ထပ်မံဖြစ်ပေါ်လာနိုင်သည့် ဖိအားများအတွက် ကြိုတင်ပြင်ဆင်လာသည့် ရုရှား

ထပ်မံဖြစ်ပေါ်လာနိုင်သည့် ဖိအားများအတွက် ကြိုတင်ပြင်ဆင်လာသည့် ရုရှား

ရုရှားအပေါ် အနောက်နိုင်ငံများက ချမှတ်လိုက်သည့် ပိတ်ဆို့မှုများကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံအတွင်းရှိ အရေးပါသော အခြေခံအဆောက်အဦများတွင် ပြည်ပမှ တင်သွင်းလာသည့် ဆော့ဝဲလ်များအား အသုံးပြုခြင်းကို သမ္မတဗလာဒီမာပူတင်က တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်သည်။ အဆိုပါ တားမြစ်ပိတ်ပင်သည့် အမိန့်ကို သမ္မတပူတင်က မတ် ၃၀ ရက်တွင် တရားဝင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါအမိန့်အရ ရုရှားအစိုးရ အေဂျင်စီများ အပါအဝင် အစိုးရဆက်နွှယ်နေသည့် အဖွဲ့အစည်းများအနေဖြင့်   ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ထားသည့် အနောက် နိုင်ငံများမှ တင်သွင်းလာမည့် ဆော့ဝဲလ်များကို အသုံးပြုခြင်းမှ   တားဆီးသွားမည်ဖြစ်သည်။

သမ္မတပူတင်၏ အဆိုပါ အမိန့်ထုတ်ပြန်ချက်သည်  အကယ်၍ ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့မှုများ ထပ်မံချမှတ်၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့မည်ဆိုပါက နိုင်ငံအပေါ် ကျရောက်လာနိုင်သည့်   ဆိုးကျိုးများကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။    ထို့ပြင် အဆိုပါ ထုတ်ပြန်ချက်အမိန့်သစ်သည် မတ် ၃၀ ရက်မှ   စတင်အသက်ဝင်မည်ဖြစ်ပြီး  နိုင်ငံအတွင်းရှိ   အစိုးရအေဂျင်စီများ အနေဖြင့် အရေးပါသည့် အခြေခံအဆောက်အဦများတွင် အသုံးပြုမည့် ဆော့ဝဲလ်များကို ဝယ်ယူမည်ဆိုပါက ရုရှားဗဟိုအစိုးရ၏  ခွင့်ပြုချက်ဖြင့်သာ ဝယ်ယူနိုင်မည်ဖြစ်သည်။

အလားတူပင်နိုင်ငံအတွင်းရှိ အစိုးရ အဖွဲ့အစည်းများသာမက  ရုရှားနိုင်ငံသားများ အနေဖြင့်လည်း ၎င်းတို့၏ အရေးပါသည့် လုပ်ငန်းလည်ပတ်မှုစနစ်များတွင် အသုံးပြုနေသည့် ပြည်ပနိုင်ငံများ၊   အထူးသဖြင့် အနောက်နိုင်ငံများမှ  တင်သွင်းလာသည့် ဆော့ဝဲလ်များကို ၂၀၂၅ ခုနှစ်မတိုင်မီ အစောဆုံးထား၍ ဖယ်ရှားပစ်ရမည်ဖြစ်သည်။

ရုရှားနိုင်ငံအတွင်းရှိ   လုံခြုံရေးအရ အထိအခိုက်မခံသည့် အခြေခံအဆောက်အဦများတွင်အသုံးပြုနိုင်မည့်   ဆော့ဝဲလ်များနှင့် စပ်လျဉ်းသည့်   လိုအပ်ချက်များကိုလည်း ရုရှားစည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့အနေဖြင့်  တစ်လအတွင်း ထုတ်ပြန်သွားရန်သမ္မတပူတင်က ညွှန်ကြားထားသည်။ ထို့ပြင် ရုရှားအစိုးရ အဖွဲ့အစည်းများက ပြည်ပနိုင်ငံများမှ ဆော့ဝဲလ်များ ဝယ်ယူအသုံးပြုရာတွင်လည်း  လိုက်နာရမည့် စည်းကမ်းချက်များကိုပါ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ပြဋ္ဌာန်းရန် လိုအပ်မည်ဖြစ်သည်။

သမ္မတပူတင်က ယခု ထုတ်ပြန်လိုက်သည့် အမိန့်ကြေညာချက်သည်   နိုင်ငံအတွင်း၌ ပြည်ပမှဝယ်ယူ တင်သွင်းလာသည့် ဆော့ဝဲလ်များအပေါ် အမှီသဟဲပြုနေခြင်းကို လျှော့ချ၍ ရုရှားပြည်တွင်းဖြစ် ရေဒီယို၊ အီလက်ထရွန်နစ်နှင့် ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးနည်းပညာကို ပိုမိုအသုံးပြုလာစေရန် ရည်ရွယ်ခဲ့ခြင်းလည်းဖြစ်သည်။ ပြည်တွင်းဖြစ် ဆက်သွယ်ရေးနည်းပညာ တိုးတက်ဖွံ့ဖြိုးရေးနှင့် ယင်းနည်းပညာများကို   အဓိကထား အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဆောင်ရွက်ချက်များအား    ခြောက်လအတွင်း အကောင်အထည်ဖော်ဆောင်နိုင်မည့် ဆောင်ရွက်ချက်များကိုပါ အစိုးရအဖွဲ့က လုပ်ဆောင်သွားရန် စီစဉ်ထားသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်းရှိ အရေးကြီးသည့် သို့မဟုတ် လုံခြုံရေးအရ အထိအခိုက်မခံသည့် သတင်းအချက်အလက် စနစ်များအတွက် အသုံးပြုနိုင်မည့် ယုံကြည်စိတ်ချရသော ဆော့ဝဲလ်များနှင့် ဟတ်ဝဲလ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနနှင့် ထုတ်လုပ်ရေးကိုလည်း   သက်ဆိုင်ရာအဖွဲ့အစည်းများက ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်သည်။ အရေးကြီးသည့် အခြေခံအဆောက်အဦများတွင် အသုံးပြုနိုင်မည့် ဆော့ဝဲလ်များနှင့် ဟတ်ဝဲလ်များ ထုတ်လုပ်ရေးအတွက် လိုအပ်သည့်   သုတေသနနှင့် ထုတ်လုပ်ရေး အစီအစဉ်များကို   ယခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ စုစည်းနိုင်ရေး ဖော်ဆောင်သွားမည်ဖြစ်သည်။

ရုရှားနိုင်ငံ၏   ယခုလုပ်ဆောင်ချက်များသည် ရုရှားအား ရန်လိုသည့်နိုင်ငံအဖြစ် ရှုမြင်နေသည့်  အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများ၏ လုပ်ဆောင်ချက်ကိုတုံ့ပြန်ခြင်းဖြစ်ပြီး   အမေရိကန်၏ နည်းပညာကို အသုံးပြုနေသည့် တတိယနိုင်ငံများအတွင်း ထုတ်လုပ်ထားသည့် အဆင့်မြင့်နည်းပညာသုံး   ထုတ်ကုန်ပစ္စည်းများအပေါ် အမှီသဟဲပြုနေခြင်းကို လျှော့ချ၍ ပြည်တွင်းဖြစ် အဆင့်မြင့် နည်းပညာထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရန်ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင်    အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ရုရှား၏ စီးပွားရေးနှင့် နိုင်ငံအတွင်းရှိ ထင်ရှားသော နိုင်ငံရေးသမားများကိုသာမက    စီးပွားရေးသမားများကိုအဓိကပစ်မှတ်ထား၍ ပိတ်ဆို့မှုများ   ချမှတ်လျက်ရှိသည်။

အလားတူပင်  ရုရှားအပေါ် စီးပွားရေး ဖိအားပေးနိုင်ရန်အတွက်   ပြည်ပကုမ္ပဏီ အများအပြားကလည်း ရုရှားနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသည့်    ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းပစ်မည်ဟု ကြေညာထားပြီးဖြစ်သည်။ အဆိုပါပြည်ပကုမ္ပဏီများတွင် ထင်ရှားသည့်အကြွေးဝယ်ကတ် ကုမ္ပဏီကြီးများ၊    မော်တော်ကားထုတ်လုပ်ရေး Microsoft ၊ Apple ကုမ္ပဏီများ၊  နှင့် Dell  တို့ ပါဝင်သည်။

တစ်ချိန်တည်းမှာပင် သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်သည့်အမေရိကန် အစိုးရသည် နောက်ဆုံးချမှတ်သည့် ပိတ်ဆို့မှုများအဖြစ်ရုရှားနိုင်ငံက တင်သွင်းနေသည့် အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်ပစ္စည်းများ အားလုံးမှ ထက်ဝက်ခန့်အား    ဖြတ်တောက်ပစ်ရန်မျှော်လင့်လျက်ရှိသည်။ သို့ရာတွင် ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများသည်လက်ရှိတွင်  အနောက်နိုင်ငံအချို့အပေါ် ဆိုးကျိုးသက်ရောက်နေပြီဖြစ်သည်။ထို့ပြင်ရုရှားအပေါ်တစ်ဖက်သတ် ချမှတ်နေသည့် ပိတ်ဆို့မှုများသည် ကမ္ဘာ့ငွေကြေးဈေးကွက်တွင်ဆယ်စုနှစ်ပေါင်း များစွာ လွှမ်းမိုးလာခဲ့သည့် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုကိုတဖြည်းဖြည်းဖယ်ရှားပစ်နိုင်သည့်အပြင် နိုင်ငံတကာ ငွေကြေးစနစ်ကိုပါ တစ်စစီကွဲပြားစေနိုင်သည်ဟုအပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ကြီးမှ  ပထမလက်ထောက်ဦးဆောင် ညွှန်ကြားရေးမှူး ဂီတာဂိုပီနက်က သတိပေး ပြောကြားထားသည်။

မည်သို့ပင်ဆိုစေကာမူ အနောက်နိုင်ငံများက နိုင်ငံအပေါ် စီးပွားရေးအရ သာမကနည်းပညာ ပိတ်ပစ်မှုများ အပါအဝင် ဖိအားပေးမှုများ ထပ်မံလုပ်ဆောင်လာပါကနိုင်ငံအပေါ် ကျရောက်လာနိုင်သည့် ဆိုးကျိုးများကို လျှော့ချနိုင်ရေးအတွက် ရုရှားအစိုးရက လိုအပ်သည့်ပြင်ဆင်မှုများကို ကြိုတင်လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     

Brecorder, RT