ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၈၂)

တန်ခိုးရှိသမျှ အာဏာရှိသမျှထက်ပင် ပိုမို၍အသုံးပြုခဲ့ရာတွင်လည်း နှစ်ယောက်မရှိဟု ဆိုစမှတ်ပြု လောက်အောင် ဖြစ်ခဲ့သည်။ အထူးသဖြင့် ရနောင်မင်းသား မောင်မောင်တုတ်မှာ မယားတွေအမြောက်အမြား ယူရာတွင်လည်း အကြောင်းကြောင်းကြောင့် အလွန်ပင်သတင်းကြီးခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့်ပင် မိဖုရားကြီးစုဖုရားလတ်၏ တစ်လင်တစ်မယားစနစ် ဖန်တီးလိုသော ရည်ရွယ်ချက်ကို သူက မပျက်ပျက်လေအောင် တစ်ဖက်မှ လက်သိပ်ထိုးတိတ်တခိုးပြုမူ ဆောင်ရွက်လိုက်သူလည်း ဖြစ်လေသည်။

ယင်းသို့ ရနောင်မင်းသား မောင်မောင်တုတ်က လုပ်စရာရှိသမျှတို့ကို ထက်ထက်မြက်မြက်မကြောက် မဆုတ်လုပ်ခဲ့သမျှ မင်းသားစည်းစိမ်ကို တမြိန်တဝကြီး စံစားလျက်၊ လက်ဝဲလက်ယာ မယားအမြောက်အမြား ခြံရံကာနေခဲ့သလောက် သူ၏ညီအရင်းခေါက်ခေါက်ဖြစ်သူ ပင်းသာမင်းသား မောင်မောင်ဗြောင်းမှာ အလွန်တရာ အေးချမ်းငြိမ်သက်စွာနေထိုင်တတ်သူဖြစ်လေသည်။

ညီအစ်ကိုရင်းဖြစ်သော်လည်း ရုပ်ရည်ချင်းလည်း ကွာခြားလျက် စိတ်နေစိတ်ထားများချင်းလည်း မီးနှင့်ရေပမာ တသီးတခြားစီဖြစ်သည်။ ညီအစ်ကိုချင်းဖြစ်၍ အလုံးအရပ်ချင်းတူစေကာမူ မောင်မောင်တုတ်က အသားညိုစိမ့်စိမ့်တွင် မျက်နှာ၌ ကျောက်ပေါက်ရာ အနည်းငယ်ရှိသည်။ အရက်သေစာလည်း သောက်တတ်သည်။ ပင်းသာမင်းသား မောင်မောင်ဗြောင်းက သေရည်အရက်မဆိုထားဘိ ဆေးလိပ်ပင် သောက်တတ်သူမဟုတ်။ ရုပ်ရည်အားဖြင့်လည်း အသားဝါ၊ မျက်ခုံးစိမ်းစိမ်း၊ နွဲ့နွဲ့နှောင်းနှောင်းယဉ်စစရှိသည်။ သူ့ရုပ်ရည်မျိုးကိုရည်ရွယ်၍ ယောမင်းကြီးကပင် ရှေးခေတ်ကလက်သုံးတော်များ ကျားကျားနှင့်သတ္တိရှိလှသည်။ ခုခေတ်လက်သုံးတော်များကြည့်လိုက်ရလျှင် ဖက်၍နမ်းချင်စိတ်ပေါက်သဗျား ဟု ဆိုဖူးသည်။

မောင်မောင်ဗြောင်း စိတ်နေကလည်း နူးညံ့သည်။

အေးအေးငြိမ်ငြိမ်နေတတ်သည်။ ကဗျာဂီတကို နှစ်ခြိုက်တတ်သည်။ အစ်ကိုမောင်မောင်တုတ်က မယားများသလောက် သူကတော့ မယားတစ်ယောက်တည်းကို အမြတ်တနိုးအရိပ်ကြည့်၍ ချစ်နေတတ်သူ ဖြစ်သည်။

ပင်းသာမင်းသား၏မယားဖြစ်ခြင်းကြောင့် သူ့ကိုလည်း ပင်းသာမင်းသမီးဟုခေါ်ကြသည်။ ကဗျာဂီတနှင့် စာပေများ ရေးသားတတ်သည်။ ရုပ်ကလည်းလှ၍ လင်နှင့်မယား ရှေ့သွားနောက်လိုက်ညီလှသည်ဟု သူတို့လာလျှင် တမင်တကာ စောင့်ကြည့်နေကြသူများပင်ရှိသည်။

ပင်းသာမင်းသမီး၏ နာမည်မှာ ခင်ဖူးဖြစ်ပါသည်။ အလုံဝန်ကြီး၏သမီးလည်းဖြစ်သည်။ ခင်ဖူး၏အစ်မအရင်း ဖြစ်သူမှာ သီပေါမင်းလက်ထက် လှေသင်းအတွင်းဝန် ကတော်ကြီး ဖြစ်ပါသည်။ ပင်းသာမင်းသမီး(ခင်ဖူး)၏ လက်ရာတေးထပ်များ အလွန်ခေတ်စားခဲ့သည်။ ပင်းသာမင်းသား မောင်မောင်ဗြောင်းနှင့် ပင်းသာမင်းသမီး ခင်ဖူးတို့မှာ သားသမီးငါးယောက် ထွန်းကားခဲ့ရာ အကြီးဆုံးသမီး  ခင်ခင်ကြီးမှာ  ရှစ်နှစ်သမီးအရွယ်သီပေါမင်းလက်ထက် တောင်သာမြို့ကို စားရသောအပျိုတော်ငယ်တစ်ဦးဖြစ်၍ တောင်သာခင်ခင်ကြီး ဟု ခေါ်ကြလေသည်။

ပင်းသာမင်းသား မောင်မောင်ဗြောင်းသည် အေးချမ်းစွာနေတတ်သူဖြစ်၍ မောင်မောင်တုတ်နှင့်အတူ ဖမ်းဆီးထားခြင်း ခံခဲ့ရဖူးသော်လည်း နောက်ပိုင်းတွင် အပြစ်မရှိဟုဆို၍ ထောင်မှလွှတ်လိုက်သဖြင့် ချမ်းသာစွာနေခဲ့ရပြီး အင်္ဂလိပ်နယ်ချဲ့တို့လက်အောက်ရောက်၍ နှစ်အတန်ကြာမှ ကွယ်လွန်သွားသူဖြစ်ပါသည်။

မြန်မာမင်းတို့လက်ထက်၌ အစဉ်အလာအတိုင်း တိုင်းပြည်အုပ်ချုပ်မှုဌာနများမှာ လွှတ်ရုံးငါးရပ်သည်အချုပ်အခြာ ဌာနကြီးများ ဖြစ်သည်။ (၁)လွှတ်တော်ကြီး၊ (၂) ဗြဲတိုက်တော်၊ (၃)အရှေ့ရုံး၊ (၄)အနောက်ရုံး၊ (၅) တရားမရုံးတို့ဖြစ်ပါသည်။

အမှတ်(၁)လွှတ်တော်ကြီးမှာ ဝန်ကြီးဝန်ထောက်တို့က လွှတ်တော်အရာရှိကြီးများအဖြစ်နှင့် တစ်တိုင်း တစ်ပြည်လုံး နိုင်ငံတော်တစ်ဝန်းလုံးက အမှုကိစ္စမှန်သမျှတို့ကို စီရင်ဆောင်ရွက်ခြင်း ပြုကြရလေသည်။

အမှတ်(၂)ဗြဲတိုက်တော်မှာ အတွင်းတော်(နန်းတွင်း)တွင်ရှိသည့် အတွင်းဝန်များနှင့် ဗြဲတိုက်ဆိုင်ရာအရာရှိများက ဆောင်ရွက်ရသည်။ တိုင်းရေးပြည်ရာမှအစရာထူးခန့်အပ်မှု မြို့စားရွာစားပေးအပ်ခြင်း၊ အလှူအတန်းပေးကမ်း စွန့်ကြဲခြင်း၊ နန်းတွင်းအမှုကိစ္စမှန်သမျှမှ စာရင်းအင်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရခြင်း၊ အခွန်တော်များကိစ္စကိုလည်း ကြီးမှူးထိန်းကွပ်ရခြင်း စသည်များကို  အချုပ်အခြာပြု၍ ဆောင်ရွက်ရသည်။

အမှတ်(၃)အရှေ့ရုံးတော်ဆိုသည်မှာ မြို့ဝန်၊ မြို့ကွပ်၊ ထောင်မှူး၊ မြို့စာရေး၊ ရွှေပြည်စိုးတို့ကို အရှေ့ရုံးအရာရှိခေါ်ရသည်။ ရာဇဝတ်ရေး၊ ခိုးသားဓားပြ၊ မီးအန္တရာယ်၊ ဆင်လွှတ်မြို့ကျူးကျော်မှု၊ ရွှေကြိုးသတ်မှတ်ရာ မြို့တော်အတွင်း၌ အစောင့်အနေအတွက် ရွက်ဆောင်ကြရသည်။

အမှတ်(၄)အနောက်ရုံးတော်ဆိုသည်မှာ နန်းတော်အနောက်ပိုင်းဆိုင်ရာ အနောက်ဝန်က ကြီးမှူးရ၍ ကတော်စာရေးများ၊ အနောက်ဝန်စာရေးများ စသည်တို့ကို အနောက်ရုံးအရာရှိဟု ခေါ်ကြရသည်။

၎င်းတို့ကို အသက်အရွယ်ကြီးရင့်သူများသာ ခန့်ထားလေ့ရှိသည်။ အများအားဖြင့် အသက် ၆၀ ရှိသူများကို သာ ခန့်အပ်၍ အသက်ငယ်လွန်းသောသူငယ်တော်အရွယ်နှင့် အရွယ်ပျိုမြစ်သော်လည်း(မိန်းမစိုး)ခေါ် ယောကျ်ားအင်္ဂါ မပြည့်စုံသူများ၊ နပုန်းပဏ္ဍုက်များကို ခန့်ထားလေ့ရှိသည်။ ၎င်းတို့ဆောင်ရွက်သောတာဝန်မှာ မိဖုရားများကအစ အပျိုတော်များသို့တိုင်အောင် မိန်းမတို့နှင့်စပ်ဆိုင်သော အမှုကိစ္စများကို စီရင်ဆုံးဖြတ်ခြင်း၊ မိန်းမအဆောင်တွင်း များ၌ သုတ်သင်ရှင်းလင်းရခြင်း၊ ဆီမီးထွန်းခြင်း၊ ပွဲတော်အုပ်သွင်းခြင်း စသော အောက်ခြေသိမ်းအလုပ်များအထိ အနောက်ဝန်မင်း၏ လက်အောက်မှာ လုပ်ကိုင်ဆောင်ရွက်ကြရလေသည်။

အမှတ်(၅)တရားမရုံးတော်ဆိုသည်မှာ တရားမဌာန တရားသူကြီးအစ၊ တရားနားခံ၊ တရားစာရေးကြီးစသည် များကို တရားမရုံးတော်အရာရှိခေါ်သည်။

တရားမမှုနှင့်စပ်ဆိုင်ရာကိစ္စများကို ရွှေမြို့တော်နှင့်ရွှေကြိုးသတ်မှတ်သော နယ်နိမိတ်အတွင်းရှိသော မြို့ရွာအရပ်ရပ်မှ ဖြစ်ပွားသမျှ တရားမမှုခင်းများကို စီရင်ဆုံးဖြတ်ကြရသည်။ နန်းတွင်း၌ အခြားအမှုတော် ထမ်းများမှာ လက်ဖက်ရည်တော်၊ ထီးဖြူတော်မိုး၊ လေးဆယ်တောင်၊ စာတော်ဖတ်၊ ဖိနပ်တော်၊ ရွှေဓားဆွဲ၊ ကွမ်းရည်တော်၊ လက်စွဲတော်ကြီးများဖြစ်၍ ၎င်းတို့မှာ မှူးတော်မတ်တော်တို့၏ သားများသာ ဖြစ်ကြသည်။

အဝေးရောက်စာရေးများကို အဝေးရောက်မင်းဟုခေါ်သည်။ ၎င်း၏တာဝန်မှာ နိုင်ငံတော်တစ်ဝန်းလုံးရှိ အဝေးမြို့များမှ မြို့ဝန်၊ စစ်ကဲ၊ မြို့အုပ်တို့နှင့် စော်ဘွား၊ မြို့စား၊ တပ်မှူးဗိုလ်ချုပ်၊ အရာရှိတို့က လွှတ်တော်သို့ လျှောက်ထားတင်ဆက်သမျှသော စာလွှာများကို လွှတ်တော်ဝန်ကြီးမင်း၊ ဝန်ထောက်မင်းတို့အား ဖတ်လျှောက်ရသည်။ ဝန်ကြီးမင်း၊ ဝန်ထောက်မင်းတို့က အမိန့်ရှိသမျှတို့ကို ဆိုင်ရာသင့်ရာပို့အပ်ရလေသည်။

လွှတ်တော်အရာရှိများကား-

ဝန်ကြီးမင်းများ၊ ဝန်ထောက်မင်းများ၊ မြင်းစုကြီးဝန်၊ အသည်ဝန်၊ အချုပ်အလုပ်ဆိုင်ရာ၊ နားခံတော်ကြီးများ၊ စာရေးတော်ကြီးများ၊ အမိန့်တော်ရေးများ၊ အမှာတော်ရေးများ၊ အသုံးစာရေးများ၊ အဝေးရောက်စာရေးများ၊ သံတော်ခံများ၊ လက်ဆောင်စာရေးများ၊ မြင်းစာရေးများ၊ အသည်စာရေးများ၊ ရုံးတော်နေရာတော်ချများ၊ သစ်စာ

ရေးများ၊ အခွန်စာရေးများ၊ လက်နက်တိုက်ဝန်တိုက်စိုး၊ တိုက်စာရေးများစသည်တို့ ဖြစ်လေသည်။

ဗြဲတိုက်တော်အရာရှိများကား-

အတွင်းဝန်များ၊ သံတော်ဆင့်ကြီးများ၊ ဗြဲတိုက်သံဆင့်များ၊ အတွင်းလက်နက်တိုက်စိုးများ၊ သံတိုက်စိုးများ၊ ဖွားဖက်ကျော်များ၊ ဒိုင်းတော်များဆိုင်ရာစသည်တို့ဖြစ်သည်။

အရှေ့ရုံးအရာရှိများကား

မြို့ဝန်များ၊ ထောင်မှူးများ၊ မြို့စာရေးများ၊ထောင်စာချီများ၊ ၁၂ ရပ်သောတံခါးဗိုလ်များ(မြို့တွင်း)၊ ၅၇ ရပ်တံခါးဗိုလ်များ(ပြင်မြို့ရိုး)၊ ရွှေပြည်စိုးရွှေပြည်မှန်ကင်းဗိုလ်များ၊ သွေးသောက်ကြီးများဖြစ်ကြလေသည်။           

အရှေ့ရုံးဆိုင်ရာအရာရှိများကား-

ထောင်အဝှမ်းများ၊  လက်မထောက်အဝှမ်းများ၊ အာဏာပါးကွက်များ၊ လက်မရွံ့ငယ်သားများ စသည်တို့ဖြစ်၏။

အနောက်ရုံးအရာရှိများမှာ-

အနောက်ဝန်၊ အနောက်ဝန်စာရေးများ၊ ကတော်စာရေးများဖြစ်ကြလေသည်။

တရားမရုံးအရာရှိများမှာ-

တရားမတရားသူကြီးများ၊ တရားနာခံများ၊ တရားစာရေးများ၊ ကွမ်းဖိုးထိန်းများ၊ အာဏာစိုးများ စသည်တို့အပြင်(ရုံးစေ)(တန်းထိန်း)(တန်းခေါင်း)များ ဖြစ်ကြလေသည်။

လွှတ်တော်လက်အောက်ခံဝန်စုစာရင်းများမှာ-

ဆင်ဝန်၊ အောက်မားဝန်၊ ဆင်ဖြူဝန်၊ စီးတော်မြင်းဝန်၊ စို့လေးဆယ်ဒိုင်းဝန်၊ ကောင်ဟန်ဝန်၊ ရွှေပြည်ဝန်၊ နောက်တော်ပါမြင်းဝန်၊ ကသည်းမြင်းဝန်၊ အက္ကပတ်မြင်းဝန်၊   

ဒဂုန်ခင်ခင်လေး