ချုန်းချုန်းသံထပ် လယ်တောစပ်က မရပ်မနား ဘာသံလဲကွဲ့၊ ချုန်းချုန်းသံထပ် လယ်တောစပ်က မရပ်မနားမီးရထားကွဲ့ ဟူသော ကဗျာလေးကို စာရေးသူငယ်စဉ်ဘဝက မြန်မာစာအုပ်ထဲတွင် ဖတ်ခဲ့ကျက်ခဲ့ဖူးပါတယ်။ ထိုကဗျာလေးကိုဖတ်ရင်း မီးရထားကြီးစီး၍ ခရီးသွားလိုစိတ်များ တဖွားဖွားပေါ်ပေါက်ခဲ့ပါတယ်။ ထိုသို့ဆန်းသစ်ခဲ့သော မီးရထားတစ်ခေတ်ကိုမျှော်မှန်းရင်း ဆောင်းပါးလေးကို ရ ရထားကြီး ပျော်ပျော်စီးရအောင် ဟု အစချီလိုက်ရပါတော့တယ်။
မီးရထားဟုဆိုလျှင် မီးရထားများ၏ခေတ်ဦးကို ပြန်၍လှစ်ဟတွေးမိပါသေးတယ်။ အနောက်ဥရောပ နိုင်ငံများဆီမှ ၁၈၀၄ ခုနှစ်တွင် စတင်ထွန်းကားခဲ့သည်ဟု မှတ်သားမိပါတယ်။ ၁၈၀၆ ခုနှစ် ဧပြီလတွင် ဝေလနယ် ဆွမ်းဆီးမြို့မှ အွိုင်စတာမောက်မြို့သို့ ဗြိတိသျှလူစီးမီးရထား(သံမြင်း)ကို ပထမဆုံးဖွင့်လှစ်ခဲ့သည်ဟု ဆိုပါတယ်။ သံမြင်း ဟူသည်မှာ ရထားကို မြင်းဖြင့်ဆွဲခဲ့ရာက မြင်းနေရာတွင် သံဖြင့်ပြီးသောစက်နဲ့ တပ်ဆင်ဆွဲငင်စေခဲ့တာပါ။ မြင်းလုပ်ရသည့်အလုပ်ကို စက်ကနေရာယူဆောင်ရွက်တာပေါ့။ မြင်းနေရာမှ တဂျိုင်းဂျိုင်း ဆောင့်ခါဆွဲတတ်လို့ သံမြင်းလို့ ပြည်ပနိုင်ငံသားများက စတင်ခေါ်ဆိုခဲ့တာပါ။ မြင်းမဲ့ရထား လို့လည်း ခေါ်ကြပါသေးတယ်။ ၁၈၃၀ ပြည့်နှစ်တွင် မီးရထားနဲ့စာပို့စနစ်ကိုလည်း စတင်ခဲ့ကြပါတယ်။
ပြည်ပမီးရထားတီထွင်သူပညာရှင်တစ်ဦးက ဖိနပ်ဖိုးထက် မီးရထားခသက်သာရမည် ဟူသော ကြွေးကြော်သံနဲ့ မီးရထားကို တီထွင်ခဲ့ကြတယ်လို့လည်း ဖတ်မှတ်လေ့လာခဲ့ဖူးပါတယ်။
ဥရောပမီးရထားခေတ်ကို ပြန်ပြောင်းကြည့်လျှင် ပြင်သစ်နိုင်ငံတွင် ၁၈၂၇ ခုနှစ်တွင် မြင်းဆွဲမီးရထား၊ ၁၉၂၈ ခုနှစ်တွင် စက်ခေါင်းဆွဲမီးရထား၊ ဂျာမနီနိုင်ငံတွင် လျှပ်စစ်မီးရထားကို ၁၈၇၉ ခုနှစ်တွင် စတင်တည်ထွင်ပြီး ၁၈၈၁ ခုနှစ်တွင် အသုံးပြုခဲ့ကြပါတယ်။ ဆိုဗီယက်ပြည်ထောင်စုတွင် ဇာဘုရင်တွေလက်ထက်ကတည်းက သံလမ်းတွေခင်းခဲ့ကြတယ်။ မြင်းဆွဲရထားတွေကို ၁၈၃၆ ခုနှစ်ထိသုံးခဲ့တယ်။ ထိုနှစ်မှာပဲ ရေနွေးငွေ့သုံးမီးရထားများကို အသုံးပြုခဲ့တယ်လို့ လေ့လာခဲ့ဖူးပါတယ်။ အာရှမီးရထားခေတ်ကို ပြန်ပြောင်းကြည့်မယ် ဆိုလျှင်လည်း အိန္ဒိယနိုင်ငံဟာ ၁၈၅၂ ခုနှစ်မှာ မီးရထားကိုစတင်အသုံးပြုနေနိုင်ပါပြီ။ မီးရထားအသုံးပြုရာမှာ အာရှ၌ အစောဆုံးနိုင်ငံဟုလည်း ဆိုရမှာပါ။ ဂျပန်ဆိုလျှင် မီးရထားလမ်းတွေကို ၁၈၆၉ ခုနှစ်တွင် စတင်ဖောက်လုပ်ပြီး ၁၉၁၀ ပြည့်နှစ်တွင် ရှင်ဂျူကူနှင့်ဟာချီအိုဂျီအိုကို ပထမဆုံးမီးရထား(ကီအီအို)နဲ့ ပြေးဆွဲနိုင်ခဲ့တယ်လို့ လေ့လာခဲ့ရပါတယ်။
မြန်မာ့မီးရထားတစ်ခေတ်ကို ပြန်ပြောင်းကြည့်မယ်ဆိုလည်း မြန်မာနိုင်ငံဟာ မီးရထားခေတ်ကို အင်္ဂလန်ထက် ၅၂ နှစ်၊ အိန္ဒိယထက် ၂၄ နှစ်တို့ နောက်ကျပြီးမှ ရောက်ခဲ့ရတယ်လို့ မှတ်တမ်းများရှိကြပါတယ်။ ၁၈၇၇ ခုနှစ် မေ ၂၇ ရက်မှာ ရန်ကုန်-ပြည်မီးရထားလမ်းတွင် လူနှင့်ကုန်များတင်ဆောင်၍ စတင်ပြေးဆွဲခဲ့တာပါ။
မြန်မာ့မြေအတွင်း မီးရထားလမ်းများကို ဖောက်လုပ်ပြေးဆွဲခဲ့တာဟာဆိုရင် ၁၈၇၇ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ သူ့တစ်နှစ်ချင်းစီမှာ နိုင်ငံတစ်နံတစ်လျားတွင် လမ်းများကိုဖောက်လုပ်ခဲ့ပါတယ်။ ထို့အတူမြန်မာ့ ရေမြေတောတောင်သဘာဝအရ ဥမင်လမ်းတွေ၊ မြစ်ကူးတံတားလမ်းတွေကိုပါ တစ်ဆက်တည်း ဖောက်လုပ်ထွန်းကားခဲ့တာပါ။ ဖောက်မယ်လို့လျာထားပြီးမှ မဖောက်ဖြစ်ခဲ့သော မီးရထားလမ်းတွေ ရှိနေသေးတာကိုလည်း လေ့လာခဲ့ရပါတယ်။ လမ်းတစ်လျှောက် ဘူတာစဉ်များကို ဆောက်လုပ်ခဲ့ကြတယ်။ ဘူတာရုံလို့ ဆိုတဲ့နေရာမှာ စာဖတ်သူတို့အား ဗဟုသုတအဖြစ် မျှဝေပေးလိုပါသေးတယ်။
မြို့ကြီးများနှင့်လမ်းဆုံလမ်းခွဲဘူတာရုံများကို အေ အဆင့်၊ မြို့ငယ်ရှိဘူတာရုံများကို ဘီ အဆင့်၊ ကျေးလက်ရွာဘူတာရုံများကို စီ အဆင့်သတ်မှတ်တည်ဆောက်ခဲ့တာကိုလည်း မှတ်တမ်းများမှာ တွေ့ရပါတယ်။ အချို့ဘူတာရုံများမှာ ကုန်လှောင်ရုံတွေကိုပါ ဆောက်လုပ်ခဲ့ကြတယ်။ ရန်ကုန်-မန္တလေး အမြန်မီးရထား ကိုတော့ ၁၉၃၄ ခုနှစ် မတ် ၁ ရက်မှာ စတင်ပြေးဆွဲနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မီးရထားလမ်းများကို ဖောက်လုပ်ရန် မြေနေရာလိုက်လံရွေးချယ်ကြစဉ် ဟန်လင်းကြီး၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ၊ ဗိဿနိုး၊ သာယာဝတီ၊ မှော်ပီ(စာအုပ်ပါအတိုင်း)အစရှိသော မြို့ဟောင်းများ၏ ရှေးဟောင်းနေရာများကို တွေ့ရှိရသလို တန်ဖိုးရှိသော မြန်မာတို့၏ ရှေးဟောင်းပစ္စည်းများကို များစွာတူးဖော် တွေ့ရှိခဲ့ကြတာကိုလည်း မြန်မာ့မီးရထားသမိုင်းမှတ်တမ်းတွေမှာ တွေ့ရပြန်ပါတယ်။ ထိုသည်ကား ကမ္ဘာ့မီးရထားခေတ်ဦးနှင့် မြန်မာ့မီးရထားခေတ်ဦးအကျဉ်းအနည်းငယ်ကို အလျဉ်းသင့်လို့ တင်ပြလိုက်ရတာပါ။
မြန်မာ့မြေတွင် မီးရထားများဖြတ်မောင်းကြသည့်အခါ ရန်ကုန်-ပြည်မီးရထားလမ်းတွင် ထိုခေတ်က ရောင်းဝယ်ဖောက်ကားမှု တစ်ဟုန်ထိုးတိုးတက်လာပါတယ်။ စည်ကားလာခဲ့တယ်။ လေးငါးခြောက်သန်းမျှသော လူငယ်ကျောင်းသားအချို့ကလည်း မီးရထားဝန်ထမ်းများနှင့် ခင်မင်လာပြီး မီးရထားဌာနများတွင် အလုပ်များရလာကြပါတယ်။ ဂျပန်ခေတ်က ဖွင့်ပေးသမျှ မီးရထားလမ်းများမှာ ဂျပန်လူမျိုးများနှင့် အပေါင်းအပါတစ်စုသာ အထက်တန်းကျကျ မင်းမူခဲ့ကြပြီး မြန်မာ့ခရီးသည်အများစုကတော့ မျက်နှာငယ် အသနားခံခဲ့ကြရတယ်လို့ မှတ်တမ်းများမှာ တွေ့ရပါတယ်။ လွတ်လပ်ရေးရပြီးမှသာ မြန်မာအချင်းချင်းမို့ ဆက်ဆံမှုအဆင်ပြေလာကြပါတယ်။ ထိုသို့ပြောင်းလဲလာသည့် ခေတ်စနစ်တွေနဲ့အညီ မြန်မာ့မီးရထားဌာနကြီး များကလည်း တိုင်းပြည်နှင့် လုပ်သားပြည်သူများကို အကျိုးပြုသည့်ဌာနကြီးဖြစ်လာစေရန် ၁၉၇၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ တွဲဦးရေနှင့် ခရီးသည်မျှတလာခဲ့သည်ကိုလည်း မီးရထားသမိုင်းရဲ့ မြန်မာ့မီးရထားခေတ်ဦးမှာ ဖတ်မှတ်လေ့လာခဲ့ရပါတယ်။
စာရေးသူအနေနှင့် မြန်မာ့မြေပေါ်ရှိ မီးရထားလမ်းမများထက်တွင် အသွင်သဏ္ဌာန်အမျိုးမျိုးနှင့် လှုပ်ရှားသွားလာ ဖူးပါတယ်။ မီးရထားကြီးပေါ်တွင် ခရီးသည်အသွင်နဲ့တစ်သွယ်၊ လမ်းမအချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အဖြစ် တစ်ဖုံ သွားလာခဲ့ဖူးပါတယ်။ ဒီလိုသွားလာခဲ့ရာမှာ ဈေးနှုန်းသက်သာသော မီးရထားခများကြောင့် လူတန်းစားမရွေးစီးနင်းနိုင်တာကိုတွေ့ရပါတယ်။ ဘူတာရုံအဆင့်အတန်းများအလိုက် ရွာနီးစပ်ချုပ်မှ လူငယ်များမှာ တတ်မြောက်ပညာအရည်အချင်းအလိုက် မီးရထားအရာရှိ၊ အရာခံ၊ သာမန်ဝန်ထမ်း၊ ကုန်တင်ကုန်ချစတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိကြပါတယ်။ ဘူတာရုံလေးကိုအခြေပြုပြီး အိုးမကွာ အိမ်မကွာနဲ့ ရထားဆိုက်ချိန်မှာ ခရီးသည်တွေ ဝမ်းဝစေဖို့ တစ်နိုင်စားသောက်စရာလေးများ ရောင်းချရင်း ခရီးသည်များဝမ်းလည်းဝခဲ့သလို သူတို့တစ်ဝမ်းတစ်ခါးလည်း လှခဲ့သည်မဟုတ်လား။
ရန်ကုန်-မန္တလေးမီးရထားကြီးကို စီးခဲ့သည့် အကြိမ်ကြိမ်အခါခါတိုင်း ရေယူဦးမလားရေ ဟူသော ရေရောင်းသည့် ဈေးသည်လေးများ၏ အသံကို ခပ်ဆူဆူလေးကြားခဲ့ဖူးသည်။ ရထားတွဲများပေါ်တွင်လည်း အိပ်ငိုက်ပြေ ချိုချဉ်၊ အချဉ်ပေါင်းကစလို့ ထမင်းဟင်းများအထိ တစ်ဘူတာတက်၊ တစ်ဘူတာဆင်း ရောင်းချကြသည့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းပေါများခဲ့သည့် ပုံရိပ်များကို မှတ်မှတ်ထင်ထင် တွေ့မြင်ခဲ့ဖူးပါတယ်။ ကျေးရွာအဆင့်မှ တိုင်းဒေသကြီးအဆင့်အထိ ဒေသထွက်ကုန်အသီးသီးကို တစ်နေရာနှင့်တစ်နေရာ ကူးလူးခေါက်ပြန်ဖလှယ်နိုင်ခြင်းဆိုတဲ့ ပြည်တွင်းကုန်စည်ရောင်းဝယ်ဖောက်ကားမှု စနစ်ကောင်းကြီးကိုလည်း ပိုင်ဆိုင်ခဲ့ကြပါတယ်။ ယနေ့အချိန်ထိ ကားလမ်းမပေါက်သော ကျေးရွာများ ရှိနေသေးသည့်အတွက် ထိုမီးရထားကြီးကြောင့် ကျေးလက်နေပြည်သူများမှ မြို့ပြများသို့ အချိန်မရွေးသွားလာ နိုင်နေပါတယ်။ မီးရထားကြီးကြောင့် ဘဝသံသရာတံတား၊ ဂုတ်ထိပ်တံတားအစရှိတဲ့ မြန်မာ့သမိုင်းဝင် အထင်ကရနေရာများကို ကမ္ဘာလှည့်ခရီးသည်များထံ ဂုဏ်ယူဝင့်ကြွားစွာ ပြသနိုင်ပါတယ်။ ထိုသည်ကား မီးရထားလမ်းပန်းဆက်သွယ်ရေးမှ လုပ်ငန်းချင်းဆက်နွှယ်နေသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန်အထောက်အကူပြုနေသည် မဟုတ်ပါလား။
ရေးဖွဲ့တင်ဆက်မကုန်နိုင်သည့် မီးရထားကြီးများ၏ နိုင်ငံသူနိုင်ငံသားများအပေါ် အကျိုးပြုပုံများကား များစွာကျန်ရှိပါသေးတယ်။ ထိုသို့ခေတ်များမှသည် မော်တော်ကားယာဉ်လိုင်းများ တစ်ဟုန်ထိုးကောင်းမွန် လာချိန်တွင် မီးရထားနှင့်ကားကို ပြည်သူများက စိတ်ကြိုက်ရွေးချယ်လာကြပြန်တယ်။
ကားယာဉ်လိုင်းများ၏ဝန်ဆောင်မှုသည် ခရီးသည်များကို Door To Door စနစ်ထိ ပို့နိုင်သည်ထိ ကြိုးပမ်းလာကြသည်။ ကုန်ပစ္စည်းတင်ဆောင်ရေးတို့တွင်လည်း Door To Door ထိ ပို့နိုင်လာသည်။
မြန်မာလိုပြောရလျှင် အိမ်တိုင်ရာရောက်စနစ်ဟု ပြောရမည်။ ထိုတွင်ပင် မီးရထားနှင့်ကားသည် ပြည်သူ့ဦးနှောက်တွင် ရွေးချယ်စရာလိုဖြစ်လာပါတယ်။ နိစ္စဓူဝအရေးများကြောင့် ပြည်သူတို့၏ ပကတိလိုအပ်ချက်သည် အချိန်တိုတောင်းမှုဖြစ်လေရာ မီးရထားနှင့်ကားသည် အလွှာလေးများ စခြားသွားတယ်လို့ စာရေးသူ ထင်မြင်သုံးသပ်မိပါတယ်။ အလျဉ်မလိုသော ပြည်သူ၊ အပန်းဖြေသက်သက် ဟူသော ပြည်သူများကသာ မီးရထားကိုစီးနင်းလာကြပါတယ်။ ထိုသို့ပြောင်းလဲလာသော ခေတ်စနစ်ကြီးကြောင့် မြန်မာ့မီးရထားသည် ဝန်ဆောင်မှု၊ ခရီးစဉ်ပြေးဆွဲမှု အစရှိသည့် အစီအစဉ်စနစ်များကိုရပ်တန့်မနေဘဲ တာဝန်ရှိသူများက ကြံဆနေဖို့လိုပါလိမ့်မယ်။ ရထားနှင့်ကားပြိုင်ပွဲဟု ဆိုရပါမယ်။ ထိုကြံဆချက်များသည် သမိုင်းကြောင်းကောင်းကို ပိုင်ဆိုင်ခဲ့သော မြန်မာ့မီးရထားနှင့် ပြည်သူများအတွက်သာ သီးပွင့်လာမှာပဲဖြစ်ပါတယ်။
ယနေ့မျက်မှောက်အခြေအနေကို ပြန်လည်ကြည့်မည်ဆိုပါကလည်း ပြည်ပနိုင်ငံအချို့ရဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းများကို တစ်ကမ္ဘာလုံးဟာ ရင်ဆိုင်နေရတယ်ဆိုတာ အားလုံးအသိပါ။ ဓာတ်ဆီနဲ့ဒီဇယ်ဆီတွေ မြင့်တက်ခြင်းဒဏ်ကို ဦးစွာခံစားရတာကတော့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေပါ။ ခရီးစဉ်အလိုက် ကုန်ကျမှုတွေ မြင့်တက်လာကြပါတယ်။ စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကနေ အခုအချိန်ထိ ၃၀ ရာခိုင်နှုန်း မြင့်တက်လာမှုကြောင့် ကုမ္ပဏီငယ်လေးတွေရဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေရဲ့ သုံးပုံတစ်ပုံဟာလည်း စက်သုံးဆီအသုံးပြုမှုမှာ ပါဝင်နေတာပါ။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍတွေရဲ့ ကုန်ကျစရိတ်ဟာ မြင့်တက်လာနိုင်ဖွယ်ရှိတာကိုလည်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ပြောဆိုလာကြပါပြီ။
ထိုသို့သော ပြည်သူများအတွက် ဖြစ်ပေါ်လာစေမည့် ဝန်ထုပ်ဝန်ပိုးများ၊ နိုင်ငံတော်မှ ရင်ဆိုင်လာရမည့် စိန်ခေါ်မှုများကို ကြိုတင်မြော်တွေးကာ မီးရထားလမ်းပိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ မီးရထားတွဲများ ကောင်းမွန်စေရေး စသော မြန်မာ့မီးရထားဖြင့် ခရီးစဉ်များအဓိကထားပြေးဆွဲခြင်းတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မီးရထားများနှင့် စပ်လျဉ်းကာ လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင် မြန်မာ့
မီးရထားစက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) နှင့်ဘူတာကြီးတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် မှာကြားခဲ့တာပါ။
ထိုအချက်များကတော့ နိုင်ငံ၏ ပို့ဆောင်ရေးလုပ်ငန်းများတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံအားများစွာ အထောက်အကူပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ပင်ဖြစ်ကြောင်း၊ မီးရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်ရေး အတွက် အဓိကဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်-ပြည်မီးရထားလမ်းသည် ပထမဆုံးဖွင့်လှစ်ခဲ့သည့် မီးရထားလမ်းဖြစ်ပြီး အဆင့်မြှင့်တင်ကာ လျှပ်စစ်ရထားလမ်းများအထိ မျှော်မှန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုခရီးစဉ်တွင် လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါတယ်။
ထိုညွှန်ကြားချက်များဟာ ပြည်သူများအတွက် အားကိုးအားထားပြုရမည့် မြန်မာ့မီးရထားတစ်ခေတ်ကို ပုံဖော်ထုဆစ်လာလိမ့်မည်ဟု ယုံကြည်မိပါတယ်။
မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် နှစ်ပေါင်း ၁၀၀ ကျော်အတွေ့အကြုံရှိပြီးဖြစ်ပါတယ်။ တစ်ချိန်က မီးရထားလုပ်ငန်းများတွင်ကျယ်စွာ အောင်မြင်ခဲ့သည့်အချိန်တွင် ခရီးသွားပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ခဲ့သည့်အပြင် မီးရထားခရီးစဉ်လမ်းကြောင်းများ တစ်လျှောက် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကိုပါ များစွာအထောက်အကူပြု ခဲ့ပါတယ်။ ၎င်းအပြင် ဒေသတစ်ခုနှင့်တစ်ခု ယဉ်ကျေးမှုများဖလှယ်နိုင်ခဲ့ပြီး ကုန်စည်များ အပြန်အလှန် စီးဆင်းဖလှယ်ကာ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေနိုင်ခဲ့ပါတယ်။ ထို့ကြောင့် ဆန်းသစ်လာမည့် မြန်မာ့မီးရထားတစ်ခေတ်ကိုကြိုဆိုရင်း ရ ရထားကြီးပျော်ပျော် စီးရအောင်ဟုသာ တိုက်တွန်းမျှော်လင့်လိုက်ရပါသည်။ ။
ကျော်တေဇ(ဉက္ကလာ)