အင်းဝ၊ သက်မွေးပညာ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝဒေသတွင် ဘိုးဘွားအစဉ်အဆက်ကတည်းက ပြုလုပ်လာသောနှီးသပိတ်(ယွန်းသပိတ်) လုပ်ငန်းကို ဆက်လက်ထိန်းသိမ်း လုပ်ကိုင်ရောင်းချလျက် ရှိရာ လက်ရှိကာလတွင် ဆွမ်းတော်တင်သပိတ်ငယ်များကို အားထားပြု လုပ်ရောင်းချလျက်ရှိ ကြောင်း အင်းဝမြို့ဟံသာဝတီကျေးရွာအုပ်စုယပ်တန်းရပ်မှ နှီးသပိတ်ပြုလုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။
နှီးသပိတ်လုပ်ငန်းမှာ ယွန်းပညာအခြေခံများဖြင့်ပြုလုပ်သော လုပ်ငန်းပင်ဖြစ်သည်။ သပိတ်လုပ်ငန်း အတွက် အခြေခံဝါးအဖြူထည်များကို ပြုလုပ်ကြရသည်။ အခြေခံဖြစ်သော နှီးသင်၊ နှီးခေါင်းထိုးနှီး လွှာ၊ နှီးဖြာသည့် လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ စတင်ပြုလုပ်ကြရသည်။
အခြေခံအကြမ်းထည်ရလာသည်နှင့် ကော်ဖြင့်ချုပ်ကာ ပြုလုပ်ပေးရသည်။ ကော်ချုပ်ပြီးသည်နှင့် နှီးစွယ် ကလေးများ ညီညာစေရန် ဓားကောက်ကလေးများဖြင့်ခြစ်ကာ အချောသပ်ပေးရသည်။ ချော သွားသော နှီးသပိတ်အကြမ်းကို မြေနုမှုန့်သုတ်ကာ အခြောက်ခံပြီး ကော်ဖတ်တိုက်ကာ ချောပေးကြ ရသည်။ မြေနုချောကော်ဖတ်တိုက်ပြီးပါက ညီညာစေရန် ပတ်တီးသုတ်ပေးရသည်။
ပတ်တီးညီညာသွားသည်နှင့် ပြည်တွင်းဖြစ်သစ်စေးများ သုတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြရသည်။ နှီးသပိတ်ဖုံးပြုလုပ်ရာတွင် အပြင်ပိုင်းအနက်ရောင်သုတ်ပြီး အတွင်းပိုင်းတွင် အနီရောင်သုတ်လေ့ရှိ သည်။ သပိတ်လုံးကိုမူ အတွင်းအပြင်အနက်ရောင်သစ်စေး သုတ်ရသည်။ သစ်စေးသုတ်ပြီးသည်နှင့် ဒေသအခေါ်တိုက်သွင်းကာ သစ်စေးကို အခြောက်ခံကြရသည်။ သဘာဝသစ်စေးမှာ နေရောင်ဖြင့် အခြောက်ခံခြင်းကို မနှစ်သက်သည့်သဘာဝရှိပြီး သပိတ်များကိုမြေတိုက်အတွင်း နှစ်ရက်မှသုံးရက် အထိထားကာ သစ်စေးခြောက်အောင်ပြုလုပ်ပြီးသည်နှင့် ရောင်းတမ်းဝင် သပိတ်ရရှိသည်။ နှီးသပိတ် တစ်လုံးရရှိရန်အတွက် အဆင့် ၁၅ ဆင့်အထိပြုလုပ်ရပြီး အဆင့်တစ်ဆင့် သစ်စေးသုံးပြီးပါက သုံးရက်အထိ တိုက်သွင်းကာ ပြန်လည်ထုတ်ယူပြီးမှ နောက်ထပ် သစ်စေးထပ်သုတ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ရသည်။ နှီးသပိတ် အစုံတစ်ရာရရှိရန်အတွက် သုံးလနီးပါး အချိန်ယူရသည်။
ရိုးရာနှီးသပိတ်(ယွန်းသပိတ်) ပြုလုပ်ရောင်းချရာတွင်အသေးမှ အကြီးအထိအရွယ်အစား ငါးမျိုး အဖြစ် ၄ လက်မ၊ ၅ လက်မ၊ ၇ လက်မ၊ ၁၂ လက်မအရွယ်နှင့် ၁၈ လက်မကျော်အထိ ပြုလုပ် ရောင်း ချကြသည်။ ဆွမ်းတော်တင် သပိတ်အသေးဆုံး အရွယ်အစား ၄ လက်မအရွယ် သပိတ်တစ်လုံးလျှင် ငွေကျပ် ၅၀၀၀၊ ၅ လက်မသပိတ်တစ်လုံးလျှင် ငွေကျပ် ၅၅၀၀၊ ၇ လက်မအရွယ် သံဃာသုံး သပိတ် တစ်လုံးလျှင် ငွေကျပ် ၁၂၀၀၀၊ ၁၂ လက်မကျော် သပိတ်အကြီးတစ်လုံးလျှင် ငွေကျပ် ၇၀၀၀၀ ဖြင့် ရောင်းချကြသည်။
လက်ရှိကာလတွင် ဈေးကွက်အေးနေသော်လည်း ရိုးရာနှီးသပိတ်(ယွန်းသပိတ်) အသေးများကို ထိန်းသိမ်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ။
နွေနဒီ၊ မြစ်ငယ်