ကျွန်တော်တို့ကမ္ဘာကြီးဟာ လူသားတွေရဲ့ လုပ်ဆောင်မှုကြောင့် ထွက်ပေါ်လာတဲ့ အပူဒဏ်ကို မချိမဆံ့ခံစားနေရပါပြီ။
ဒီအတိုင်းသာဆက်သွားနေရင် လူသားမျိုးနွယ်စုတစ်ခုလုံးသာမက တိရစ္ဆာန်မျိုးစိတ်တွေသည်လည်း ပျက်သုဉ်းကာ ဂေဟစနစ်ကြီး တစ်ခုလုံး ပျက်စီးသွားရပါလိမ့်မယ်။
ဒီလိုဖြစ်လာမှာကိုတော့ ဘယ်သူကမှလိုချင်ကြမယ်မထင်ပါဘူး။ ဒါပေမဲ့ ဒီလိုတွေမဖြစ်လာအောင် လူတိုင်းကလည်း အားသွန်ခွန်စိုက်မလုပ်လိုကြပါဘူး။ သို့သော်လည်း ကျွန်တော်တို့လိုစာရေးသူတွေက ပြည်သူလူထုကိုစာပေနဲ့ အဆိပ်ခတ်မယ့်အစား လူသားထုတစ်ရပ်လုံးနဲ့ ကမ္ဘာကြီးတစ်ခုလုံး ကောင်းစားရေးအတွက် ကိုယ်တိုင်တွေ့မြင်ကြားသိဖတ်မှတ် လေ့လာမိသမျှ အရာအားလုံးကို ပြည်သူလူထုထံ ဝေဖန်ပိုင်းခြားမှုရှိစွာ တင်ပြရမယ်ဆိုတဲ့ ဝတ္တရားကြောင့် အခုဆောင်းပါးလေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
အပေါ်မှာပြောနေတဲ့ စကားကိုဆက်ရရင် ကျွန်တော်တို့ကမ္ဘာကြီးဟာ ဘယ်အတွက် ကြောင့်အပူဒဏ်ကို ခံစားနေရတာလဲလို့ မေးစရာရှိပါတယ်။ အကြောင်းရင်းကတော့ လူသားတွေရဲ့ လုပ်ဆောင်မှုကနေထွက်ရှိလာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့်ပါပဲ။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုလည်ပတ်ရတဲ့ စက်ယန္တရားတွေဆီကနေ စွန့်ပစ်ပစ္စည်းအနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိလာတာပါ။
ရုပ်ကြွင်းလောင်စာတွေ ဆိုတာကတော့ ယနေ့ကျွန်တော်တို့ အသုံးပြုနေတဲ့ ရေနံစိမ်းတွေ၊ ကျောက်မီးသွေးတွေ၊ သဘာဝဓာတ်ငွေ့တွေပါပဲ။ စက်သုံးဆီတွေရရှိလာစေဖို့အတွက် ရေနံစိမ်းကိုချက်လုပ်ရပါတယ်။ အဲဒီကနေမှ ဓာတ်ဆီ၊ ဒီဇယ် စသည်ဖြင့် စက်သုံးဆီတွေရရှိပြီး လူသားတွေက အဲဒါတွေကို စက်ယန္တရားတွေမှာ လောင်စာအဖြစ် အသုံးပြုခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ကာ ကမ္ဘာကြီးကို ပူလာစေတာဖြစ်ပါတယ်။
ဒါဆိုရင် ကမ္ဘာ့အပူချိန်ကျဆင်းဖို့အတွက် ဘာလုပ်ရမလဲ။ လူသားတွေအနေနဲ့ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကို လျှော့ချရပါမယ်။ ဖြစ်နိုင်ရင် လုံးဝအသုံးမပြုရပါဘူး။ ဒီနေရာမှာ စက်သုံးဆီတွေ အသုံးပြုမှုကို လျှော့ချရေးအတွက် အရေးပါတဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုလည်းရှိပါတယ်။ အဲဒါကတော့ နိုင်ငံရဲ့စီးပွားရေးအခြေအနေပါပဲ။
ယနေ့ မြန်မာနိုင်ငံအတွင်းစက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနဲ့အတူ ကျွဲကူးရေပါ ဆိုသလို လိုက်ပါမြင့်တက်နေရပါတယ်။ မတ် ၂၈ ရက်တုန်းက ကမ္ဘာ့ရေနံစိမ်း တစ်မျိုးဖြစ်တဲ့ Brent ရေနံစိမ်းတစ်စည်ဈေးနှုန်းဟာ ၁၁၄ ဒသမ ၅ ဒေါ်လာနဲ့ ဈေးကွက်ပိတ်သွားပါတယ်။
ကမ္ဘာ့ဘဏ္ဍာရေး ဗဟိုချက်တစ်ခုဖြစ်နေတဲ့ စင်ကာပူနိုင်ငံမှာတောင်မှ ကျွန်တော်တို့အခေါ် 92 ဓာတ်ဆီတစ်ဂါလန်ကို စင်ကာပူဒေါ်လာ ၁၃ ဒသမ ၅ ဒေါ်လာကျသင့်နေပါတယ်။ ဗဟိုဘဏ်ရဲ့ရည်ညွှန်းငွေလဲနှုန်းအရ မြန်မာကျပ်ငွေနဲ့ ပြန်တွက် ကြည့်ရင်တော့ 92 ဓာတ်ဆီတစ်ဂါလန်ကို ၁၇၆၃၁ ကျပ်ကျသင့်နေပါတယ်။
မြန်မာနိုင်ငံရဲ့စက်သုံးဆီဈေးနှုန်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မတ် ၂၈ ရက် ဈေးနှုန်းအရ နေပြည်တော်မှာ 92 ဓာတ်ဆီတစ်ဂါလန်ကို ကျပ် ၉၃၆၀ ဝန်းကျင် ကျသင့်နေတာကိုတွေ့ရမှာပါ။ စက်သုံးဆီဈေးနှုန်းဟာ ဒီလောက်အထိမြင့်တက်လာပြီဆိုရင် ကျွန်တော်တို့အနေနဲ့ မလိုအပ်တဲ့ ကိစ္စတွေမှာပါ စက်သုံးဆီကို ဆက်လက်သုံးစွဲနေဦးမှာလား။ ဒါမှမဟုတ် စက်သုံးဆီသုံးစွဲမှုကိုလျှော့ချပြီး လိုအပ်သလောက်ပဲ အသုံးပြုတော့မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရှိလာနိုင်လဲ ဆိုတာကို ဆက်လက်ဖော်ပြသွားပါမယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပြည်တွင်းသုံးစွဲမှုအတွက် လိုအပ်တဲ့စက်သုံးဆီအများစုကို ပြည်ပကနေ တင်သွင်းနေရတာပါ။ ဒီလိုတင်သွင်းရာမှာလည်း ပြည်ပငွေကြေးကို အသုံးပြုရတဲ့အတွက် နိုင်ငံ့ဘဏ္ဍာအပေါ် ဆိုးကျိုးသက်ရောက်မှုရှိပါတယ်။ နိုင်ငံ့ဘဏ္ဍာအပေါ်ဆိုးကျိုးသက်ရောက်မှုဟာ ပြည်သူတစ်ရပ်လုံးအပေါ် ဆိုးကျိုးသက်ရောက်စေမယ့် အခြေအနေပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စက်သုံးဆီ အသုံးပြုမှုကို ချွေတာဖို့မဖြစ်မနေလိုအပ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့်ချိန်ပြောတဲ့ မိန့်ခွန်းထဲကမှ အချက်အလက်တချို့ကို ကောက်နုတ်ဖော်ပြချင်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနေနဲ့ စက်သုံးဆီတင်သွင်းမှုဟာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ပါတယ်။ နိုင်ငံအတွင်းရှိ ဆိုင်ကယ်အစီးရေပေါင်း ၆ သန်းက တစ်ရက်ကို စက်သုံးဆီသုံးစွဲမှု နို့ဆီဘူးတစ်ဝက်ခန့်လျှော့ချမယ်ဆိုရင် မော်တော်ကားမျိုးစုံ အစီးရေ တစ်သန်းအနက် ကားတစ်စီးက တစ်ရက်ကိုစက်သုံးဆီပုလင်းဝက်ခန့် လျှော့ချမယ်ဆိုရင် တစ်ရက်ကို စက်သုံးဆီ ဂါလန် ၁၂၅၀၀၀ တန်ဖိုးအားဖြင့် ငွေကျပ် ၁ ဘီလီယံခွဲသက်သာနိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။
ဒီလိုသက်သာလာတဲ့နိုင်ငံ့ဘဏ္ဍာတွေကို တခြားလိုအပ်တဲ့နေရာတွေမှာ ခွဲဝေအသုံးပြုလိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံကြီးကလည်း အဘက်ဘက်ကနေ တိုးတက်လာမှာ ဧကန်မုချဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံကြီး တိုးတက်လာဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဘာလုပ်ဖို့လိုမလဲ။ စက်သုံးဆီအသုံးပြုမှုကို လျှော့ချဖို့ လိုပါလိမ့်မယ်။
ဒါ့အပြင် လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေနဲ့ ထောက်ဆကြည့်မယ်ဆိုရင် ရုရှား-ယူကရိန်းပဋိပက္ခနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတို့ကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ကြီးကြီးမားမားလှုပ်ခတ်မှုတွေ ဖြစ်လာပါတယ်။ အဓိကကတော့ ကမ္ဘာ့ရေနံဈေးကွက်မှာ စက်သုံးဆီရောင်းလို အားနည်းပါးပြီး ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာခြင်းဖြစ်ပါတယ်။ ဘယ်လောက်အထိလဲဆိုရင် ရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၀၀ နဲ့အထက်မှာချည်းသာဖြစ်နေတဲ့အထိပါပဲ။
ဒီလိုကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာတာနဲ့အမျှ လူမှုစီးပွားဘဝတွေလည်း အဘက်ဘက်ကနေ ထိခိုက်လာရပါတော့တယ်။ တကယ်လို့များ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီအသုံးပြုမှုကို ချွေတာလျှော့ချနိုင်မယ်ဆိုရင် ဒီလိုထိခိုက်မှုတွေကနေ သက်သာရာ ရနိုင်ပါတယ်။ ဒီနေရာမှာ အစိုးရနဲ့ပြည်သူလက်တွဲညီဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်း အနေအထားတစ်ခုမှာ တည်ငြိမ်စေဖို့ မူဝါဒတွေချမှတ်တာမျိုး၊ ငွေကြေးစိုက်ထုတ် ရင်းနှီးတာမျိုးတွေ လုပ်ပေးဖို့လိုမှာ ဖြစ်သလို ပြည်သူတွေဘက်ကလည်း အစိုးရရဲ့မူဝါဒကို လိုက်နာခြင်းဖြင့်သော်လည်းကောင်း၊ ကိုယ့်ရဲ့ပင်ကိုအသိစိတ်ဖြင့်သော်လည်းကောင်း စက်သုံးဆီအသုံးပြုမှုကို လျှော့ချရပါလိမ့်မယ်။
ဘယ်လိုနေရာတွေမှာ စက်သုံးဆီ အသုံးပြုမှုကို လျှော့ချကြမလဲ။ စက်သုံးဆီကို အများဆုံး အသုံးပြုနေတာက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုတဲ့နေရာမှာ အများသုံးသယ်ယူပို့ဆောင်ရေး လုပ်ငန်းထက် လူပုဂ္ဂိုလ်တစ်ဦးချင်းက အသုံးပြုတဲ့ စက်သုံးဆီက ပိုများပါတယ်။ ဒါကြောင့် စက်သုံးဆီသုံးစွဲမှု လျှော့ချရေးအတွက် လုပ်ဆောင်သင့်တဲ့အချက် (၁၀) ချက်ကို ကမ္ဘာ့စွမ်းအင်အေဂျင်စီက မကြာသေးမီက မှထုတ်ပြန်ထားတာရှိပါတယ်။ ဒီအချက်တွေထဲကမှ အားလုံးကို လုပ်ဆောင်ရမယ်လို့ မဆိုလိုသော်လည်း ကိုယ့်နိုင်ငံ၊ ကိုယ့်အခြေအနေနဲ့ ကိုက်ညီမယ့်ပုံစံကို အကောင်အထည်ဖော်နိုင်စေဖို့ အချက်တချို့ကို တင်ပြပေးပါမယ်။
အမြန်လမ်းပေါ်မှာ အရှိန်နှုန်းကန့်သတ်ချက်ကိုလျှော့ချပါ နိုင်ငံတစ်ခုချင်း၊ ဒေသတစ်ခုချင်းမှာ လုပ်ဆောင်တဲ့ သုတေသနပြုလေ့လာမှုတွေအရ အမြန်လမ်းများပေါ်မှာ လက်ရှိသတ်မှတ်ထားတဲ့ အရှိန်နှုန်းကန့်သတ်ချက်ကို အနည်းဆုံး တစ်နာရီ ၁၀ ကီလိုမီတာနှုန်းလျှော့ချခြင်းအားဖြင့် အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်များနဲ့ ကုန်တင်ယာဉ်များရဲ့ စက်သုံးဆီသုံးစွဲမှုလျော့ကျစေတယ် ဆိုတာကို တွေ့ရှိရပါတယ်။
အမြန်လမ်းတွေပေါ်မှာ အရှိန်နှုန်းကန့်သတ်ချက်က တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ ဒေသတစ်ခုနဲ့တစ်ခု မတူနိုင်ပေမယ့် ယေဘုယျအားဖြင့် တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်းကနေ ၁၃၅ ကီလိုမီတာနှုန်းအထိ သတ်မှတ်ထားလေ့ရှိပါတယ်။
ဒီလိုမျိုး အမြန်နှုန်းကန့်သတ်ချက်ကို သက်ဆိုင်ရာအစိုးရတွေက လုပ်ဆောင်နိုင်ပါတယ်။ အမေရိကန်နဲ့ တခြားဥရောပနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက ၁၉၇၃ ခုနှစ် ရေနံအကျပ်အတည်းကာလမှာ ဒီနည်းလမ်းကိုအသုံးပြုခဲ့ပါသေးတယ်။
ယနေ့အချိန်အခါမှာတော့ နိုင်ငံအများအပြားက အမြန်လမ်းတွေပေါ်မှာ အမြန်နှုန်းကန့်သတ်ချက် ယာယီလျှော့ချတာမျိုးတွေ လုပ်နေပါပြီ။ အများစုကတော့ ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့ကျစေရေးအတွက် လုပ်ဆောင်ကြတာပါ။ ဒါပေမဲ့လည်း လေထုညစ်ညမ်းမှုလျှော့ချရေး အတွက်လည်း ဒီနည်းလမ်းကို အသုံးပြုနေကြပါတယ်။
ဒီနည်းလမ်းကိုအသုံးပြုခြင်းကြောင့် လမ်းမများပေါ်မှာကားတွေရဲ့အမြန်နှုန်းကို တစ်နာရီကို ၁၀ ကီလိုမီတာနှုန်း လျှော့ချလိုက်တဲ့အတွက် ရေတိုမှာတစ်ရက်ကို စက်သုံးဆီဂါလန်ပေါင်း ၁၀ ဒသမ ၁ သန်းကျော်သက်သာစေမှာပါ။ ဒါ့အပြင် ကုန်တင်ကားကြီးတွေရဲ့ အမြန်နှုန်းကို အလားတူ လျှော့ချလိုက်မယ်ဆိုရင် တစ်ရက်ကို နောက်ထပ် စက်သုံးဆီဂါလန်ပေါင်း ၄ ဒသမ ၈ သန်းကျော် သက်သာစေမှာဖြစ်ပါတယ်။
ဖြစ်နိုင်ပါက တစ်ပတ်ကိုသုံးရက် အိမ်ကနေပဲအလုပ်လုပ်ပါ ကမ္ဘာ့ကပ်ရောဂါမဖြစ်ခင်ကာလက ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာ နေ့စဉ်အလုပ်သွား အလုပ်ပြန်အတွက် ကိုယ်ပိုင်ယာဉ်တွေ သုံးစွဲခြင်းကြောင့် တစ်ရက်ကိုစက်သုံးဆီ ဂါလန်ပေါင်း ၉၄ ဒသမ ၄ သန်းကျော် အသုံးပြုကြတာပါ။ ကမ္ဘာ့ကပ်ရောဂါကာလမှာ နေအိမ်ကနေအလုပ်လုပ်မှုကို လေ့လာချက်အရ အလုပ်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အိမ်ကနေပဲလုပ်နိုင်တာ ကြောင့် တစ်ဖက်မှာ ကုန်ထုတ်လုပ်မှုကို မထိခိုက်စေဘဲ တခြားတစ်ဖက်မှာလည်း စက်သုံးဆီ အသုံးပြုမှုကို လျှော့ချပြီးသား ဖြစ်သွားတာ တွေ့ရပါတယ်။
နောက်တစ်ခုက အလုပ်သွားအလုပ်ပြန်အတွက် ကားတွေကိုစီးရာမှာ ရာသီဥတုပူလာတာနဲ့အမျှ အဲကွန်းဖွင့် စီးကြတာကို တွေ့ရပါတယ်။ ကားတွေမှာ အဲကွန်းဖွင့်စီးခြင်းကလည်း စက်သုံးဆီ အသုံးပြုမှုကို မြင့်တက်စေပါတယ်။ ဒါကြောင့် နေအိမ်ကနေပဲ အလုပ်လုပ်ရမယ်ဆိုရင် စက်သုံးဆီ အသုံးပြုမှုကို ပုံမှန်ထက်ပိုပြီး ချွေတာနိုင်ပါလိမ့်မယ်။
သေချာပြန်တွက်ကြည့်တဲ့အခါမှာ နေအိမ်ကနေ တစ်ရက်အလုပ်လုပ်ရင် စက်သုံးဆီအသုံးပြုမှု ဂါလန်ပေါင်း ၅ ဒသမ ၉ သန်းချွေတာပြီးသားဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် သီတင်းပတ်တစ်ပတ်ကိုသုံးရက် အိမ်ကနေပဲ အလုပ်လုပ်တဲ့အခါ ရေတိုမှာ စက်သုံးဆီ ဂါလန်ပေါင်း ၁၇ ဒသမ ၄ သန်းသက်သာမှာဖြစ်ပါတယ်။
မြို့ကြီးတွေမှာ ကားမစီးရနေ့သတ်မှတ်ပါ
၁၉၇၃ ခုနှစ် ရေနံအကျပ်အတည်းဖြစ်တုန်းက ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ အနောက်ဂျာမနီတို့လိုမျိုးနိုင်ငံတွေက တနင်္ဂနွေနေ့တိုင်း ကားအသုံးမပြုရနေ့အဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။ လက်ရှိမှာဆိုရင်လည်း ဘရပ်ဆဲ၊ အီဒင်ဘာ့၊ ဗန်ကူးဗား၊ တိုကျိုမြို့တစ်စိတ်တစ်ပိုင်းနဲ့ အခြားသောမြို့ကြီးတွေက ဒီနည်းလမ်းကို အသုံးပြုလာတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်ကဆိုရင် Europe Mobility Week အတွက် မြို့ပေါင်း ၃၀၀၀ ကျော်က ပါဝင်စာရင်းသွင်းကြပါတယ်။ ဒီလိုပါဝင်စာရင်းသွင်းတဲ့အတွက် အဲဒီမြို့တွေက ကားမစီးရတဲ့ရက်တစ်ရက်ကို မဖြစ်မနေသတ်မှတ်ပေးရပါတယ်။
အခုလိုကားမစီးရနေ့သတ်မှတ်ခြင်းကြောင့် ပြည်သူတွေဟာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းတို့ဖြင့်သာ မိမိတို့သွားလိုရာကိုသွားရပါတယ်။ ဒါပေမဲ့ လိုင်းကားတွေကတော့ထွက်ရပါတယ်။ ဒီလိုတစ်ရက်တာ ကန့်သတ်ချက်ချမှတ်ခြင်းဟာ သီတင်းပတ်တစ်ပတ်တာလုံးအတွက် ကြီးစွာသော အကျိုးကျေးဇူးတွေ ရရှိစေတာကို တွေ့ရပါတယ်။ ဒီလိုနေ့မျိုးတွေမှာဆိုရင် လိုင်းကားတွေက ယာဉ်စီးခလျှော့ချ ကောက်ခံတာမျိုး ဒါမှမဟုတ် အခမဲ့ စီးနင်းခွင့်ပေးတာ မျိုးတွေနဲ့ ဒီနည်းလမ်းကို အားပေးနိုင် ပါသေးတယ်။
ဒါ့အပြင် တနင်္ဂနွေလိုနေ့မျိုးမှာ ကိုယ်ပိုင်ကားတွေ အသုံးမပြုရခြင်းကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး အပေါ်လည်း ကောင်းကျိုးတွေ သက်ရောက်စေပါတယ်။ ဥပမာ လေထုသန့်စင်ခြင်း၊ အသံဆူညံမှု လျော့ကျတဲ့အတွက် နားအေးပါးအေးရှိခြင်း၊ ယာဉ်မတော်တဆဖြစ်မှုကင်းဝေးခြင်းတို့ကို ရရှိစေပါတယ်။ အလားတူ နွေရာသီမှာ ဒီနည်းလမ်းကိုအသုံးပြုရင် ယာဉ်ကြောပိတ်ဆို့မှု မရှိခြင်းကြောင့် အပူဒဏ် ဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။
ဒီနည်းလမ်းအသက်ဝင်စေဖို့ အတွက်ဆိုရင်တော့ ရုတ်တရက်စစ်ဆေးမှုတွေ လုပ်တာမျိုး၊ လမ်းပိတ်ထားတာ မျိုးတွေနဲ့ တင်းတင်း ကျပ်ကျပ် ဆောင်ရွက်နိုင်ပါတယ်။
သူ့ရဲ့အကျိုးသက်ရောက်မှုက မြို့ကြီးတွေမှာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကိုယ်ပိုင်ကားတွေအသုံးမပြုဘူးဆိုရင် ရေတိုမှာတစ်ရက်ကို စက်သုံးဆီဂါလန်ပေါင်း ၁၃ ဒသမ ၂ သန်းကျော်သက်သာစေမှာ ဖြစ်ပြီး တစ်လမှာမှ တစ်ရက်တည်းပဲ ဒီနည်းလမ်းကို ကျင့်သုံးတယ်ဆိုရင်တော့ စက်သုံးဆီဂါလန်ပေါင်း ၃ ဒသမ ၃ သန်းကျော်သာ သက်သာပါလိမ့်မယ်။
ယာဉ်စီးခကိုလျှော့ချပြီး လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းကိုအားပေးပါ
စက်သုံးဆီအသုံးပြုမှုကိုလျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ပိုင်ကားများကိုအသုံးပြုခြင်းမှ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို ပြောင်းလဲအသုံးပြုစေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ရင် လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းတို့အထိပါ လုပ်ဆောင်စေခြင်း ဖြစ်ပါတယ်။
အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ်ရှိတဲ့ နေရာတွေမှာဆိုရင် လိုင်းကား၊ မီးရထား အစရှိတဲ့သယ်ယူ ပို့ဆောင်ရေး စနစ်တွေမှာ ယာဉ်စီးခလျှော့ချကောက်ခံခြင်းဖြင့် ကိုယ်ပိုင်ကားအသုံးပြုသူ အရေအတွက် နည်းသွားစေနိုင်ပါတယ်။
ဥပမာအားဖြင့် နယူးဇီလန်နိုင်ငံမှာဆိုရင် လက်ရှိစက်သုံးဆီဈေးတွေ တက်နေတဲ့အတွက် အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေစီးနင်းခကို နောက်သုံးလအထိ ထက်ဝက်လျှော့ချပေးထားပါတယ်။
အလားတူ ကိုယ်သွားမယ့်ခရီးက တိုတယ်ဆိုရင် စက်ဘီးစီးတာမျိုး၊ လမ်းလျှောက်သွားတာမျိုးတွေ လုပ်နိုင်စေဖို့ စက်ဘီးသီးသန့်လမ်းတွေ၊ လူသွားစင်္ကြံတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ အထူးသဖြင့် မြို့ပြသယ်ယူ ပို့ဆောင်ရေးစနစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းက ရေရှည်မှာပါ အဘက်ဘက်က အကျိုးကျေးဇူးကောင်းတွေရရှိစေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုခြင်းအားဖြင့် ရေတိုမှာ ပျမ်းမျှတစ်ရက်ကို စက်သုံးဆီဂါလန်ပေါင်း ၁၁ ဒသမ ၅ သန်းသက်သာစေပါတယ်။
ကိုယ်ပိုင်ကားတွေကို အလှည့်ကျအသုံးပြုခိုင်းပါ
မြို့ကြီးတွေမှာ ကိုယ်ပိုင်ကားတွေကို သူတို့ရဲ့လိုင်စင်နံပါတ်ပြားအရ စုံ၊ မ ခွဲပြီးအသုံးပြုစေခြင်းကလည်း အဆင်ပြေထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၁၉၇၃ ခုနှစ်တုန်းကဆိုရင် အီတလီအစိုးရက ကားအသုံးမပြုရနေ့ သတ်မှတ်တဲ့အစား ယာဉ်လိုင်စင်ကို စုံ၊ မ ခွဲပြီးရက်သတ်မှတ်ကာသွားစေတဲ့မူဝါဒကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်အလွန် ကာလများမှစလို့ ကမ္ဘာ့မြို့ကြီး တော်တော်များများက ယာဉ်ကြောကျပ်မှု၊ လေထုညစ်ညမ်းမှု စတာတွေကို ကိုင်တွယ်ထိန်းသိမ်းဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုခဲ့တာ တွေ့ရပါတယ်။
အခုနည်းလမ်းကိုချမှတ်အကောင်အထည်ဖော်ရာမှာ ကားတစ်စီးသာရှိတဲ့ အိမ်ထောင်စုတွေအတွက် မမျှတတာမျိုး၊ အခက်အခဲဖြစ်စေတာမျိုးတွေရှိလာနိုင်ပါတယ်။ ဒီအခက်အခဲတွေကိုတော့ အထက်မှာဖော်ပြခဲ့တဲ့ ယာဉ်စီးခတွေလျှော့ချပေးတာမျိုး၊ လူစုပြီးကားငှားစီးတာကို အားပေးတာမျိုးတွေနဲ့ လျှော့ချနိုင်ပါတယ်။ ဒီနေရာ
မှာ လျှပ်စစ်စွမ်းအင်အသုံးပြုကားတွေကိုတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးရပါမယ်။
ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် တစ်ရက်ကိုစက်သုံးဆီဂါလန် ၇ ဒသမ ၃ သန်းသက်သာစေပါတယ်။
လူစုပြီးကားငှားစီးခြင်းနဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချတဲ့အလေ့အထလုပ်ပါ
ကိုယ်သွားမယ့်ခရီးလမ်းကြောင်းတူတယ်ဆိုရင် လူစုပြီးကားငှားစီးခြင်းက တစ်ချိန်တည်းမှာ စက်သုံးဆီကို သာမက ငွေကြေးကုန်ကျမှုကိုလည်း ချွေတာနိုင်တာတွေ့ရပါတယ်။ အစိုးရဘက်ကဘယ်လိုကူညီနိုင်လည်းဆိုရင် ကားငှား စီးမယ့်သူတွေ အတွက် သီးသန့်လမ်းကြောင်းတွေသတ်မှတ်ပေးတာ၊ အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေရပ်တဲ့ နေရာရဲ့ဘေးမှာ အငှားယာဉ်တွေအတွက် နေရာသတ်မှတ်ပေးတာ၊ လူများတဲ့ အငှားယာဉ်တွေကိုဆိုရင် လမ်းအသုံးပြုခလျှော့ချ ကောက်ခံတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။
ဒါ့အပြင်အခုခေတ်မှာဆိုရင် ကားစုစီးဖို့အတွက် ချိန်းဆိုလို့ရတဲ့ အပလီကေးရှင်းတွေလည်း အများကြီးထွက်လာပါပြီ။
ကားမောင်းတဲ့နေရာနဲ့ ပြုပြင်ထိန်းသိမ်းတဲ့နေရာတို့မှာ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မယ့် အလေ့အကျင့်ကောင်း တွေကို ပြုစုပျိုးထောင်ဖို့လိုပါတယ်။ ဥပမာအားဖြင့် ကားတာယာရဲ့လေပေါင်ချိန် သတ်မှတ်ပမာဏအတိုင်း ရှိခြင်းက စက်သုံးဆီအသုံးပြုမှုကို ၁ ဒသမ ၅ ရာခိုင်နှုန်းသက်သာစေပါတယ်။ ဒါ့အပြင် ကားအဲကွန်းဖွင့်မောင်းခြင်းက စက်သုံးဆီကို ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ပိုစားစေပါတယ်။ ဒါကြောင့် အချိန်တိုင်းမှာ ကားအဲကွန်းမဖွင့်ဘဲစီးခြင်းက ကားရဲ့ဆီစားနှုန်းကိုသက်သာစေမှာဖြစ်ပါတယ်။
လျှပ်စစ်ကားများပိုမိုအသုံးပြုလာနိုင်ရေးဆောင်ရွက်ပါ
ပြီးခဲ့တဲ့နှစ် အကုန်ပိုင်းတုန်းက စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့လမ်းမထက်မှာ ပြေးလွှားနေတဲ့ လျှပ်စစ်ကားအစီးရေ ၈ ဒသမ ၄ သန်းရှိပါတယ်။ လက်ရှိအချိန်မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရရှိနိုင်မှုအခြေအနေကြောင့် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ကြန့်ကြာမှုတွေရှိနေပါတယ်။
ဒါပေမဲ့လည်း ဒီလိုကြန့်ကြာမှုဟာ ရေတိုပြဿနာတစ်ရပ်သာဖြစ်ပြီး သိပ်မကြာခင်အချိန်မှာ အောင်မြင်စွာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေကို အသုံးပြုခြင်းက ရေတိုမှာစက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရုံသာမက ရေရှည်မှာ သဘာဝပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးတွေ ရရှိနိုင်မှာပါ။
အလားတူ စက်သုံးဆီအသုံးပြုမှုများတဲ့ ယာဉ်တွေကို အခွန်တိုးကောက်ခြင်းအားဖြင့် လျှပ်စစ်ကား အသုံးပြုသူများလာစေဖို့ ဆောင်ရွက်နိုင်ပါသေးတယ်။ ဒါကြောင့် လျှပ်စစ်ကားများကို အသုံးပြုရေးအတွက် နှိုးဆော်မှုတွေလုပ်မယ်၊ ပညာပေးမှုတွေလုပ်မယ်ဆိုရင် ဒီလုပ်ဆောင်ချက်ရဲ့အသီးအပွင့်ကို မကြာခင် အချိန်တိုအတွင်းမှာ ရရှိမှာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေကိုကြည့်ရင် အစိုးရတစ်ရပ်တည်းရဲ့ အားနဲ့လုပ်ဆောင်နိုင်မှာမဟုတ်ဘဲ ပြည်သူလူထုပါတူညီစွာလက်တွဲပါဝင်ကူညီမှသာ အောင်မြင်မယ့်လုပ်ငန်းတွေဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။
အစိုးရဘက်ကလုပ်ပေးနိုင်တာက မူဝါဒတွေချမှတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ခြင်းလောက်သာ လုပ်ပေးနိုင်ပြီး တကယ်တမ်းပြည်သူလူထုကသာ ကိုယ့်ပင်ကိုအသိစိတ်နဲ့ လိုက်ပါလုပ်ဆောင်ဖို့က အခရာကျပါတယ်။ ဘာကြောင့်လဲဆိုရင် အစိုးရကဒီလိုမူဝါဒတွေမချမှတ်စေဦးတော့ ကိုယ်ကိုယ်တိုင်က ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ပိုင်ကားကိုစီးမယ့်အစား အများသုံးသယ်ယူပို့ဆောင်ရေး ယာဉ်ကို အသုံးပြုတာမျိုး၊ သွားရမယ့်နေရာနီးရင် စက်ဘီးစီးတာမျိုး၊ လမ်းလျှောက်တာမျိုး၊ ကားမောင်းရရင်လည်း စက်သုံးဆီသုံးစွဲမှု ချွေတာနိုင်အောင် လုပ်ဆောင်တာမျိုး အစရှိတဲ့အရာတွေကိုလုပ်ပေးရင်လည်း နိုင်ငံတော်နဲ့ပြည်သူအတွက် အကျိုးရှိစေမှာအမှန်ပဲဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ အစိုးရဘက်က ဘယ်လိုပင်မူဝါဒတွေချမှတ်ကာ စည်းကမ်းတွေထုတ်နေပါစေ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက စက်သုံးဆီအသုံးပြုမှု လျှော့ချရေးအတွက် နည်းလမ်းတွေကို မလိုက်နာဘူးဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ အဘက်ဘက်က တိုးတက်လာနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေရယ်၊ မြင့်တက်နေတဲ့ စက်သုံးဆီဈေးကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခပိုမရောက်စေဖို့ရယ်၊ နောက်ဆုံးမှာ ကမ္ဘာကြီးကခံစားနေရတဲ့ အပူဒဏ်ကို ကိုယ့်ကြောင့် သက်သာပါစေတော့ဆိုတဲ့ စိတ်နဲ့ရယ် အစိုးရနဲ့ပြည်သူ လက်တွဲကူပြီး ပြိုင်တူကြိုးစား လုပ်ဆောင်လိုက်ကြမယ် ဆိုရင်ဖြင့် စက်သုံးဆီသုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်မှာ ဖြစ်ကြောင်းနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ သည်လည်း အဘက်ဘက်ကနေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။ ။
ထက်မြက်