၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ (ဥရောပဇုန်) ရှုံးထွက်အဆင့်တွင် ပေါ်တူဂီအသင်းနှင့် ပိုလန်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိပြီး ခြေစစ်ပွဲအောင်မြင်
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ(ဥရောပဇုန်) ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် မတ် ၃၀ ရက် နံနက်က ကစားခဲ့သည့် ပွဲစဉ်များတွင် ပေါ်တူဂီအသင်းနှင့် ပိုလန်အသင်းတို့ အနေဖြင့် နိုင်ပွဲကိုယ်စီရရှိပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ(ဥရောပဇုန်)တွင် ဂျာမနီ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ခရိုအေးရှား၊ စပိန်၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ အင်္ဂလန်နှင့် နယ်သာလန်အသင်းတို့က အုပ်စုအဆင့်မှ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အုပ်စုအဆင့်တွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည့် ပေါ်တူဂီအသင်း၊ ဆွီဒင်အသင်း၊ အီတလီအသင်း၊ ယူကရိန်းအသင်း၊ ဝေးလ်အသင်း၊စကော့တလန်အသင်း၊ တူရကီအသင်း၊ ရုရှားအသင်း၊ ပိုလန်အသင်း၊ မြောက်မက်ဆီဒိုးနီးယား အသင်းနှင့် ဥရောပနေးရှင်းလိဂ်မှ ချက်အသင်းနှင့် သြစတြီးယား အသင်းတို့ ရှုံးထွက်အဆင့်ကစားခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း အရေးကြောင့် ရုရှားအသင်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ သည့်အတွက် ရုရှားအသင်းနှင့် ကစားရမည့် ဝေးလ်အသင်း အနေဖြင့် ရှုံးထွက်အဆင့်သို့ တိုက်ရိုက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရှုံးထွက်အဆင့်တွင် အီတလီအသင်းအနေဖြင့် မြောက်မက်ဆီဒိုးနီးယား အသင်းကို ရှုံးနိမ့်ခဲ့သည့် အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ရှုံးထွက်အဆင့် ပွဲစဉ်များအဖြစ် ပေါ်တူဂီအသင်းနှင့် မြောက်မက်ဆီဒိုးနီးယား အသင်းတို့ ကစားရာ ပေါ်တူဂီအသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသကဲ့ သို့ ပိုလန်အသင်းကလည်း ဆွီဒင်အသင်းကို၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် ခြေစစ်ပွဲအောင်မြင် ခဲ့ကြကြောင်း သိရသည်။
Ref;Dailymail