ပြည်သူများသို့ အသိပေးချက်(၂)

 

          ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ တိုက်ရိုက်လမ်းညွှန်မှုအောက်တွင် ကော်မတီ၏ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများအားဃဥဠှီု-၁၉ ကပ်ရောဂါထိန်းချုပ်ရေး လုပ်ငန်းနှင့် ကုသရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

၁။      ယခုအချိန်၌ ဝန်ကြီးဌာနမှ သက်ဆိုင်ရာဘာသာရပ်များမှ ပါမောက္ခများ၊ ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများက COVID-19 ကူးစက်ခံရသောလူနာများအား အသေအပျောက်အနည်းဆုံးဖြစ်စေရန် နေ့မနား၊ ညမအား အစွမ်းကုန်ကုသပေးလျက်ရှိပါသည်။ COVID-19 လူနာများအတွက်လိုအပ်သော အစွမ်းထက်ပြီး တန်ဖိုးကြီးသည့် နောက်ဆုံးပေါ်ဆေးဝါးများကိုလည်း အမြန်ဆုံးဝယ်ယူ ဖြည့်ဆည်းပေးလျက်ရှိပါသည်။

၂။ COVID-19 ရောဂါထပ်မံကူးစက်ပျံ့နံှ့မှုမရှိစေရန် ပြည်သူ့ကျန်းမာရေးဝန်ထမ်းပညာရှင်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နှီးနွှယ်ဝန်ကြီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာနည်းမျိုးစုံ၊ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ရောဂါဖြစ်ပွားပျံ့နှံ့မှုကို လျှော့ချနိုင်ရန် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

၃။      COVID-19 ကူးစက်ခံရသူများ၊ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူ ( primary contact) များထားရှိရန် အဆောက်အဦများ ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြီး နှီးနွှယ်ဝန်ကြီးဌာနများ၊ အလှူရှင်များနှင့် ပူးပေါင်း၍ နေရာသစ်များ ရှာဖွေခြင်းနှင့် နေရာချထားခြင်းတို့ကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

၄။      အသစ်ဖွင့်လှစ်သည့်နေရာ COVID-19 medical center များတွင် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများမှ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ တာဝန်ယူမည့် ပုဂ္ဂိုလ်များအပြင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ ပုဂ္ဂလိကဆေးရုံများအသင်း အစရှိသည့် အသင်းများမှ ပုဂ္ဂိုလ်များကိုပါ တာဝန်ချထားဆောင်ရွက်လျက်ရှိပါသည်။ ဝန်ကြီးဌာနအောက်ရှိ ဆေးနှင့်နှီးနွှယ်တက္ကသိုလ်(၁၆)ခုမှ ဆရာဝန်နှင့် ဆေးနှီးနွှယ်ပညာရှင်များအား ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ တာဝန်ချထားသည့်အပြင် မိမိသဘောဆန္ဒအလျောက်သွားရောက်၍ ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။

၅။      COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးဖြစ်သည့် ရန်ကုန် တိုင်းဒေသကြီးတွင် လက်တွေ့မြေပြင်၌ အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်းကိုင်တွယ် စီမံဆောင်ရွက်နိုင်ရန်အတွက်  ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ကာ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးတို့က ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဆေးနှင့်နှီးနွှယ်ပါမောက္ခ ဆရာဝန်ကြီးများ၊ ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ပညာရှင် (၂၄)ဦးပါဝင်သော အဖွဲ့ကို (၁၃-၉-၂၀၂၀)ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။ ယင်းအဖွဲ့သည် နေ့စဉ်လုပ်ငန်း အခြေအနေများကို ကွင်းဆင်းသုံးသပ်ပြီး ညနေပိုင်း၌ ဝန်ကြီးဌာန(ဗဟို)နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အချိန်နှင့်တစ်ပြေးညီ နေ့စဉ်ထိတွေ့ပေါင်းစပ်လျက် ဆုံးဖြတ်ချက်များကို ပြည်ထောင်စုဝန်ကြီးထံတင်ပြပြီး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များနှင့် တိုင်ပင်ပြီး ချက်ချင်း ဆောင်ရွက်လျက်ရှိပါသည်။

၆။      ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများတွင် စောင့်ကြည့်လူနာ(PUIများ ပြည့်ကျပ်မနေ စေရန်အတွက် လူနာများထားရှိရန် လူနာဆောင်နေရာအသစ်များ တိုးချဲ့စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၇။ ဆေးရုံများ၌  COVID-19 ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်နှင့် အလုံအလောက်ထောက်ပံ့ပေးနိုင်ရန် ဝန်ကြီးဌာန ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသည့်အပြင် GAVI (US$ ၁၀ သန်း)၊ Global Fund (US$ ၇ သန်း)၊ Access to Health Fund (US$ ၁၆ သန်း)၊ WHO (US$ ၅ သန်း)၊ USAID (US$ ၈ သန်း)၊ ADB  (US$ ၁.၈သန်း)၊ World Bank (US$ ၈ သန်း) စသည့် အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံ(US$ ၂၇ သန်း)၊ ကိုရီးယားသမ္မတနိုင်ငံ (US$ ၁ သန်း)နှင့် ထိုင်းနိုင်ငံ (US$ ၃ သိန်း)တို့မှ ထောက်ပံ့သော ပစ္စည်းကိရိယာများလည်း ရောက်ရှိလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရမှ အထူးအပိုဆောင်းပံ့ပိုးသော (၂၆၇)ဘီလီယံကျပ်နှင့် အလှူရှင်များ၏ လှူဒါန်းထားသောပစ္စည်းများလည်း ရောက်ရှိလက်ခံလျက်ရှိပါသည်။

၈။      ယနေ့အချိန်ထိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန အရေးပေါ်ရန်ပုံငွေ၊ ADB- GMS Health  Security၊ COVID-19 Economic Relief  Plan (CERP) မှ မြန်မာကျပ်ငွေစုစုပေါင်း သန်းပေါင်း (၃၆၀၀၀) ကျော်ခန့်အသုံးပြု၍ ဝယ်ယူလျက်ရှိပြီး COVID-19 ရောဂါ ကုသရေး နှင့်ဆိုင်သော ဆေးပစ္စည်းများ အသုတ်လိုက်ရောက်ရှိလျက်ရှိပါသည်။ World  Bank နှင့် ADB  ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၉၀)ကျော်ဖြင့် ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ အထူးကြပ်မတ်ကုသခန်းများ တိုးချဲ့ဖြည့်ဆည်းခြင်း၊ ဆေးရုံများ၌လိုအပ်သော ဆေးနှင့်စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

၉။      COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ Website (www.mohs.gov.mm)နှင့် Social  Media များမှတစ်ဆင့် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ သတင်းထုတ်ပြန်ချက်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၏ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း ဆောင်ရွက်မှုသတင်းများ၊ ပြည်သူများအတွက် ကျန်းမာရေး အသိပညာပေး အချက်အလက်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်များနှင့် GIS နည်းပညာ အသုံးပြု၍ COVID-19 Surveillance Dashboard  နှင့် မြေပုံတို့အား အချိန်နှင့်တစ်ပြေးညီ လွှင့်တင်လျက်ရှိပါသည်။

၁၀။    ဆေးရုံများ၌ COVID-19 ဆိုင်ရာ  ဆေးနှင့် ဆေးပစ္စည်းများ လက်ကျန်ကို ကွန်ပျူတာစနစ်သုံး Dashboard  ၌ ကြည့်ရှုသုံးသပ်ပြီး ဗဟိုမှ ချက်ချင်းဖြန့်ဖြူးပေးလျက်ရှိပါသည်။ အလားတူစွာ တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံများ သို့လည်း ဗဟိုရှိ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးဌာနမှ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးလျက်ရှိပါသည်။

၁၁။    ရောဂါကူးစက်ခံထားရသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တစ်နေရာတည်းတွင် စုစုစည်းစည်း ကုသပေးနိုင်ရန်အတွက် အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ရန်ကုန်)နှင့်   ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နေရာအချို့တွင် အထူးကြပ်မတ်ကုသဌာနနှင့် အခြားလိုအပ်သည်များကို အမြန်ဆုံးဖြည့်ဆည်းပြင်ဆင် ဆောင်ရွက်လျက်ရှိပါသည်။

၁၂။     သံသယလူနာ(PUI)များနှင့် ပိုးတွေ့သူနှင့် ထိတွေ့သူ (contact)များကို နာရီဝက်အတွင်း  ပိုး ရှိ၊ မရှိ သိရှိစစ်ဆေးနိုင်ရန် မကြာသေးမီကာလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော Antigen Test  Kit များ လူဦးရေ(၄)သိန်းအတွက် မှာထားပြီး ကိုရီးယားသမ္မတနိုင်ငံမှလည်း အမေရိကန်ဒေါ်လာ (၅)သိန်းတန်ဖိုးရှိ Antigen Test  Kitများ စတင်ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများနှင့် အခြားဆေးရုံများသို့ ခွဲစိတ်လူနာနှင့် အရေးပေါ် ရောက်ရှိလာသည့်လူနာများကို စစ်ဆေးနိုင်ရန်အတွက် စတင်ခွဲဝေ ဖြန့်ဖြူးနေပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ဆေးရုံများသို့လည်း ယနေ့စတင်ဖြန့်ဖြူးမည် ဖြစ်ပြီး PUI  နှင့် ရောဂါသံသယရှိသူများအား ဓာတ်ခွဲစစ်ဆေးပေးမည် ဖြစ်ပါသည်။ မြို့နယ်အဆင့်၌ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာယူရန် သင်တန်းများလည်းပေးပြီး ဖြစ်ပါသည်။

၁၃။    ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များနှင့် သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများတွင်လည်း ကူးစက်ဖြစ်ပွားမှုများ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းညွှန်အကြံပြုချက်များ ပြုစုထုတ်ဝေခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ လိုအပ်သည်များ ပံ့ပိုးခြင်း စသည့် လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

၁၄။    ဆေးရုံကြီးများ၌ လိုအပ်သည့် အရေးပေါ် ကုသခန်းများ၊ အောက်ဆီဂျင် ပိုက်လိုင်းများ၊ အောက်ဆီဂျင် အရည်ထုတ်ပေးနိုင်သည့်စက်၊ အောက်ဆီဂျင်ဓာတ်ငွေ့ထုတ်ပေးနိုင်သည့် စက်များကိုလည်း တပ်ဆင်ပေးလျက်ရှိပါသည်။ ထို့ပြင် ရွေ့လျားဓာတ်မှန်စက်(Portable  X-ray)၊ ကွန်ပျူတာအသုံးပြု ခေတ်မီဓာတ်မှန်စက်(CT  Scan)နှင့် အလွယ်တကူရွှေ့ပြောင်း သယ်ဆောင်အသုံးပြုနိုင်သည့်  တီဗွီဓာတ်မှန်ဖြင့် ရောဂါရှာဖွေသည့် ကိရိယာ(Portable  Ultrasound)   အလိုအလျောက်အသက်ရှူစက် (Ventilator) အစရှိသည့် စက်ပစ္စည်းများကို ဆေးရုံကြီးများသို့ ပံ့ပိုး ပေးလျက်ရှိ ပါသည်။

၁၅။    ရန်ကုန်တိုင်းဒေသကြီး၌ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ အဆင်ပြေစွာစီမံခန့်ခွဲနိုင်ရန်အတွက် ဗဟိုမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေးနှင့်ဆေးရုံများတာဝန်ခံ)၊  ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး)အဖွဲ့တို့အား (၁၅-၉-၂၀၂၀)ရက်နေ့မှစတင်တာဝန်ချထားပြီး ၎င်းတို့မှ နေ့စဉ်ဆောင်ရွက်ချက်အခြေအနေနှင့် အကြံပြုချက်များကို ပြည်ထောင်စုဝန်ကြီးထံ နေ့စဉ်သတင်းပေးပို့လျက်ရှိပြီး လိုအပ်ချက်များ ကို ဝန်ကြီးဌာန(ဗဟို)မှ ချက်ချင်းပြန်လည် တုံ့ပြန်ဆောင်ရွက်လျက်ရှိပါသည်။

၁၆။   လူနာညွှန်းပို့မှုစနစ်နှင့် Quarantine Center အခြေအနေများကို အမြဲသုံးသပ်၍ အကောင်းဆုံးနှင့် အဆင်အပြေဆုံး ဖြစ်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁၇။ ဈေးများ၌ ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအတွင်း လက်ကိုင်အသံချဲ့စက်အသုံးပြု၍  ပြောကြားရမည့် အချက်များကို စီစဉ်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များထံ  ပြည်ထောင်စုဝန်ကြီးမှ တိုက်ရိုက်မေတ္တာရပ်ခံ အကြောင်းကြားထားပြီး အားဖြည့်ဆောင်ရွက်လျက် ရှိပါသည်။

၁၈။    ဝန်ကြီးဌာန အနေဖြင့်လည်း ကူးစက်ပျံ့နှံ့မှုနှုန်းကို လျော့ကျနိုင်စေရန်အတွက် Stay at Home အမိန့်ကြော်ငြာများကိုလည်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။ ပြည်သူများ တိကျစွာ လိုက်နာခြင်းဖြင့် ရောဂါထပ်မံ ကူးစက်မှုကို ရပ်တန့်စေမည် ဖြစ်ပါသည်။

၁၉။    ဆက်လက်ဖွင့်လှစ် ခွင့်ရရှိထားသည့် စက်ရုံ၊ အလုပ်ရုံများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များအတိုင်း ဆောင်ရွက်စေရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်းကာ ဆန်းစစ်ချက် ပုံစံကိုအသုံးပြု၍ COVID-19 ရောဂါကူးစက်မှုကာကွယ် ပေးနိုင်သည့် စက်ရုံ၊ အလုပ်ရုံဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

၂၀။ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု နည်းနေသေးသော၊ ဦးမော့လာမှုမရှိသေးသော တိုင်းဒေသကြီး/ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ အတွေ့အကြုံကို လေ့လာသုံးသပ်ထားပြီး ၎င်းတို့တိုင်းဒေသကြီး/ပြည်နယ်များ၌  ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ညွှန်ကြားထားပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

၂၁။     ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှလည်း  COVID-19 ရောဂါနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များ ပျံ့နှံ့ကူးစက်မှုပုံသဏ္ဌာန်နှင့် ကပ်ရောဂါ ဗေဒဆိုင်ရာ အညွှန်းကိန်းများကို နေ့စဉ်သုံးသပ်ပြီး အချိန်နှင့်တစ်ပြေးညီ  လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ လုပ်ငန်းများအားဖြည့် ဆောင်ရွက်ခြင်းတို့ ပြုလုပ်လျက်ရှိပါသည်။

၂၂။     ဆေးဘက်ဆိုင်ရာ ပါမောက္ခဆရာဝန်ကြီးများသည် Webinar  များ viber, email များအသုံးပြုကာ ကမ္ဘာ၌ နောက်ဆုံး ကျင့်သုံးလျက်ရှိသော ကုသမှုပုံစံများကို နေ့စဉ်နီးပါးဆွေးနွေးလျက်ရှိပြီး COVID-19 ရောဂါအဓိကကုသသည့် ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပ ဆေးရုံ၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး)နှင့် အခြားဆေးရုံကြီးများရှိ ဆရာဝန်များထံ ဖြန့်ဝေအသိပေးလျက်ရှိပါသည်။

၂၃။     တစ်နိုင်ငံလုံး၏ COVID-19 အခြေအနေခြုံငုံသုံးသပ်ချက်ကို ဝန်ကြီးဌာန(ဗဟို)၌ ရက်သတ္တပတ် တစ်ပတ်လျှင်တစ်ကြိမ် အနည်းဆုံးပြုလုပ်လျက်ရှိပြီး အခြားလုပ်ငန်းဆွေးနွေးချက်များကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအဆင့် စီမံခန့်ခွဲမှု ကော်မတီ၌ COVID-19 နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။

၂၄။     ကျန်းမာရေး အသိပညာမြှင့်တင်ပေးရေး ဌာနမှလည်း COVID-19 နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များ အမျိုးအစား(၄၀)မျိုးကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၌ တင်ထားပြီး မြောက်မြား စွာသော လက်ကမ်းစာစောင်များကို ထုတ်ဝေဖြန့်ဖြူးလျက် ရှိပါသည်။

၂၅။     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လက်ကိုင်အသံချဲ့စက် စုစုပေါင်း (၂၅၀၀၀)ခန့် ဖြန့်ဝေပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည်သူများအား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်အဆင့်ထိ ကျန်းမာရေးအသိပညာ ပေးလျက်ရှိပါသည်။ ယခုထက်ပိုမိုအားဖြည့် ဆောင်ရွက်ရန် လိုအပ်ပါ မည်။

၂၆။     ဝန်ကြီးဌာနမှ  COVID-19 နှင့်ပတ်သက်သည့်ဆောင်ရွက်ချက်အသေးစိတ်များကို  ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့်  လူမှုကွန်ရက်စာမျက်နှာတို့တွင် တင်ပြထားပါသည်။ ပြည်သူများ၏ အသံကို နားထောင်လျက် မိမိတို့ လုပ်ငန်းများ၏ လိုအပ်ချက်များကို ပြင်ဆင်၍ အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

၂၇။     ပြည်သူများသိရှိလိုသည့် အချက်များကို ဖြေကြားနိုင်ရန်အတွက်(၉-၄-၂၀၂၀)ရက်နေ့မှစ၍ ဆေးသုတေသန ဦးစီးဌာန၌ (၂၄)နာရီ Call Center 2019 ကိုဖွင့်ထားခဲ့ပြီး ပြည်သူများ၏ မေးမြန်းချက်များကိုဖြေဆိုရန်အတွက် ဆန္ဒအလျောက်တာဝန်ယူဆောင်ရွက်ရန် ဝန်ထမ်းဆရာဝန် (၄၅)ဦးနှင့်  မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆရာဝန် (၁၅)ဦးမှ တာဝန်ယူပြီး နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖြေကြားခဲ့သည့်အပြင် (၂၄)နာရီပတ်လုံးစက်မှ အလိုအလျောက်ဖြေကြားလျက်ရှိရာ၊ စက်တင်ဘာလမှစ၍  ရခိုင်ဘာသာနှင့်  မေးမြန်းခြင်းကိုဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဧပြီလတွင် တစ်နေ့လျှင် (၅၅၀) ကြိမ်၊ မေလတွင် (၂၅၀)ကြိမ်၊ ဇွန်လနှင့် ဇူလိုင်လတွင် ၅၀ မှ ၁၀၀ ကြိမ်ခန့်ထိရှိခဲ့ပါသည်။ စက်မှအလိုအလျောက်ဖြေကြားမှုအနေဖြင့် ဧပြီနှင့် မေလတွင် တစ်နေ့လျှင်ပျမ်းမျှအကြိမ် တစ်သိန်းခွဲမှ နှစ်သိန်း၊ ဇွန်လနှင့်ဇူလိုင်လတွင် ၃ သောင်းမှ ၆ သောင်းခန့်ရှိပြီး စက်တင်ဘာလတွင်တစ်နေ့လျှင် အကြိမ် ၂ သိန်းကျော်ဖြေကြားလျက်ရှိပါသည်။

၂၈။     COVID-19 ပထမလှိုင်းတွင် ဖုန်းခေါ်ဆိုမှုအများဆုံးဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်ပါသည်။ ယခု ဒုတိယလှိုင်းတွင် ဖုန်းခေါ်ဆိုမှု အများဆုံးဒေသများမှာ  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ပါသည်။ COVID-19 လှိုင်းနှစ်ခုလုံးတွင် စုစုပေါင်းခေါ်ဆိုမှု၏ ၄၃ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများမှဖြစ်ပြီး နာဂဒေသကဲ့သို့ ဝေးလံခေါင်ဖျားအရပ်များမှ ခေါ်ဆိုမှုများလည်း ပါဝင်ပါသည်။

၂၉။     COVID-19 ရောဂါနှင့်ပတ်သက်၍ သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေး အဖွဲ့ပါဝင်၍ ပြည်သူများ သိရှိလိုသည်များကိုဖြေကြားပေးမည့် အစီအစဉ်ကိုလည်း အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် ထုတ်လွှင့်ပြသမည်ဖြစ်သဖြင့် ပြည်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။

၃၀။    အထက်ဖော်ပြပါအချက်များသည်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများထဲမှ အရေးကြီးသည့် အချက်များကိုသာ ပြည်သူများသိရှိရန်တင်ပြခြင်း ဖြစ်ပါသည်။

၃၁။    ပြည်သူများသို့ ပန်ကြားမေတ္တာရပ်ခံလိုသည်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်နှင့် မဖြစ်မနေထွက်ရမည်ဆိုပါက ပါးစပ်နှင့် နှာခေါင်းစည်းတပ်ရန်၊ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်သော ပိုးတွေ့လူနာများမှာ ရောဂါလက္ခဏာမပြသဖြင့် အကယ်၍ မိမိ၌ရောဂါရှိပါက အခြားသူများကို ကူးစက်နိုင်ခြင်းမရှိစေရန်နှင့် အခြားသူများမှ မိမိအားမကူးစက်နိုင်စေရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောဆောင်ရန်၊ ရှောင်ရန်များကို တိတိကျကျ လိုက်နာကြရန်ဖြစ်ပါသည်။

၃၂။     ယခုအချိန်၌ နေအိမ်အတွင်း၌သာ နေထိုင်ခြင်း (Stay at Home)သည် ရောဂါကူးစက်ပြန့်ပွားမှုကို ရပ်တန့်စေရန် အတွက် အထိရောက်ဆုံးသော နည်းဗျူဟာဖြစ်ပါသည်။

                   ပြည်ထောင်စုဝန်ကြီး

                   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန