(၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကြီးကို ၂၀၂၂ ခုနှစ် မတ် ၂၇ ရက်က နေပြည်တော် စစ်ရေးပြကွင်းကြီး၌ အောင်မြင်စွာကျင်းပပြီး မြောက်ခဲ့ပြီ ဖြစ်သည်။ တပ်မတော်သည် ဆုံးရှုံးသွားခဲ့သော မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ခြင်း၊ လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်ခဲ့သော လွတ်လပ်ရေး ပြန်လည်ဆုံးရှုံးမည့် အန္တရာယ်ရန်စွယ်အပေါင်းကို အောင်မြင်စွာ ဖယ်ရှားတိုက်ဖျက်ကာကွယ်ထားနိုင်ခြင်း၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ခဲ့ခြင်းများကြောင့် တပ်မတော်သည် မြန်မာနိုင်ငံ အတွက် အထူးပင် ဂုဏ်ယူနေရမည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေသည်။
တပ်မတော်သည် နိုင်ငံတော်အတွက် မရှိမဖြစ်အစဉ်အမြဲရှိနေရမည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သား ဆိုသည်မှာ ပြည်သူတို့၏ ရင်နှစ်သည်းချာ သားသမီးရတနာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပေရာ မြန်မာနိုင်ငံတွင် တပ်မတော်တစ်ရပ်၏ ရပ်တည်မှုသည် ပြည်သူနှင့် တစ်သွေးတစ်သားတည်းရှိနေခြင်း ဖြစ်သည်။
တပ်မတော်နေ့ ဖြစ်ပေါ်လာသော သမိုင်းကြောင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာခဲ့သော သမိုင်းကြောင်းများသည် တပ်မတော်နှင့်ပြည်သူ၊ ပြည်သူနှင့်တပ်မတော်တို့၏ စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေခဲ့သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့နေစေရေးအတွက် ပြည်သူတစ်ရပ်လုံးက တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ရမည့်တာဝန် ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် တပ်မတော်တစ်ရပ်အဖြစ် စတင်တည်ရှိအောင်ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် လွတ်လပ်ရေးရပြီး ကာလတွင် နိုင်ငံတော်အပေါ်သစ္စာစောင့်သိကာ ရှိသမျှတပ်မတော်အင်အားနှင့် များပြားလှသော ရောင်စုံသောင်းကျန်းသူတို့ ချုပ်ငြိမ်းအောင် စွမ်းဆောင်နိုင်ခဲ့ပြီး စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းသို့ ရောက်ရှိအောင် အောင်မြင်စွာ ပို့ဆောင်ပေးခဲ့သည့် တပ်မတော်ခေါင်းဆောင်တို့သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် အစဉ်အမြဲလေးစား ဂုဏ်ပြုထိုက်သူများဖြစ်ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်လည်း နယ်ချဲ့လက်ပါးစေတို့၏ နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူမည့်ဆဲဆဲအခြေအနေမှ နိုင်ငံတော်ကို ဦးဆောင်ကယ်တင်လိုက်ခြင်းအတွက် ပြည်သူတစ်ရပ်လုံးက ဝမ်းသာအားရကြိုဆိုကြသည်။ အနည်းငယ်သော နယ်ချဲ့လက်ပါးစေ အကြမ်းဖက်အဖွဲ့အစည်း များမှာလည်း တစ်နေ့တခြား ကျဆုံးလာနေပြီ ဖြစ်သည်။
တိုင်းပြည်အပေါ် ထားရှိသော တပ်မတော်၏မှန်ကန်သော သစ္စာတရားကြောင့် နိုင်ငံတော်တွင် ပေါ်ပေါက်လာသည့် မည်သည့်အန္တရာယ် အခက်အခဲကိုမဆို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ နေလာလျှင် နှင်းပျောက်သကဲ့သို့ တပ်မတော်၏ မှန်ကန်သော သစ္စာတရားအောက်တွင် သစ္စာမဲ့သူတို့၏ လုပ်ရပ်များသည် လွင့်စဉ်ကွယ်ပျောက် ခဲ့သည်သာ ဖြစ်သည်။ ထင်ရှားသော သာဓကပြရလျှင် ၁၉၄၈-၁၉၄၉ ခုနှစ်ကာလများ သည်မြန်မာ့သမိုင်းတွင် မုန်တိုင်းတိုက်ခတ်ခံရသော အချိန်များ ဖြစ်သည်။ ရန်ကုန်အစိုးရဟူ၍ လှောင်ပြောင် ခြင်းခံနေရသည်အထိ အခြေအနေ ဆိုးရွားလွန်းလှသည်။ လွတ်လပ်ရေးအတွက် အတူတကွ တိုက်ပွဲဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင် အချို့သည်ပင် ရောင်စုံသောင်းကျန်းသူအဖြစ်သို့ ရောက်သွားခဲ့ကြသည်။ နိုင်ငံအတွက် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးများကို တပ်မတော်က စွမ်းစွမ်းတမံ ဆောင်ရွက်ကာကွယ်နိုင်ခဲ့သည်။ ထို့ပြင် ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ တရုတ်ဖြူကူမင်တန်ကျူးကျော်မှုကို မဲခေါင်စစ်ဆင်ရေး ကြီးအပါအဝင် စစ်ဆင်ရေးကြီး အကြိမ် ၃၀ နှင့် စစ်ဆင်ရေးငယ်များစွာ ဆင်နွှဲပြီး ပြည်ပကျူးကျော်မှုကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့သည်။
မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံ အချို့သည် နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်သော စစ်ရေးတစ်ခုတည်းနှင့် ကျူးကျော်သိမ်းပိုက်ခြင်းမျိုး မဟုတ်တော့ပေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသော ခေတ်သစ်စစ်ပွဲနည်းလမ်းများဖြင့် ကျူးကျော်လျက်ရှိသည်။ ခေတ်သစ်စစ်ပွဲ အောင်နိုင်ရန်မှာ သတင်းဆက်သွယ်ရေး နည်းပညာများ၊ အီလက်ထရွန်နစ် နည်းပညာများနှင့် စက်မှုနည်းပညာ များကို ပိုင်ဆိုင်ထားဖို့ လိုအပ်လှသည်။ ယနေ့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသူများ ဖြစ်ကြသည်။
နိုင်ငံတော်ကာကွယ်ရေး တာဝန်မှာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်သည်။ ဒို့တာဝန် အရေးသုံးပါး သည်ကား တပ်မတော်သားတို့၏ သားစဉ်မြေးဆက်တိုင်ကာကွယ် စောင့်ရှောက်ရမည့်အမျိုး သားနိုင်ငံရေး ဖြစ်ပေရာ ဒို့တာဝန်အရေးသုံးပါးနှင့် တပ်မတော်သည်ကား ခွဲခြား၍မရသော၊ တစ်ထပ်တည်း ရှိနေသောအရာများ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။