ဆေးမဖြစ် ဘေးဖြစ်စေသော အားဖြည့်အချိုရည်

အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(ရန်ကုန်)တွင် လေ့လာသင်ကြားနေသည့်  ဆယ်ကျော်သက် အားကစားသမားများ၏ အားဖြည့်အချိုရည်နှင့် ပတ်သက်သော အသိပညာဗဟုသုတ၊ သဘောထားနှင့် လက်တွေ့ကျင့်သုံးနေမှုတို့ကို လေ့လာသည့်စာတမ်းအရ  အားဖြည့်အချိုရည်များက လူငယ်အားကစား သမားများတွင် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်သည်ကို တွေ့ရှိရကြောင်း သိရသည်။  အဆိုပါ စာတမ်းကို ဆေးသုတေသနဦးစီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယခုနှစ် ဖေဖော်ဝါရီလအတွင်း အကြိမ်(၅၀)မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင်    တင်သွင်းခဲ့ခြင်းဖြစ်သည်။

အားကစားသမားများသည် အားကစားလုပ်ဆောင်မှုများ တိုးတက်လာစေရန်  အားဖြည့်အချိုရည်များကို လွန်စွာသောက်သုံးလာကြသည်။ ထို့ကြောင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(ရန်ကုန်)၌  လေ့ကျင့်သင်ကြားနေသော အသက် ၁၁ နှစ်မှ ၁၉ နှစ်အတွင်းရှိ ဆယ်ကျော်သက်အားကစားသမားများကို သုတေသနပြုလုပ်ခဲ့သည်။ အဆိုပါဆန်းစစ်မှု မှတ်တမ်းအတွက် ဖြေဆိုကြသော ဆယ်ကျော်သက် အားကစားသမားများက အားဖြည့်အချိုရည်တွင် သကြားဓာတ်ပါဝင်ကြောင်းကို သိရှိသူ လူဦးရေမှာ ၆၆ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသော်လည်း ယင်းအားဖြည့်အချိုရည်တွင် ကဖင်းဓာတ်ပါဝင်နေကြောင်းကို သတိပြုမိသူ ဦးရေမှာ ၂၈ ဒသမ ၂ ရာခိုင်နှုန်းမျှသာရှိကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

လေ့လာမှုစစ်တမ်းတွင် ဖြေဆိုသူများ အများဆုံးခံစားရသည့် ဘေးထွက်ဆိုးကျိုးများမှာ ကောင်းစွာ အိပ်မပျော်ခြင်း ၄၅ ဒသမ ၉ ရာ ခိုင်နှုန်း၊ ရင်တုန်ခြင်း ၂၅ ရာခိုင်နှုန်းနှင့် ခေါင်းကိုက်ခြင်း ၂၃ ဒသမ ၆ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း နှစ်စဉ်အားဖြည့်အချိုရည်များ၏ ဈေးကွက်နှင့် သောက်သုံးမှု ပမာဏများပြားလာသော်လည်း ၎င်းတို့၏ ဇီဝကမ္မဖြစ်စဉ်များပေါ်တွင် အန္တရာယ်ဖြစ်နိုင်ခြေ ရှိသည်ကိုမူ သိသူနည်းပါးကြသည်ဖြစ်ရာ ထိုအခြေအနေကို သတိပြုဆင်ခြင်နိုင်ကြစေရန် ရည်ရွယ်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယခုလို စာတမ်းပြုစုခြင်းဖြစ်သည်။

လူကို  တဖြည်းဖြည်းဇီဝိန်ခြွေသော အားဖြည့်အချိုရည်များ။

အားဖြည့်အချိုရည်ထုတ်လုပ်သောကုမ္ပဏီများသည် ဆယ်ကျော်သက်ရွယ်လူငယ်များ၊ သက်လတ်ပိုင်း အရွယ်များနှင့်  အားကစားသမားများကို ပစ်မှတ်ထားပြီး အချိုရည်ဈေးကွက်တွင် သံဘူး၊ ပုလင်း စသည့်ပုံသဏ္ဌာန်မျိုးစုံ၊ တံဆိပ်မျိုးစုံထုတ်လုပ်၍ ရောင်းချလျက်ရှိကြသည်။ ဝယ်လိုအားကောင်းသော ကြောင့်လည်း ယနေ့နိုင်ငံတိုင်းရှိ စူပါမားကတ်များတွင် အားဖြည့်အချိုရည်များက ခိုင်ခိုင်မာမာနေရာယူလျက် ရှိနေကြသည်။ သူ့ဆောင်ပုဒ်က  ခံနိုင်ရည်စွမ်းအားတိုးပွားလာပြီးခွန်အားပြည့်လန်းဆန်းတက်<ကလာမှာ ဟော့ဒီ အားဖြည့်အချိုရည်ပါ။ သင့်အနာဂတ်အတွက် ချမ်းသာပျော်ရွှင်စေဖို့ အားဖြည့်အချိုရည်ကိုသာ သောက်လိုက်ပါ ဟူ၍ လူငယ်လူရွယ်များ စိတ်ဝင်စားအောင် ကြော်ငြာထားပြန်သည်။

၎င်းင်းဓာတုအချိုရည်များ သောက်သုံးပြီးသောအခါ တစ်ခဏအတွင်း ဦးနှောက်ကြည်လင်သွား၍ အားကစား သမားများအပြင် ကျောင်းနေရွယ်ဆယ်ကျော်သက်များသာမက အိပ်ရေးပျက်ခံ အလုပ်လုပ်သူများနှင့် အရက်သောက်ပြီးနောက် ဦးခေါင်းမကြည်မလင် ဖြစ်သူများလည်း အကြိုက်တွေ့နေကြသည်။  တချို့အားဖြည့်အချိုရည်များက အရသာချိုမြသဖြင့် အသက် ငါးနှစ်အောက်ကလေးများပါ နှစ်ခြိုက်စွာ သောက်သုံးလာကြသည်။

ဦးနှောက်လန်းဆန်းစေရန် စွမ်းအားလွန်လှုံ့ဆော်တိုက်တွန်းပေးသော ကဖင်းဓာတ်နှင့် တော်ရင်းအက်စစ်တို့ဖြင့် လွန်လွန်ကြူးကြူး ထည့်ဝင်ဖန်တီးထုတ်လုပ်ထား၍ ထိုအချိုရည်များသည် အပြစ်ကင်းစင်သော  အချိုရည်မဟုတ် ကြောင်းကို မိဘပြည်သူများ အားလုံး သတိထားသင့်ပါသည်။ ထို့ပြင် လန်းဆန်းတက်ကြွစေရန် စွမ်းအားပြည့်  GLUCURONOLACTONE  (ခေါ်) ပြင်းထန်သည့် ဓာတုပစ္စည်းကို ထည့်သွင်းထားသဖြင့် ပြင်သစ်နှင့်ဒိန်းမတ်နိုင်ငံတို့တွင် ဓာတုအချိုရည်များအား   တင်သွင်းသောက်သုံးခွင့်တားမြစ်ထားကြောင်း လေ့လာသိရသည်။

ထို့ကြောင့် ဆယ်ကျော်သက်များ၊  အသက် ၁၀ နှစ်နှင့်အောက်ကလေးငယ်များအား အချိုရည်သောက်သုံးမှုကို (လုံးဝ)ခွင့်မပြုသင့်ကြောင်း၊  သက်လတ်ပိုင်းများအနေဖြင့် အားဖြည့်အချိုရည်များကို ရံဖန်ရံခါမျှသာ သောက်သုံး သင့်ကြောင်းနှင့်   နှစ်ခြိုက်စွဲလမ်းပြီး မကြာခဏသောက်သုံးမိလျှင် ကျန်းမာရေးဘေးထွက် ဆိုးကျိုးများ ဖြစ်လာစေနိုင်၍ လျှော့သောက်သင့်ပေသည်။USDA (ခေါ်) အမျိုးသားအာဟာရပြုစစ်တမ်းများနှင့် WHFoods တို့မှလည်း အောက်ပါအတိုင်း သတိပေးထားကြသည်။     

အားဖြည့်အချိုရည်သောက်ပြီးနောက် ကိုယ်လက်လှုပ်ရှားမှု (လုံးဝ)မရှိခဲ့လျှင် နှလုံးခုန်နှုန်း မြန်ဆန်လာပြီး နှလုံးကို ထိခိုက်စေသည်။

          အားဖြည့်အချိုရည်ထဲရှိ ဓာတုပစ္စည်းများက သွေးထဲမှာစိမ့်ဝင်ပျံ့နှံကာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ချက်ချင်းဆို သလို အတက်အကျ ပြောင်းလဲစေသည်။

          အကယ်၍ အားဖြည့်အချိုရည်ကို အရက်နှင့်ရောသောက်မိလျှင် ထိုအရောအနှောဓာတ်ပြုမှုတို့က သေစေတဲ့ဗုံးအဖြစ် အသည်းကို တိုက်ရိုက်ထိခိုက်စေသည်။

          အကယ်၍ ဗီတာမင်ဘီ-၁၂ ပဋိဇီဝဆေးဝါးကို အမြဲသောက်သုံးသူတစ်ယောက် အားဖြည့်အချိုရည်ကို သောက်သုံးပါက သွေးဖိအားများလာပြီး သွေးဖောက်ပြန်လာကာ ကြီးစွာသောအန္တရာယ်ဖြစ်စေနိုင်သည်။

          အားဖြည့်အချိုရည်များကို နေ့စဉ် သောက်သုံးခဲ့ပါလျှင် ဦးနှောက်နှင့် အာရုံကြောရောဂါ ဖြစ်လာနိုင်သည်။

          ဆီးချိုရောဂါအမှတ်-၂ ဖြစ်စေသည်။

          အသက်ရှူလမ်းကြောင်းကို  ကမောက်ကမဖြစ်စေပါသည်။

          ရုတ်တရက် ဝက်ရူးပြန်ခြင်း၊ အတက်ရောဂါ၊ လေသင်တုန်းဖြတ်ခြင်းတို့ဖြစ်စေသည်။

          သွေးခုန်နှုန်း မြန်ဆန်ကာ နှလုံးတုန်ရင်ခုန်၍ နာတာရှည်အိပ်မပျော်ခြင်း ဖြစ်စေသည်။

          နှလုံးထံသို့ သွေးပို့ပေးသည့် သွေးလွှတ်ကြောများ အလုပ်မလုပ်နိုင်တော့သဖြင့် နှလုံးသွေး မလျှောက်တော့ဘဲ နှလုံးကြွက်သားတစ်သျှူးများ သေသွားစေသည်။

          အားဖြည့်အချိုရည်များကို နေ့စဉ် ၂၅၀ မီလီလီတာသောက်သုံးလေ့ရှိသူ လူငယ်များမှာ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း နှင့် မှတ်ဉာဏ်စွမ်းရည်ကို  ထိခိုက်လာစေကြောင်း  The Journal of American College Health (ခေါ်) အမေရိကန်ဆေးဂျာနယ်မှာ ဖော်ပြထားသည်။

          ခန္ဓာကိုယ်၏ အရိုး၊ အဆစ်များနှင့် သွားများအတွက် မရှိမဖြစ်လိုအပ်သော ကယ်စီယမ် (ထုံးဓာတ်)ကို အဟန့်အတား ဖြစ်စေသည်။

          ချွေးထွက်လွန်စေခြင်း၊ သွေးတိုးခြင်း၊ ဗိုက်နာခြင်း၊ ရေဓာတ်ဆုံးရှုံးသွားကာ မအီမလည်ဖြစ်လာပြီး ပျို့အန်စေတတ်သည်။

          ဝမ်းသာ၊  ဝမ်းနည်းကြုံတွေ့ရသောအခါမှာ ခံစားမှုစိတ်ဝေဒနာကို မချုပ်တည်းနိုင်တော့ပေ။

          ဆီးမကြာခဏ (တစိမ့်စိမ့်) ထွက်စေသည့်အပြင် ကျောက်ကပ်ပျက်စီးလာစေသည်။

သို့ပါ၍ လူကိုတဖြည်းဖြည်းဇီဝိန်ခြွေသော အားဖြည့်အချိုရည်များကို လုံးဝမသောက်ကြပါရန်နှင့် အားဖြည့် အချိုရည်အန္တရာယ်ကို ကျန်းမာရေး အသိစိတ်ဓာတ်ဖြင့် လက်ဆင့်ကမ်းမျှဝေပေးကြပါရန် ရေးသား အကြံပြုလိုက်ပါသည်။  ။