ဒူးနာရောဂါအကြောင်း သိကောင်းစရာ

တစ်ခါက အသက် ၆၅ နှစ်အရွယ်ရှိ ပင်စင်စား ဘကြီးတစ်ဦးနှင့်တွေ့သဖြင့် ကျန်းမာပါရဲ့လား ဟုမေးရာ။ လူကတော့ကျန်းမာပါတယ်၊ ဒူးကနာတော့ ဘယ်မှမသွားနိုင်ဘူး၊ ဆိုးတာက ဘုရားဝတ်ပြုရင် ဒူးတုပ်ပြီးမပြုနိုင်တာဘဲ ဟု ပြောပါသည်။

ဒူးဘာကြောင့်နာသလဲ ဟု မေးကြည့်သောအခါ ကျုပ်က နှလုံးသွေးကြောကျဉ်းရောဂါရှိတယ်လေ ဆေးပညာအတွက်ထုတ်ဝေတဲ့ ဂျာနယ်တစ်စောင်မှာ လှေကားဆင်းတက်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းသည်။ နှလုံးသွေးကြောကျဉ်းရောဂါမှ ကာကွယ်နိုင်သည်လို့ ဖတ်ရတယ်။ အဲဒါဖတ်ပြီးကတည်းက တစ်လမ်းကျော်မှာရှိတဲ့ ကျုပ်သမီးနဲ့ မြေးများနေတဲ့ တိုက်ခန်းလေးလွှာကို  နေ့စဉ်သွားတယ်။  လှေကားဆင်းတက် လုပ်ခဲ့တယ်။ အဲဒါတစ်လလောက်ကြာတော့ ဒီဒူးဆစ်ကရောင်ပြီး  ဒူးနာရောဂါရလာတာပဲ ဟု ပြောပါသည်။

သက်ကြီးရွယ်အို အထူးသဖြင့် ပင်စင်စားအရွယ်များတွင် အဖြစ်များသောရောဂါတွင် ဒူးနာရောဂါသည် ထိပ်ဆုံးမှ ပါဝင်သည်။ အသက်အရွယ်အရ အရိုးအဆစ်များ၏ အကွေးအဆန့် လုပ်သည့်နေရာများတွင် ချောဆီ အထွက်နည်း လာသောကြောင့်ဟု ဆိုသည်။

ကျီးပေါင်းတက်ခြင်း

သစ်ပင်များကြီးလာလျှင် အခေါက်ထူပြီး အပွေး တက်လာသကဲ့သို့ အဆစ်များတွင် အပွေးတက်လာသည်။ ပုံပျက်လာသည်ကို ကျီးပေါင်းတက်သည်ဟု ခေါ်သည်။ ထိုကျီးပေါင်း၏ ပွတ်တိုက်မှုကြောင့် အဆစ်နှစ်ခုကြားတွင် ဝါရှာကဲ့သို့ ခံထားသည့်အရွတ်တုံးမှာ ပွန်းစားပြီး ပေါက်ပြဲသောကြောင့် အရိုးချင်း ပွတ်တိုက်မိရာမှ ဒူးနာ၊ ခါးနာ၊ အဆစ်နာရောဂါများ ဖြစ်လာရသည်။

ကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်အရ အရိုးရင့်ခြင်း၊  အရိုးပွလာခြင်း၊  အရိုးပုံပျက်ခြင်းကြောင့် ကုသရခက်ခဲပါသည်။

ကျီးပေါင်းတက်လာလျှင် အရိုးအဆစ်ပွတ်တိုက်မှု မများစေရန် အသွားအလာ၊ အဆင်းအတက်ဆင်ခြင်ဖို့ သာလိုသည်။ ကျီးပေါင်းသည် ပြောင်းလဲမှုသာ ဖြစ်သဖြင့် ကျီးပေါင်းပျောက်ဆေးဟူ၍မရှိပါ။ နာလျှင်လိမ်းဆေးလိမ်း၊ ကိုက်လျှင် အကိုက်အခဲပျောက်ဆေးသောက်ရန်သာ ရှိပါသည်။

သက်သက်သာသာနေထိုင်ခြင်းသာ ကျီးပေါင်းရောဂါအတွက်ဆေး ဖြစ်ပါသည်။

ဒဏ်ကြောင့်ဖြစ်သောဒူးနာ

ဒူးနာရောဂါသည် အသက်ငယ်ရွယ်သူများတွင် ဖြစ်ခဲသည်။ ဖြစ်လျှင်လည်း ခိုက်မိဒဏ်ကြောင့် ဖြစ်တတ်သည်။ ဘောလုံးကန်သူများတွင် တစ်ဖက်မှ ကန်ချက်သည် ဘောလုံးကိုမထိဘဲ လူချင်းကန်မိသဖြင့် ဒူးအရွတ်ပြတ် သွားသူများကို   တွေ့ရလေ့ရှိသည်။ အချို့မှာ အလေးမအားကစားတွင် အထိုင်အထကို အလေးနှင့်တွဲပြီး လုပ်သဖြင့် ဒူးနာတတ်သည်။

ယခုခေတ်တွင်စက်ဘီးစီးသူနည်းလာပြီး ဆိုင်ကယ်စီးသူများလာသည်။ စက်ဘီးစီးသူများသည် ခြေထောက် အကွေးအဆန့်ကို မှန်မှန်လုပ်ရသဖြင့် ဒူးအတွက် လေ့ကျင့်ခန်းပင်ဖြစ်သေးသည်။

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့ဖူးသူ မြန်မာနိုင်ငံသား ဦးသန့်သည် ကျန်းမာရေးအတွက် မိမိနေအိမ်၊ တိုက်ခန်းပေါ်တွင် ကျန်းမာရေးလေ့ကျင့်သည်။ စက်ဘီးစီးသည်ဟုဖတ်ရှုရဖူးသည်။ ဆိုင်ကယ်မှာ  ထိုင်လိုက် ရသဖြင့်  ဒူးမှာ အသေကဲ့သို့ဖြစ်ပြီး ကြာလျှင် ညောင်းလာသည်။ ဆိုင်ကယ်ချင်းတိုက်မိခြင်း၊ ဆိုင်ကယ်လဲ၍ ထောက်မိခြင်းကြောင့် ဖြစ်သည်။

လူငယ်ဒူးနာများလည်း တွေ့ရဖူးသည်။

လှေကားအဆင်းအတက်များခြင်း

အထပ်မြင့်တိုက်များပေါများလာပြီး ကွန်ဒိုများတွင်သာ ဓာတ်လှေကားရှိသည်။ သာမန်လူနေတိုက်ခန်းများတွင် ရိုးရိုးလှေကားကိုသာအသုံးပြုပြီး အချို့မှာ ငါးလွှာ (ခြောက်ထပ်)ရှစ်လွှာ(ကိုးထပ်)အထိပင် တက်ရဆင်းရသည်။ တစ်နေ့လျှင် လှေကားအထစ် ၅၀ ကို နှစ်ကြိမ်၊ သုံးကြိမ် အဆင်းအတက်လုပ်ရသောအခါ ဒူးဆစ်အတွင်းမှ အမြှေးရောင်လာပြီး ဒူးနာရောဂါရလာနိုင်သည်။

လှေကားအဆင်းအတက်များ သူများသည် ပုံမှန် မဆင်းမတက်ဘဲ အမြန်ဆင်းတက်ခြင်း၊ ဆင်းတက်နေရင်း ပစ္စည်းကျသဖြင့် ကုန်းကောက်ရာမှ ဒူးအရွတ် ဟသွားပြီး ဒူးနာသူများရှိသည်။ အဆင်းအတက်လုပ်ရင်း ပစ္စည်းတစ်စုံတစ်ရာကျလျှင် ခြေနှစ်ဖက် အညီရပ်ပြီးမှ ပစ္စည်းကိုကုန်းကောက်လျှင် ဒူးလည်းမနာ၊ ခါးလည်းမနာနိုင်ပေ။

လှေကားအဆင်းအတက်ပြုလုပ်ရသူများသတိထားရန်အချက်မှာ အတက်ထက်၊ အဆင်းတွင်ပို၍ဒူးအားကို အသုံးပြုရသည်ကို သတိပြုရန်ဖြစ်သည်။ အဆင်းတွင် ဂုံညင်းကို ခွက်မှ မချော်စေရန် ကန့်လန့်ဖြတ် ကြွက်သားများကပင့်ပေးရသည်။ ဒူးအရွတ်ဟမသွားစေရန် ကြွက်စွန်းကြောများက ထိန်းပေးရသည်။ အချို့လှေကားများကျဉ်းပြီး ပုံသဏ္ဌာန်မမှန်သောကြောင့် ဒူးနာတတ်သည်။ လှေကားထစ်၏အချိုးမှာ (၈” ၁၀”)အမြင့် ၈ လက်မနှင့် ခြေနင်းကြမ်းခင်းပြား ၁၀ လက်မ ရှိမှသာ အဆင်ပြေသည်။ ခြေကျော်၊ ခြေချမမှန်သော လှေကားထစ်များကြောင့် ဒူးနာတတ်သည်။

လှေအဆင်း မြင်းအတက်ဟူသော ရှေးက စကားပုံသည် ဒူးနာရောဂါအတွက် အမှန်အကန်ပင် ဖြစ်သည်။ မည်သည့်အရာမဆို ဒူးနာရောဂါရှိသူသည် အဆင်းအတက်တွင်သတိထားရမည်။ မြင့်ရာမှနိမ့်ရာသို့ အဆင်းနှင့် နိမ့်ရာမှမြင့်ရာသို့ အတက်တွင် ဒူးနာတတ်သည်။

ဒူးသည် တစ်ကြိမ်နာဖူးသည်နှင့် မကြာခဏပြန်နာတတ်သည်။ ဒူးနာစွဲသွားတတ်သည်ကို သတိရှိကြပါ။ စန်းထတဲ့အရွယ်စာရေးသူတို့ မန်းတောင်ခြေမှ တိုင်းရင်းဆေးသိပ္ပံဆင်းဆရာကြီးများသည် နှစ်စဉ် မူလဆရာကြီးများကို ကန်တော့ပွဲပြုလုပ်ကြသည်။ မူလဆရာကြီးများသည် အသက်အားဖြင့် ၈၀ ဝန်းကျင်များဖြစ်သည်။ ကန်တော့သည့် တပည့်ဆရာများသည်လည်း ၆၀ ကျော် ပင်စင်စားများနှင့် ပင်စင်နီးနေသူများဖြစ်ကြသည်။

ဆရာကြီးများက ထိုင်ခုံများတွင်ထိုင်ကြပြီး တပည့်ဆရာများက ကြမ်းပြင်တွင်ထိုင်ပြီး ကန်တော့ကြသည်။ ထုံးစံအတိုင်း ကန်တော့၊ ဆုပေး၊ သြဝါဒစကားပြောကြားနှင့် အစီအစဉ်အတိုင်း တစ်နာရီကျော်ကြာဆောင်ရွက်

ကြသည်။ ဆရာကြီးများပြန်ခါနီးနှုတ်ဆက်ရန် ကြမ်းပြင်မှ ပြန်ထကြသောအခါ အချို့ဆရာများ အထူးသဖြင့် ဝသောသူနှင့် ဒူးနာရောဂါရှိသူများမှာ တော်တော်နှင့် မထနိုင်ကြပေ။

ဆရာကြီးတစ်ဦးက ငါ့တပည့်တွေလည်း စန်းထတဲ့အရွယ်ရောက်နေပြီကော ဟုဆိုသည်။ စမ်းစမ်းပြီး ထနေရသောကြောင့် ရယ်စရာပြောခြင်းဖြစ်ပါသည်။ ဒူးနာရောဂါ တစ်ခါတစ်ရံမှဖြစ်ရာမှ ပေါ့ဆလျှင် စွဲမြဲပြီးဖြစ်သွားတတ်သည်။

ဒူးနာရောဂါစွဲစွဲမြဲမြဲမဖြစ်စေရန် အောက်ပါအချက်များကို ရှောင်ကြဉ်သင့်ပါသည်။

၁။      လှေကားအဆင်းအတက်များခြင်းကိုရှောင်ကြဉ်         ပါ။ မလွှဲမရှောင်သာ၍ ဆင်းတက်ရလျှင်           ဖြည်းဖြည်းနှင့်ပုံမှန်တက်၊ ဆင်းပါ။ အလျင်စလို         ပြေးဆင်းပြေးတက်မပြုပါနှင့်။

၂။       ပစ္စည်းတစ်စုံတစ်ရာလွတ်ကျလျှင် ကုန်းမကောက်     ပါနှင့်။ ထိုင်ပြီးမှကောက်ပါ။ အထူးသဖြင့်           လှေကားအဆင်းအတက်တွင် သတိထားပါ။

၃။      အလေးအပင် တစ်စုံတစ်ရာကို ထမ်းထား၊        ပင့်ထားပြီး အထိုင်အထလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ သတိရှိပါ။

၄။      ဒူးနာရောဂါရှိနေလျက်   အဆင်းအတက် ပြုလုပ်ရမည်ဆိုလျှင် ဒူးစွပ်စွပ်ပြီးမှ သို့မဟုတ် ဒူးတွင် အဝတ်တစ်ခုပတ်ပြီးမှ အဆင်းအတက် ပြုလုပ်ပါ။

၅။      အသက်ကြီးသူများအိမ်သာထိုင်လျှင် ဗိုလ်ထိုင်ခေါ် ကမုတ်အထိုင်ဖြင့်ထိုင်လျှင် ဒူးနာရောဂါမှ           ကာကွယ်ရာရောက်ပါသည်။

၆။      စက်ဘီးစီးခြင်းသည် ဒူးနာရောဂါမှကာကွယ်နိုင်         ပါသည်။

၇။      ညအိပ်ရာဝင်ချိန်တွင် ဒူးကို နှမ်းဆီ၊ မုန်ညင်းဆီ၊ သံလွင်ဆီ၊ အဆီတစ်မျိုးမျိုးလိမ်း၍ အိပ်ခြင်းဖြင့်           ဒူးကျီးပေါင်းရောဂါကို ကာကွယ်နိုင်ပါသည်။

ဒူးနာရောဂါအတွက် ဆေးနည်းတိုများ

မုန်ညင်းဆီ ၅ ကျပ်သားတွင် ချင်းတက်လက်   နှစ်ဆစ်ခန့်ထုထောင်းထည့်ပြီး မီးဖြင့်ဆူအောင်           ချက်ပါ။ ထိုဆီကို ဒူးထဲစိမ့်ဝင်အောင် တစ်နေ့ နှစ်ကြိမ်လိမ်းပေးပါ။

ကိုယ်ရံကြီးဂမုန်းရွက်ကို မီးကင်၊ ဆီသုပ်ပြီး ဒူးတွင်ပတ်၍ အဝတ် သို့မဟုတ် ပတ်တီးဖြင့်           စည်းထားပါ။ နှစ်နာရီ စည်းပြီးလျှင်ဖြေပါ။

          ဆေးစည်း၍ ယားလျှင် သနပ်ခါးနှင့် ဆားကို ရောသွေးပြီးလိမ်းပါ။

          သင်္ဘောရွက်ကိုပျော့အောင်ရေနွေးခဏစိမ်ပါ။

          ဒူးတွင်အုပ်ပြီး ပတ်တီးစည်းထားပါ။ ညအိပ်ရာ ဝင်စည်း နံနက်ထမှ ဖြေလျှင်လည်းရသည်။

          ၁၄ ရက် မှန်မှန်စည်းပါ။ ဒူးကျီးပေါင်းတက် ရောဂါပျောက်ပါသည်။

          ချဉ်ပေါင်ရွက်ရိုးနီကိုပျော့အောင်ပြုတ်ပြီး ငရုတ်          ဆုံတွင် ညက်အောင်ထောင်းပါ။ ဒူးတွင်အုံပြီး           စည်းပေးလျှင် ဒူးကြီးရောဂါပျောက်သည်။

          ဗာဒံရွက်(ဗန်ဒါရွက်)အနုကို ခူး၊ မီးကင်ပြီး ဒူးတွင် ကပ်ပြီး ဒူးစွပ်စွပ်ထားပါက ဒူးနာသက်သာပြီး          လမ်းသွားနိုင်သည်။

          ပဲနံ့သာကိုညက်အောင်ထောင်း ရေနှင့်ဖျော်ပြီး ဒူးပေါ်တွင်အုံပြီးစည်းထားလျှင် ဒူးကိုက်ရောဂါ           ပျောက်သည်။

ကြက်ဆူရိုးနီပင်  အရွက်ကို  ရေနွေးစိမ်ပြီး ထောင်းပါ။ ဒူးနှင့် တံကောက်အောက်တွင်           အုံပြီးစည်းလျှင် ကွေးဆန့်မရသောဒူးအဆစ်    ကျပ်ရောဂါပျောက်ကင်းသည်။

          သံပရာသီး ငါးလုံးကို ရေခမ်းပြုတ်ပါ။ အထဲမှ    အစေ့များကိုထုတ်၍ ညက်အောင်ထောင်းပါ။

          နနွင်းမှုန့်နှင့်ရောနယ်ပြီး ဒူးတွင်အုံစည်းလျှင်    ဒူးနာ၊ ဒူးကျီးပေါင်းရောဂါသက်သာသည်။

ဒူးနာအတွက် ဓာတ်စာ

          ပဲရာဇာ(ပဲနီလေး)ဟင်းချိုကို နေ့စဉ်စားသုံးပေးလျှင် အကြောအချဉ်ပေါ့ပါးပြီး ဒူးနာသက်သာစေသည်။

          ရှောက်ရွက်ကို   နေ့စဉ်စားပေးလျှင်   ဒူးနာသက်သာစေသည်။

          မုံလာဥနီ (ခါကြက်ဥ)ကိုထောင်းပြီး အရည်ညှစ်ယူ သကြားနှင့်ဖျော်သောက်လျှင် ဒူးနာ  သက်သာ စေသည်။

          ကုန်းကန်စွန်းရိုးနီကိုကြော်စားလျှင် ဒူးနာသက်သာစေသည်။

          ဖရဲသီးများများစားလျှင် ဒူးနာသက်သာစေသည်။

အုန်းသီးအနုအရည်(အုန်းစိမ်းရည်)ကို နေ့စဉ်သောက်ပေးလျှင် ဒူးနာသက်သာစေသည်။

          ချင်းကို ရှောက်ရည်ဆမ်းပြီး ချင်းသုပ်ပြုလုပ်စားလျှင် ဒူးနာသက်သာစေသည်။

          ဥသျှစ်သီးမှည့်နေ့စဉ်စားပေးလျှင် အသက်ကြီး ၍ဖြစ်သော ဒူးကြီးနာကိုသက်သာစေသည်။

          မြန်မာကုက္ကိုပင်၏အရွက်နုကို အသုပ်ပြုလုပ်စားလျှင် ဒူးနာသက်သာစေသည်။

          ငါးကြင်းခေါင်းချက်စားလျှင် ဒူးနာသက်သာစေသည်ဟု ယောအတွင်းဝန် ဦးဖိုးလှိုင်၏ (ဥတု           ဘောဇနသင်္ဂဟကျမ်း) (အသားအမျိုးမျိုးတို့၏           ဂုဏ်ကိုပြဆိုခြင်းကဏ္ဍ) ငါးကြင်းအကြောင်း           တွင်ဖတ်ရှုရသည်။

ကြည်လွင်မြင့်(မုဒြာ)