အမေရိကန်ကသာ ဆုံးဖြတ်ပါလိမ့်မယ်။

ဒါကြောင့် ဥရောပသမဂ္ဂမှာ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကလွဲလို့ တခြား ရွေးချယ်စရာမရှိပါဘူး။

နောက်ထပ်အလားအလာ တစ်ခုကတော့ ယူကရိန်းပဋိပက္ခမှာ ရုရှားက ပြတ်ပြတ်သားသား အနိုင်ရပြီး သူရဲ့လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ကိစ္စရပ်တွေကို ထာဝရဖြေရှင်းနိုင်ကာ NATOတပ်ဖွဲ့ရဲ့  ဥရောပအရှေ့ပိုင်းနယ်ချဲ့မှုကို အဆုံးသတ်စေခြင်း ဖြစ်ပါတယ်။

ဒီလိုဖြစ်လာပြီဆိုရင်  အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ အနေနဲ့ ရုရှားရဲ့အန္တရာယ် ကိုထိန်းချုပ်ဖို့ အတွက်ကိုသာ အာရုံစိုက်ပြီး စွမ်းအားအကုန် ထုတ်သုံးလာပါလိမ့်မယ်။

ဒီအချိန်မှာတော့ တရုတ်နိုင်ငံဟာ အီရတ်စစ်ပွဲကသူ့ကို ပထဝီနိုင်ငံရေး လက်ဆောင် ပေးလိုက်သလိုမျိုး သူ့ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်လို့ရသွားမှာ ဖြစ်ပါတယ်။

ဒီအချက်ကတော့  တရုတ်နိုင်ငံအနေနဲ့ လောင်းကြေးထပ်မှုမှာ အကြိုက်ဆုံး အခြေအနေတစ်ခု ဖြစ်ပါလိမ့်မယ်။

ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ရင် အလှည့်အပြောင်းတွေ၊ မမျှော်လင့်ထားတဲ့ အလားအလာတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာပါ။ အင်အားကြီးနိုင်ငံအသစ်တွေ ထွက်ပေါ်လာမှုနဲ့ တည်ရှိပြီးသား အင်အားကြီးနိုင်ငံတွေရဲ့ ခုခံမှုတွေကြောင့် ကမ္ဘာ့အခင်းအကျင်းများ၊ အခင်းအကျင်း ပျက်မှုများနဲ့ အခင်းအကျင်းပြန်လည် ဖော်ဆောင်မှုများ ဖြစ်ပေါ်လာရတာဖြစ်ပါ တယ်။

နိုင်ငံတစ်နိုင်ငံအနေနဲ့ အင်အားကြီးလာပြီဆိုရင် ကမ္ဘာ့အခင်းအကျင်း အလားအလာပြောင်းလဲမှုတွေမှာ   အင်တိုက်အားတိုက် ပါဝင်လာတယ်ဆိုတာကို သမိုင်းကြောင်းက သက်သေပြနေပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အင်အားကြီးထွားလာမှု၊ တရုတ်-အမေရိကန် အားပြိုင်မှု၊ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့အင်အားချိန်ခွင်လျှာ   ပြန်လည်ညီမျှမှုနဲ့ လက်ရှိဖြစ်ပွားနေတဲ့  ယူကရိန်း ပဋိပက္ခတို့ဟာ  ကမ္ဘာ့အခင်းအကျင်း ပျက်ပြားမှုနဲ့ အခင်းအကျင်းပြန်လည် ဖော်ဆောင်ရေးပြောင်းလဲမှုတွေမှာ  အဓိကကျတဲ့နေရာတွေကနေ ပါဝင်တယ်ဆိုတဲ့ ဥပမာကောင်းတွေပါပဲ။

ဒါကြောင့်ပြောရမယ်ဆိုရင်  တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့အင်အားကို ပြန်လည်ထိန်းချုပ်ဖို့အတွက် မဟာဗျူဟာမြောက် အရင်းအမြစ်အဖြစ် ရုရှားနိုင်ငံကို ဆုံးရှုံးခံမှာ မဟုတ်ပါဘူး။

အထူးသဖြင့် အမေရိကန်နဲ့ အားပြိုင်မှုမှာ အရေးပါတဲ့ သူ့ရဲ့ပထဝီနိုင်ငံရေးက စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်ကတည်းက အခုလိုမျိုး ရုရှားကို အဆုံးရှုံးမခံတော့တာ ဖြစ်ပါတယ်။

နောက်တစ်ချက်  သတိထားရမှာက တရုတ်အစိုးရအနေနဲ့ တရုတ်(တိုင်ပေ) အရေးကိုဖြေရှင်းဖို့ ကျန်ရှိနေသေးတယ်ဆို တာပါပဲ။ ဒီအရေးဟာ အနောက်အုပ်စုအနေနဲ့ ယူကရိန်းအရေးနဲ့ ဆက်စပ်လာနိုင်တဲ့   ဆင်တူအရေးဖြစ်နေတယ်ဆိုတော့ ဂရုစိုက်စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

Ref: SCMP

ထက်မြတ်