နိုင်ငံတစ်နိုင်ငံမှာ မဖြစ်မနေရှိနေရမည့်အရာများစွာတွင် ကာကွယ်ရေးအင်အားတောင့်တင်းရေး သည်လည်း အဓိကပါဝင်သည်။ ဥယျာဉ်ကြီးတစ်ခုနှင့် ပမာပြုရလျှင် ကာကွယ်ရေးအင်အားဆိုသည်မှာ ထိုဥယျာဉ်ကြီး အတွင်းသို့ အနှောင့်အယှက်အဖျက်အဆီးများ၊ သူခိုးဓားပြများ ဝင်ရောက်မှုမရှိစေရေး၊ ဥယျာဉ်ခြံဝင်းကြီး အနားသို့ ကပ်မလာနိုင်ရေး ကာကွယ်စောင့်ရှောက်သည်နှင့်တူပေသည်။ တပ်မတော်ဆိုသည်မှာ ထိုဥယျာဉ်ကြီး၏ အတွင်းအပြင်ကို အစဉ်အမြဲကြီးကြပ်နေရသူဥယျာဉ်မှူးနှင့် အသွင်တူပါသည်။ မြန်မာနိုင်ငံဆိုသော ဥယျာဉ်ကြီး စိမ်းလန်းစိုပြည်သာယာရေးမှာ ဥယျာဉ်မှူး၏ ဦးဆောင်မှုစွမ်းရည်ပင် ဖြစ်သည်။
နိုင်ငံတော်၏ သမိုင်းကို ပြန်လည်ကြည့်မည်ဆိုလျှင် တပ်မတော်နှင့်အတူ တိုင်းရင်းသားအားလုံး၏ မဆုတ်မနစ်သောဇွဲလုံ့လ၊ မျိုးချစ်စိတ်ဓာတ်၊ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုအားများနှင့် နိုင်ငံ့လွတ်လပ်ရေး ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစည်းလုံးညီညွတ်မှုအတိုင်း လွတ်လပ်ရေးရပြီးသည်နှင့် တိုင်းပြည်တည်ဆောက်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ထွန်းလင်းတောက်ပသော ကြယ်ကြီးတစ်လုံးအသွင် ရှိနေပေမည်။ သို့သော် မြန်မာတို့ တိုးတက်ဖွံ့ဖြိုးသွားမည်၊ စည်းလုံးညီညွတ်သွားမည်ကို မနှစ်မြို့သောကိုလိုနီနယ်ချဲ့တို့က မစားရသည့် အမဲသဲနှင့်ပက်ခဲ့ကြသည်။ ပြည်တွင်းရောင်စုံသောင်းကျန်းသူပေါ်ပေါက်လာအောင် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးထားခဲ့သည်။ ထိုမျှနှင့်အား မရသေးဘဲ ကူမင်တန်တရုတ်ဖြူတို့ကျူးကျော်မှုဖြစ်လာအောင် နောက်ကွယ်ကပံ့ပိုးပေးခဲ့သည်မှာ နယ်ချဲ့နှင့်အပေါင်းပါများသာ ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခိုင်မာမှုနှင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ ရှိသင့်သလောက်မရှိဘဲ ခွန်အားများ၊ စွမ်းအားများ ဆုံးရှုံးခဲ့ရပြီး အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရသည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကို အဓိက အဟန့်အတား ဖြစ်စေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရန် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းများရှိသကဲ့သို့ မဖြစ်နိုင်သော တောင်းဆိုမှုများကြောင့် အောင်မြင်မှု မရရှိခဲ့သော အဖွဲ့အစည်းများလည်း ရှိခဲ့သည်။
တပ်မတော်အနေဖြင့်မူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးအတွက် ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းကို ချောချောမွေ့မွေ့ဖြစ်အောင် လမ်းခင်းထားပြီး ဖြစ်သည်။ ထိုလမ်းသည်ငြိမ်းချမ်း ရေးပန်းခင်းလမ်းဟူ၍ပင် တင်စားနိုင်သည်။ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားခြင်း၊ တွေ့ဆုံဆွေးနွေးကြရာတွင် ကြိုတင်ကန့်သတ်ချက်မထားသော ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခြင်းများမှာ ငြိမ်းချမ်းရေးကို ရာခိုင်နှုန်းပြည့်လိုလားကြောင်း ပြသခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တပ်မတော်က ကမကထပြုဆောင်ရွက်ပေးခဲ့ပြီးနောက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအစိုးရများကာလမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်များ အဆင့်ဆင့်ဆွေးနွေးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုနိုင်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဒို့တပ်မတော်အနေနဲ့ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက် ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး၊ အကြမ်းဖက် နှိမ်နင်းရေးတွေကို လုပ်ဆောင်နေရတာတွေရှိတယ်။ အပြစ်မဲ့ပြည်သူများနဲ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးဝန်ထမ်းတွေကို အကြောင်းမဲ့သတ်ဖြတ်ပြီး နိုင်ငံအတွင်း အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေရဲ့ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကို ထောက်ခံပံ့ပိုးနေတဲ့ အဖွဲ့တွေကိုတော့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်း သည်အထိ နှိမ်နင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုတယ် ဟူ၍ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် နိုင်ငံအတွင်းအကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင်နေသော မည်သည့်အကြမ်း ဖက်အဖွဲ့အစည်းနှင့်မျှ တွေ့ဆုံဆွေးနွေးမှု ပြုမည်မဟုတ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်တွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးမှုတွေ မလုပ်ကြရန်နှင့် ဥပဒေဘောင်အတွင်း နေထိုင်ကြဖို့ကိုလည်း နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြား ခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တစ်ဖက်သတ်တောင်းဆိုမှုများမပြုလုပ်ဘဲ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်တည်းကဲ့သို့ စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသော သဘောထားခံယူချက်ကိုမွေးမြူကြပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ရည်မှန်းချက်ထားကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ထာဝရငြိမ်းချမ်း ရေးကို ဖော်ဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။