နေပြည်တော် မတ် ၃၀
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ တောကျောင်း ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ မဟာပညာ့ဗိမာန်စာသင်တိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ရတနာမွန်ပရိယတ္တိစာသင်တိုက်နှင့် မောင်တောမြို့နယ်ရှိ မြို့မကျောင်းတိုက်တို့သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်ရှိ မဟာဝိဟာရစာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။