ကျွန်တော်သိထားသမျှ နာတာရှည် ကိုဗစ်အကြောင်း

ကျွန်တော်သိထားသမျှ နာတာရှည် ကိုဗစ်အကြောင်း

ကမ္ဘာပေါ်က သန်းပေါင်းများစွာသော လူထုကြီးဟာ ကိုဗစ်-၁၉ ရောဂါပိုးကို ခံစားဖူးသူများဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ အနေနဲ့ ကနဦးကူးစက်မှု အပြီးမှာ အမျိုးမျိုးသောရောဂါလက္ခဏာတွေ ပြလာပါတော့တယ်။

ဒီလိုမျိုးရောဂါလက္ခဏာတွေ ပြလာတာကို နာတာရှည်ကိုဗစ် ဒါမှမဟုတ် ကိုဗစ်နောက်ဆက်တွဲရောဂါ လက္ခဏာစုလို့ခေါ်နိုင်ပါတယ်။

ဒါပေမဲ့ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်တာသိပ်မကြာသေးတာကြောင့် သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးတော့ ပြည့်ပြည့်စုံစုံ မရနိုင်သေးပါဘူး။

ဒီအတွက် လက်ရှိသတ်မှတ်ထားတဲ့ ကပ်ရောဂါကာလကြီးပြီးသွားသည့်တိုင် လူတွေမှာ သူတို့ရဲ့ကျန်းမာရေး ပြဿနာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ရမှုတွေ ရှိနေဦးမှာပါ။

ဒါကြောင့် လက်ရှိအချိန်အထိ ပညာရှင်တွေတွေ့ရှိ သတ်မှတ်ထားတဲ့ နာတာရှည် ကိုဗစ်အကြောင်းကို ဒီနေရာကနေ တင်ပြသွားလိုပါတယ်။

နာတာရှည်ကိုဗစ်ဆိုတာဘာလဲ

    တချို့လူတွေဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်စေတဲ့  SARS-CoV-2 ဗိုင်းရပ်နဲ့ ထိတွေ့ပြီးတဲ့အခါမှာ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။

ပုံမှန်အားဖြင့် ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေဟာ ကိုဗစ်စတင်ဖြစ်ပွားပြီး သုံးလအကြာမှာ ပေါ်လာလေ့ရှိပြီး အနည်းဆုံးအနေနဲ့  နှစ်လကြာမြင့်တတ်ပါတယ်။

နာတာရှည်ကိုဗစ် လူနာတွေဆီမှာ မတူညီတဲ့ရောဂါလက္ခဏာ အမျိုးပေါင်း ၂၀၀ ကျော်ဖြစ်ပွားတာကို ပညာရှင်တွေက တွေ့ရှိထားပါတယ်။

အဲဒီရောဂါလက္ခဏာတွေထဲကမှ မောပန်းတာ၊ အသက်ရှူမဝတာ၊ အသိအမြင်တွေ ပုံမှန်မဟုတ်တာ၊ ဦးနှောက် ဝေဝါးတာမျိုးတွေဟာ အဖြစ်အများဆုံးပါပဲ။

ဦးနှောက် ဝေဝါးခြင်းဆိုတာကတော့ အာရုံစူးစိုက်မှု၊ သတိကောင်းမှု၊ မှတ်ဉာဏ်ပြန်ဖော်နိုင်မှုတို့မှာ အရင်လိုမဟုတ်ဘဲ ပြဿနာလေးတွေ ရှိလာတာကို ဆိုလိုခြင်း ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရောဂါပြင်းထန်မှု အနေအထားကတော့ လူတစ်ယောက်ချင်းစီရဲ့  ပင်ကိုဓာတ်ခံအပေါ် မူတည်ပြီးတော့ ကွဲပြားခြားနားနိုင် ပါတယ်။

အဲဒီထဲမှာဆိုရင် ကျောက်ကပ်ပျက်စီးတာ၊ အဆုတ်မကောင်းတာ၊ ပန်ကရိယ အလုပ်လုပ်ဆောင်မှု ပုံမှန်မဟုတ်တော့တာ နဲ့ နှလုံးရောဂါဖြစ်ပွားနိုင်တာ မျိုးကနေ အသက်ဆုံးရှုံးနိုင်သည်အထိ ရှိပါတယ်။

ကိုယ်က ကိုဗစ်-၁၉ ရောဂါဖြစ်တာ မပြင်းထန်ဘူးဆိုပြီးတော့လည်း ပေါ့ဆလို့မရပါဘူး။ ရောဂါပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ နာတာရှည် ကိုဗစ်ကတော့ဖြစ်နိုင်တယ် ဆိုတာ မှတ်ထားရပါမယ်။

နာတာရှည်ကိုဗစ်ဖြစ်တာအချိန်ဘယ်လောက်ကြာလဲ

    ပျမ်းမျှအားဖြင့်တော့ နာတာရှည်ကိုဗစ် ဖြစ်ပြီဆိုရင် အချိန်အားဖြင့် နှစ်လအတွင်းကနေ တစ်နှစ်ကျော်တဲ့အထိ ကြာမြင့်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လက်ရှိလုပ်ဆောင်ထားတဲ့ သုတေသနတွေက ကိုဗစ်-၁၉ ရောဂါရဲ့ မူလဗိုင်းရပ်ဖြစ်တဲ့  SARS-CoV-2 နဲ့ အယ်ဖာဗီဇပြောင်းရောဂါပိုး ကူးစက်မှုတွေ အပေါ်မှာသာ အခြေခံထားတာပါ။

ဒါကြောင့် တခြားရောဂါ ပြင်းထန်မျိုးကွဲတွေဖြစ်တဲ့ ဒယ်တာတို့  အိုမီခရွန်တို့ကူးစက်ခံရရင် နာတာရှည်ကိုဗစ်က အချိန်ဘယ်လောက်အထိ ကြာမြင့်နိုင်တယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။

သို့ပေမယ့်လည်း မူလဗိုင်းရပ် ကူးစက်ခံရရင် နာတာရှည်ကိုဗစ်ဖြစ်တာ အချိန်နှစ်လကနေ တစ်နှစ်ကျော်ကြာတယ်လို့ တွေ့ရှိထားတဲ့အတွက် သူ့ထက်ရောဂါပြင်းထန်တဲ့ မျိုးကွဲတွေ ကူးစက်ခံရသူကတော့ နာတာရှည် ကိုဗစ်ဖြစ်ရင် ဒီထက်ပိုကြာဖို့ပဲရှိတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။

ဘာကြောင့်နာတာရှည် ကိုဗစ်ဖြစ်ရတာလဲ

    ဘာကြောင့်နာတာရှည် ကိုဗစ်ဖြစ်ရတာလဲ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ သုတေသနပညာရှင်များက လေ့လာစူးစမ်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

များသောအားဖြင့် ကိုဗစ်-၁၉ ရောဂါကို ပြင်းထန်စွာ ခံစားရသူတွေက သွေးတိုးရောဂါရှိသူ၊ ဆေးလိပ်သောက်သူ၊ ဆီးချိုရောဂါရှိသူနဲ့ အဝလွန်သူတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီရောဂါတွေနဲ့ နာတာရှည် ကိုဗစ်ဖြစ်ရတာ ဆက်စပ်မှုရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တချို့ပညာရှင်တွေကျတော့ လူတွေဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီ ဆိုတာနဲ့ ရောဂါပိုးက လူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဖျက်ဆီးလိုက်တာကြောင့် နာတာရှည် ကိုဗစ်ဖြစ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

တချို့ကျတော့လည်း ကနဦးရောဂါပိုး ကူးစက်မှုဖြစ်ပွားစဉ် လူတချို့ရဲ့ ကိုယ်ခံအားစနစ်က အတိုင်းအဆမရှိဘဲ အလွန်အကျွံ အလုပ်လုပ်တာကြောင့် အဲဒီကိုယ်ခံအားစနစ်က ရောဂါပိုးကိုသာမကဘဲ  ကိုယ်တွင်းအင်္ဂါတွေကိုပါ တိုက်ခိုက်သွားတဲ့အတွက် နာတာရှည်ကိုဗစ် ဖြစ်ရခြင်းဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။

နာတာရှည်ကိုဗစ်က ဘယ်လောက်အထိအဖြစ်များလဲ

    ဗြိတိန်အမျိုးသား စာရင်းအင်းရုံးရဲ့ ထုတ်ပြန်ချက်အရတော့ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ လူငါးဦးအနက် တစ်ဦးဟာ ကနဦး ရောဂါပိုး ကူးစက်ခံရပြီးနောက် သီတင်းပတ်ငါးပတ်ကျော် ကြာတဲ့အထိနဲ့ ၁၀ ဦးမှာ တစ်ဦးက သီတင်းပတ် ၁၂ ပတ်ကျော်ကြာတဲ့အထိ  အမျိုးမျိုးသော ကျန်းမာရေးလက္ခဏာတွေကို ခံစားရတယ်လို့ ဆိုပါတယ်။

အမေရိကန်အမျိုးသား ကျန်းမာရေး အဖွဲ့အစည်းရဲ့ ပြီးခဲ့တဲ့နှစ် မတ်လထုတ်ပြန်ချက်အရဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်သူ စုစုပေါင်းအနက် ၁၀ ရာခိုင်နှုန်းက အနည်းဆုံးရောဂါလက္ခဏာ တစ်ခုကို သီတင်းပတ် ၁၂ ပတ်နဲ့အထက် ကြာတဲ့အထိ ခံစားရတယ်လို့ သိရပါတယ်။

ဟောင်ကောင်ပိုလီတက္ကနစ် တက္ကသိုလ်ရဲ့ လူ ၁၁၈ ဦး ပါဝင်တဲ့ သုတေသနမှာတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၄၀ ရာခိုင်နှုန်းကျော်ဟာ တစ်နှစ်ကျော်ကြာတဲ့ အထိကို နာတာရှည်ကိုဗစ်ရောဂါ ခံစားကြရတာ တွေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ ၄၀ ရာခိုင်နှုန်းထဲမှာ အမျိုးသမီးတွေက အများဆုံးပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ ကလေးငယ်တွေဟာ အရွယ်ရောက်ပြီးသူတွေထက် နာတာရှည်ကိုဗစ်ဖြစ်နိုင်ခြေ ပိုများလား၊ ပိုနည်းလား ဆိုတာကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး။

ကာကွယ်ဆေးက နာတာရှည်ကိုဗစ် ဖြစ်မှုကို ကုသနိုင်မလား

    ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလိုက်ပြီဆိုတာနဲ့ ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

ဆက်ပြီး လေ့လာကြည့်တဲ့အခါ ကာကွယ်ဆေး ထိုးထားသူတွေက ကာကွယ်ဆေးမထိုးထားသူတွေနဲ့ ယှဉ်ရင် နာတာရှည်ကိုဗစ်ဖြစ်ပွားမှုနှုန်း နည်းပါးတာကို  တွေ့ရှိရပါတယ်။

ဒါ့အပြင် နာတာရှည်ကိုဗစ်လည်း ဖြစ်နေတယ်၊ ကာကွယ်ဆေးလည်း မထိုးထားဘူးဆိုတဲ့ သူတွေဟာ ကာကွယ်ဆေးထိုးပြီးတာနဲ့ ချက်ချင်းဆိုသလို နာတာရှည်ကိုဗစ် ရောဂါလက္ခဏာတွေ လျော့ပါးသွားပါတယ်။

ဒါပေမဲ့ တချို့တလေကတော့ နာတာရှည် ကိုဗစ်ဖြစ်နေလျက်နဲ့ ကာကွယ်ဆေးထိုးလိုက်ကာမှ ရောဂါအခြေအနေ ပိုဆိုးသွားတာမျိုးတွေကိုလည်း တွေ့ရတယ်လို့ ဗြိတိန်ကျန်းမာရေးဘေးကင်း လုံခြုံရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကုသမှုတွေက ဘာတွေဖြစ်မလဲ

    လက်ရှိအချိန်မှာတော့ နာတာရှည် ကိုဗစ်ရောဂါဖြစ်တယ်ဆိုတာသိပေမယ့်လည်း အဲဒီရောဂါကို အရှင်းပျောက်ကင်း အောင် ကုသပေးနိုင်တဲ့ဆေး မရှိသေးပါဘူး။

ဒီလိုလူနာတွေအနေနဲ့ ကျန်းမာရေး ကောင်းလာစေဖို့အတွက် ပြန်လည်ထူထောင်ရေး စင်တာတွေ၊ အထောက်အကူပေးရေး အဖွဲ့တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းတဲ့ နည်းစနစ်တွေက အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။

အကယ်၍ ကိုယ်ကမောပန်းလွယ်တယ်ဆိုရင် ပင်ပင်ပန်းပန်း ဖြစ်စေမယ့်အလုပ်တွေကို ရှောင်ကြဉ်ရပါလိမ့်မယ်။ အာရုံစူးစိုက်လို့ မရဘူးဆိုရင် အလုပ်တစ်ခုတည်းအပေါ်မှာသာ အာရုံစိုက်ပြီး တစ်ချိန်တည်းမှာ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းကို  ရှောင်ရှားဖို့ ဆရာဝန်တွေက အကြံပေးထားပါတယ်။

Source: SCMP

ကိုထက်