ရုရှား-ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ NATO တပ်ဖွဲ့ဝင်နိုင်ငံများကြားမှာ သဘောထား ကွဲလွဲမှုများ မြင်လာရ
လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း ပဋိပက္ခငြိမ်းအေးစေဖို့ အရေး ဖြစ်ပေါ်လာနိုင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် ပါဝင်သင့်ပါဝင်ထိုက်တဲ့ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး NATO တပ်ဖွဲ့ဝင်နိုင်ငံများကြား ဆွေးနွေးမှုဟာ သူတို့ကြားမှာ သဘောထားကွဲလွဲမှုများ ထွက်ပေါ်လာနေပြီဆိုတာကို ရှင်းရှင်းလင်းလင်းကြီး မြင်တွေ့လိုက်ရပါပြီ။
အခုအချိန်မှာ ရုရှားရဲ့ အထူးစစ်ဆင်ရေးက အချိန်ပိုမိုကြာမြင့်လာတာနဲ့အမျှ မရေရာ မသေချာမှုတွေကလည်း မြင့်တက် လာနေပြီး ဘယ်လို သဘောတူညီချက် အတွက် ဘယ်လိုအခြေအနေမျိုးတွေက ယူကရိန်းအနေနဲ့လက်ခံနိုင်ဖွယ်ရှိမယ်ဆိုတာကို အဓိကထား ဆွေးနွေးလာကြတာပါ။
အထူးသဖြင့် ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးအတွက် NATO တပ်ဖွဲ့က လုပ်ပေးနိုင်မယ့် လုံခြုံရေး အာမခံချက်များနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။
နောက်တစ်ချက်က ယူကရိန်းကို ဘယ်လိုလက်နက်တွေပို့ရမယ်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှုက အမှန်တကယ်အလုပ်ဖြစ်၊ မဖြစ်ဆိုတဲ့မေးခွန်းတွေနဲ့ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေလည်း ရှိနေတာကို တွေ့ရပါတယ်။
ဒီကြားထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပူတင်အနေနဲ့ အာဏာဆက်ရှိနေနိုင်မှာ မဟုတ်ဘူးဆိုပြီး ပြောဆိုလိုက်ခြင်းဟာ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဂယက်ထသွားပါသေးတယ်။ ဒါ့အပြင် ဂျိုးဘိုင်ဒင်ရဲ့ ပြောဆိုချက်ကို ဥရောပခေါင်းဆောင် တချို့က ဝေဖန်လာကြပါတယ်။
“ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ နှုတ်အားဖြင့်သော် လည်းကောင်း၊ အပြုအမူအားဖြင့်သော် လည်းကောင်း အခြေအနေတွေကို ဒီထက်ပိုပြီး တင်းမာလာအောင် မလုပ်သင့်ပါဘူး ”လို့ ပြင်သစ်သမ္မတ အမ်မန်နျူယယ်မက်ခရွန်က ပြောထားတာရှိပါတယ်။
ဒါ့အပြင် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားဖို့ဆိုရင် လက်ရှိအရေးအကြီးဆုံးက အပစ်အခတ် ရပ်စဲရေးဖြစ်ပြီး အဲဒီနောက်မှာတော့ သံတမန်ရေးနည်းလမ်းနဲ့ ဆွေးနွေးခြင်းအားဖြင့် ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာသွားဖို့ကို ရည်မှန်းထားရမယ်လို့လည်း မက်ခရွန်ကဆိုပါတယ်။
အလားတူပဲ ဂျာမနီဘက်ကလည်း ပြင်သစ်နိုင်ငံနဲ့ လေသံတူ ထွက်လာတာကို တွေ့ရပါတယ်။ ဂျာမနီဝန်ကြီးချုပ် အိုလက်(ဖ်)ရှော့ရဲ့ပြောရေးဆိုခွင့်ရှိသူ ရှတက်ဖန်ဟီဘက်ရှတိုက်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ လက်ရှိလုပ်ရမယ့် အလုပ်က ရက်ပေါင်းများစွာဖြစ်စေ၊ သီတင်းပတ်ပေါင်း များစွာဖြစ်စေ စိတ်ရှည်သည်းခံရမှာဖြစ်ကြောင်းနဲ့ လတ်တလော ဦးစားပေးကိစ္စက လူသေဆုံးမှုတွေ ရပ်တန့်စေဖို့အတွက် အပစ်အခတ်ရပ်စဲရေး ရရှိဖို့ဖြစ်တယ်လို့ ပြောထားပါတယ်။
ဂျာမနီဝန်ကြီးချုပ် အိုလက်(ဖ်)ရှော့က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီနဲ့ မတ် ၂၈ ရက်မှာ ဆွေးနွေးမှုတွေ လုပ်ထားပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်က လုပ်တဲ့ NATO တပ်ဖွဲ့ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးမှာ NATO-Russia Founding Act ကိုစွန့်လွှတ်သလိုမျိုး အလောသုံးဆယ် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးထားတာကို တွေ့ရပါတယ်။
ဒီသဘောတူညီချက်ကို စွန့်လွှတ်ခြင်းဟာ ရုရှားဆီ ဝင်ရောက်နိုင်မယ့် တံခါးကိုပိတ်သွားစေပြီး နှစ်ဖက်စလုံးမှာစစ်သည် တွေဖြန့်ကြက်မှု သဘောတူ လိုက်နာမှုတွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားစေနိုင်တဲ့အတွက် ဂျာမနီဘက်က အခုလိုသတိပေးတာပါ။
ဒီလိုမျိုး သဘောတူညီချက်တွေကို မြေလှန်လိုက်ခြင်းဟာ စစ်ပွဲရပ်တန့်ဖို့အတွက် ဆောင်ရွက်မှုတွေကို အထောက်အပံ့မဖြစ်စေပါဘူး။ ဒါကြောင့် အဆုံးမှာတော့ ဗြွှဥ တပ်ဖွဲ့အနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပူတင်နဲ့ သဘောတူညီချက်ရရှိနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေလာရလိမ့်မယ်လို့ NATO တပ်ဖွဲ့ခေါင်းဆောင်ထိပ်သီးအစည်းအဝေးနဲ့ ကျွမ်းဝင်သူတစ်ဦးက ပြောပါတယ်။
အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီကတော့ အခုသီတင်းပတ်အတွင်းမှာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပြီး အဲဒီ တွေ့ဆုံမှုမှာ အပစ်အခတ် ရပ်စဲရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအတွက် လမ်းကြောင်းတွေဖွင့်ပေးဖို့ တိုက်တွန်း သွားနိုင်ဖွယ်ရှိပါတယ်။
ဒါပေမဲ့ တခြား NATO တပ်ဖွဲ့ဝင်နိုင်ငံတွေကတော့ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သိပ်တော့သဘောတွေ့ဟန် မတူပါဘူး။
ပြင်သစ်နဲ့ဂျာမနီတို့က ရုရှားနဲ့သဘောတူညီချက် ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ လုပ်ဆောင်နေခြင်းဟာ အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းနဲ့တွေ့ဆိုသလို လိုလားချက်နဲ့ ပြောင်းပြန်ရလဒ်ကိုသာ ထွက်ပေါ်လာစေနိုင်ပြီး ပူတင်ရဲ့လက်ထဲမှာ ကစားခံရမယ်လို့ ပြောထားကြပါတယ်။
ရုရှားသမ္မတအနေနဲ့ လက်ခံနိုင်ဖွယ်ရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ခုရရှိရေးအတွက် တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဗြိတိန်၊ ပိုလန်အပြင် အလယ်နဲ့အရှေ့ ဥရောပနိုင်ငံများက မယုံကြည်ပါဘူး။
NATO တပ်ဖွဲ့ထိပ်သီးညီလာခံမှာ ပိုလန်သမ္မတ အန်ဇေ့ဒူဒါက တခြားခေါင်းဆောင်တွေကို တောင်းဆိုထားတာ ရှိပါတယ်။ ဘာလဲဆိုတော့ သူတို့အနေနဲ့ ပူတင်က တင်သွင်းလာတဲ့ သတ်မှတ်ချက်တွေအပေါ် ဆွေးနွေးညှိနှိုင်းမှုက အောင်မြင်နိုင်တယ်လို့ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိ၊ မရှိနဲ့ အမှန်တကယ် လက်ခံနိုင်ခြင်းရှိ၊ မရှိ ချိန်ဆကြည့်ဖို့ပါပဲ။
ဒီအခြေအနေတွေကို လက်ခံနိုင်တယ်ဆိုရင် ဒါဟာ ရုရှားကို ထောက်ခံအားပေးတာနဲ့ အတူတူပဲဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာခြင်း မရှိသေးချိန်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်ခံဖို့ ယူကရိန်းကို တွန်းအားပေးမယ်ဆိုရင် ဒါဟာ ပူတင်ကို အလုပ်အကျွေးပြုရာ ရောက်မယ်လို့လည်း အရှေ့ဥရောပနိုင်ငံ တစ်နိုင်ငံမှ သံတမန်တစ်ဦးက ပြောထားတာကို တွေ့ရပါတယ်။
အဲဒီထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပူတင် တစ်ယောက် ယူကရိန်းနိုင်ငံအပေါ်လုပ် ဆောင်ချက်တွေနဲ့အတူ မျဉ်းနီကိုဖြတ်သွားပြီလို့ သတင်းထောက်တွေကို ပြောထားပါသေးတယ်။
“ အဖြစ်နိုင်ဆုံးသော ဆွေးနွေးညှိနှိုင်းမှု လုပ်ရမယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ရှင်းရှင်းလင်းလင်း ဂရုပြုရမှာက ပူတင်တစ်ယောက် သူ့ရဲ့ကတိပြုမှုတွေအတိုင်း လုပ်ဆောင်ခြင်း မရှိဘူးဆိုတဲ့အချက်ပါပဲ ” လို့ ဘောရစ်ဂျွန်ဆင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်စဘလိန်းက ပြောပါတယ်။
“ ကျွန်တော်တို့မြင်ရသမျှတော့ ပူတင်ဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဖြစ်နေပြီး သူ့အစိုးရအနေနဲ့ ဘယ်လိုမျိုးပြုမူ လုပ်ဆောင်နေတယ် ဆိုတာတွေကို သူ့ရဲ့လုပ်ရပ်ကနေ ဆုံးဖြတ်နိုင်တယ် ”လို့လည်း မက်စဘလိန်းက ဆိုထားပါသေးတယ်။
ဒါ့အပြင် ပြင်သစ်သမ္မတအနေနဲ့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတွေနဲ့ ပတ်သက်လို့ ရုရှားအစိုးရရဲ့ တောင်းဆိုချက်တွေကို လက်မခံဘူးလို့ ပြတ်ပြတ်သားသား ပြောထားပေမယ့်လည်း ပူတင်နဲ့တွေ့ဆုံ ဆွေးနွေးနိုင်ရေး လုပ်ဆောင်နေခြင်းဟာ ဇီလန်စကီကို ရုရှားလက်ထဲ အတင်းထိုးထည့်နေတဲ့ ပုံစံဖြစ်နေတယ်လို့လည်း သံတမန်တချို့က ထောက်ပြထားပါတယ်။
ဇီလန်စကီကတော့ သူ့နိုင်ငံအနေနဲ့ လုံခြုံရေး အာမခံချက်တွေ ရရှိမယ်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ခု လုပ်ခွင့်ရမယ်ဆိုရင် ရုရှားနဲ့ငြိမ်းချမ်းရေး သဘောတူစာချုပ် တစ်စိတ်တစ်ပိုင်းအဖြစ် ဘက်မလိုက်နိုင်ငံ အနေနဲ့ရပ်တည်ဖို့ရှိတယ်လို့ နဂိုကတည်းက ပြောထားတာပါ။
ဒီနေရာမှာ ယူကရိန်းနိုင်ငံ အတွက် လုံခြုံရေး အာမခံချက်ဆိုတာ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်တွေ အတိုင်းလား ဒါမှမဟုတ် စစ်ပြီးသွားလို့ ကျန်ခဲ့မယ့်နယ်နိမိတ်အတိုင်းလား ဆိုတာနဲ့ ပတ်သက်ပြီး အနောက်ဥရောပနိုင်ငံတစ်နိုင်ငံမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက မေးခွန်း ထုတ်ထားပါတယ်။
ဥရောပခေါင်းဆောင်တွေကြား သဘောထားကွဲလွဲရတဲ့ နောက်တစ်ချက်က သူတို့အနေနဲ့ ရုရှားရဲ့ စွမ်းအင်ကဏ္ဍအပေါ် အရေးယူ ပိတ်ဆို့မှုချမှတ်ခြင်းကို အခုထက်ပိုပြီး လုပ်သင့်လား၊ မလုပ်သင့်ဘူးလား ဆိုတဲ့အချက်ပါပဲ။
ဒါ့အပြင် သူတို့အနေနဲ့ ယူကရိန်းကို ဘယ်လောက်အတိုင်းအတာအထိ လက်နက်တွ ေထောက်ပံ့ပေးမှာလဲဆိုတဲ့ အချက် အပေါ်မှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါသေးတယ်။
အဓိကကတော့ သူတို့ဘက်က ဒီလိုလက်နက်တွေ ထောက်ပံ့ပေးလိုက်တဲ့အခါမှာ ချောင်ပိတ်မိနေတဲ့ ပူတင်တစ်ယောက် အဖျက်စွမ်းအားပြင်း လက်နက်တွေ အသုံးပြုပြီး ထွက်ပေါက်ရှာသွားမှာကို စိုးရိမ်ခြင်းဖြစ်ပါတယ်။
အထက်ပါသဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီး ကံကောင်းထောက်မလို့ သဘောတူညီချက်ရရှိပြီး ဆုံးဖြတ်ချက်တွေ ချမှတ်သည့်တိုင် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခမှာတော့ NATO တပ်ဖွဲ့အနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်သွားမယ့် အနေအထားမရှိပါဘူး။
ဘောတစ်ဒေသနိုင်ငံများနဲ့ ဥရောပအရှေ့ဖျားစွန်း နိုင်ငံများမှ ခေါင်းဆောင်များကတော့ NATO တပ်ဖွဲ့အနေနဲ့ လေယာဉ်ပစ် လက်နက်တွေအပါအဝင် နောက်ထပ် လက်နက်တွေကို ယူကရိန်းဆီပို့ပေးဖို့နဲ့ ယူကရိန်းတပ်ဖွဲ့တွေ အနေနဲ့ ရုရှားကိုတွန်းလှန် တိုက်ခိုက်ခွင့်ပြုဖို့ တောင်းဆိုထားတယ်လို့ ထိပ်သီးအစည်းအဝေးနဲ့ နီးစပ်သူများက ပြောပါတယ်။
NATO တပ်ဖွဲ့က ယူကရိန်းကို စစ်ရေးအကူအညီတွေပေးနေပေမယ့်လည်း ပေးအပ်တဲ့ စစ်လက်နက်ပစ္စည်း အမျိုးအစားတွေကတော့ ကန့်သတ်ချက်ရှိတယ်လို့ အနောက်ဥရောပနိုင်ငံများမှ အစိုးရ ခေါင်းဆောင်များက ဆိုပါတယ်။ အကြောင်း ရင်းကတော့ ဒီလိုထောက်ပံ့ ပေးလိုက်ခြင်းအားဖြင့် လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေကို ထိန်းမနိုင်သိမ်းမရ ဖြစ်လောက်အောင် ဆိုးဝါးသွားစေနိုင်လို့ပါပဲ။
ဥပမာအားဖြင့် တင့်တွေ၊ လေယာဉ်တွေကို ယူကရိန်းဆီပေးပို့ခြင်းဟာ မီးစာအပေါ် ဆီလောင်းလိုက်သလိုဖြစ်စေမှာ ဖြစ်တဲ့အပြင် ရုရှားရဲ့ ကစားကွက်ထဲမှာဝင်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ပြင်သစ်တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပိုမိုထောက်ပံ့ပေးလိုက်ခြင်းအားဖြင့် ရုရှားအတွက် ပစ်မှတ်တွေ ဖန်တီးပေးလိုက်သလိုဖြစ်ကာ အပစ်အခတ် ရပ်စဲရေးကလည်း ပိုမိုခက်ခဲ သွားနိုင်လိမ့်မယ်လို့ ပြင်သစ်သမ္မတက ယုံကြည်လက်ခံ ထားတယ်လို့ဆိုပါတယ်။
ဒါကြောင့် အထက်ပါ အခြေအနေတွေကို သုံးသပ်ကြည့်ရင် လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းပဋိပက္ခမှာ NATO တပ်ဖွဲ့ဝင်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုတွေရှိနေတာ အမှန်ပါပဲ။ ဒီသဘောထား ကွဲလွဲမှုတွေကနေ ထွက်ပေါ်လာ နိုင်တာကတော့ ရုရှားနဲ့ တိုက်ရိုက်စေ့စပ် ညှိနှိုင်းလာရေးပဲဖြစ်ပါလိမ့်မယ်။
အကယ်၍ NATO တပ်ဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ ရုရှားနဲ့စေ့စပ် ညှိနှိုင်းလာပြီဆိုရင်တော့ ဒါဟာ ပူတင်လိုချင်တဲ့ အကွက်ပဲဖြစ်လိမ့်မှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
Source: Bloomberg