ဟင်းခတ်အမွှေးအကြိုင်နှင့် ကျန်းမာရေး

(၁၃-၁၄)ရာစုကတည်းက  ဥရောပသားတွေ အိန္ဒိယနိုင်ငံကို ရေလမ်းမှရောက်ရှိလာခဲ့ပြီး ဒေသထွက်ဟင်းခတ် အမွှေးအကြိုင်တွေ၊ ဆန်၊ ဂျုံ၊ ပြောင်း၊ ကော်ဇောစတာတွေကိုအရက်အကောင်းစား၊ ဆေးလိပ်၊ စီးကရက်၊ စက်ပစ္စည်းစတာတွေနဲ့ လဲလှယ်ကုန်သွယ်ခဲ့ကြတယ်။

ရှေးဦးစွန့်စားသူတွေကဗတ်စကိုဒဂါးမား(ပေါ်တူဂီ)နဲ့ ခရစ်တိုဖာကိုလံဘတ်၊ စပိန်၊ မာဂျဲလန်(စပိန်)တို့ဖြစ်တယ်။ နောက်ပိုင်းအင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်၊ ဂျာမနီ၊ အီတလီ၊ ဘယ်လ်ဂျီယံတို့လည်းအာရှ၊ အာဖရိကနဲ့  အမေရိကဘက်မှ ရေလမ်းခရီးနဲ့  ကုန်သွယ်ခြင်း၊ ခရစ်ယာန်ဘာသာသာသနာပြုခြင်း၊  နယ်ချဲ့သိမ်းပိုက်ခြင်း နည်းတွေနဲ့ ကိုလိုနီဖြစ်ခဲ့ကြတယ်။

ဟင်းချက်တဲ့အခါ ဟင်းခတ်အမွှေးအကြိုင်တွေ အထူးလိုအပ်တယ်။ အနံ့အရသာနဲ့ပြည့်စုံသွားသလို စားမြိန်စေတယ်။ ကျန်းမာရေးနဲ့လည်းညီညွတ်ကာ ရောဂါကင်းပြီး အသက်ရာကျော်ရှည်စေနိုင်ပါတယ်။

ချင်း(ဂျင်း)ဟာဟင်းခတ် အမွှေးအကြိုင်မှာ ထိပ်ဆုံးကပါဝင်ပြီး နာကျင်ကိုက်ခဲမှု သက်သာစေပါတယ်။

အိန္ဒိယပညာရှင်တို့လေ့လာမှုအရ    ချင်း(ဂျင်း)က ခေါင်းကိုက်တာ၊ ကိုက်ခဲတာ၊ ထိခိုက်မှုကြောင့်ခါးနာတာ စတဲ့နာကျင်ကိုက်ခဲမှုတွေကိုသက်သာစေပါတယ်။

တစ်နေ့ကိုကြိတ်ထားတဲ့ လတ်လတ်ဆတ်ဆတ်ချင်း (ဂျင်း)လက်ဖက်စားဇွန်းတစ်ဇွန်း (သို့) လှီးထားတဲ့ချင်း (ဂျင်း)သုံးပြားကို နေ့စဉ်ဟင်းချက်ရာမှာ ထည့်ချက်ပြီး စားသုံးရင် နှစ်ပတ်အတွင်း ကိုက်ခဲနာကျင်မှုကနေ(၆၃%)လျော့နည်းသက်သာတာတွေ့ရပါတယ်။

နနွင်းကဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ နနွင်းကိုအိန္ဒိယ၊  အာရှနဲ့အာဖရိကနိုင်ငံတွေ မှာဟင်းချက်ရာမှာ အသုံးပြုကြပါတယ်။    ထိုင်းနိုင်ငံသုတေသီတွေ လေ့လာချက်အရ တစ်နေ့ကိုနနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းစာလောက် စားသောက်တဲ့ ဟင်းထဲမှာပါရှိရုံနဲ့ ဆီးချိုအမျိုးအစား(၂)ရောဂါဖြစ်ပွားမှု (၅၀%)လျှော့ချနိုင်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။

ကြက်သွန်ဖြူဟာခုခံစွမ်းအားကိုကောင်းစေပါတယ်။

တစ်နေ့ကိုကြက်သွန်ဖြူတစ်မွှာလောက်စားရုံနဲ့ပိုးမွှားကူးစက်ခံစားနိုင်ခြေတစ်ဝက်လောက် လျှော့ချနိုင်တယ် လို့သုတေသီကဆိုတယ်။ ကြက်သွန်ဖြူကဆာလဖာဒြပ်ပေါင်းမျိုးကွဲ(၃၃)မျိုးလောက်ပါဝင်ပြီး ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ သွေးဖြူဥရဲ့စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်တယ်။ ကြက်သွန်ဖြူကို ဟင်းမချက်ခင်လှီးပြီး(၁၀)မိနစ်လောက်ထားရင် ကြက်သွန်ဖြူမှာပါတဲ့ ဆာဖာဒြပ်ပေါင်းကလေနဲ့ ထိတွေ့ပြီးတဲ့အခါ အာနိသင်ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ငရုတ်သီးတောင့်က ကိုယ်အလေးချိန်ထိန်းပေးနိုင်ပါတယ်။ ငရုတ်သီးတောင့်မှာ ကပ်ဆာဆင်ဒြပ်ပေါင်းများ စွာပါဝင်နေတယ်။ သုတေသီတွေကတစ်နေ့ကို ငရုတ်သီးတောင့်အမှုန့်(အစိမ်းမှုန့်)  လက်ဖက်ရည်ဇွန်း တစ်ဝက်လောက် ထည့်ချက်စားရုံနဲ့ တစ်လအတွင်း ကိုယ်အလေးချိန်နှစ်ပေါင် လျှော့ချနိုင်တယ်လို့ တွေ့ရှိထားတယ်။ ငရုတ်သီးတောင့်စားသုံးလိုက်ရင်ခန္ဓာကိုယ်တွင်း အဆီကိုဖြိုခွဲနိုင်တဲ့ ပရိုတိန်းခြောက် မျိုးထက်မက ထွက်ရှိလာတာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်တာလို့ နောက်ထပ်ပြုလုပ်တဲ့ သုတေသနမှာ တွေ့ရှိထားပါတယ်။

ငရုတ်ပွသီးကရောင်ရမ်းမှုကိုလျော့နည်းစေပါတယ်။

ကနေဒါမှသုတေသီတွေလေ့လာမှုအရ ငရုတ်ပွသီး တစ်ပတ်(၄-၅)ကြိမ်စားပေးရုံနဲ့ ရောင်ရမ်းမှုကို (၂၀%)လျှော့ချပေးတယ်လို့ ဆိုတယ်။ ငရုတ်ပွသီးမှာပါဝင်တဲ့ ဆပိုနင်ကအစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မြောက်ကယ်ရိုလိုင်းနားမှ ပညာရှင်တွေရဲ့လေ့လာမှုအရ   ငရုတ်ပွသီးကနာတာရှည်ရောင်ရမ်းတာ လျှော့ချပေးတာကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် အရေပြား အနီစက်ထွက်တာ၊ အရိုးအဆစ်ရောင်ရမ်းတာ၊ ဆီးချိုသွေးချိုရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

လေးညှင်းပွင့်က သွားကိုက်သက်သာစေပါတယ်။လေးညှင်းပွင့်တစ်ပွင့်၊ နှစ်ပွင့်လောက် ဖြည်းဖြည်းချင်း ဝါးပေးရင် သွားကိုက်တာ၊ သွားဖုံးရောင်တာတွေကို အချိန်နှစ်နာရီအတွင်း သက်သာစေပါတယ်။ လေးညှင်းမှာပါဝင်တဲ့ ယူဂျီနောဒြပ်ပေါင်းက ထုံစေတဲ့အာနိသင်နဲ့ ဗက်တီးရီးယားပိုးသတ် အာနိသင် ရှိတာကြောင့် သွားကိုက်တာ သက်သာစေပါတယ်။ လေးညှင်းပွင့်ကို အေးပြီးနေရောင်ခြည် တိုက်ရိုက်မကျတဲ့ နေရာမှာထားသင့်ပါတယ်။

သစ်ကြံပိုးခေါက်က သကြားဓာတ်စုပ်ယူမှုကို လျှော့ချပေးပါတယ်။ အချိုရည်တွေ၊ ပေါင်မုန့်တွေ၊ သကြားလုံးတွေ စားသုံးတဲ့အခါ သွေးအတွင်းသကြားဓာတ်ရုတ်တရက်မြင့်တက်လာပြီး ဦးနှောက်နဲ့ အာရုံကြောအဖွဲ့ကို ဖိနိုင်တာကြောင့် လူကိုနုံးချည့် စေတတ်ပါတယ်။ ကိုယ်သောက်မယ့်အချိုရည်ထဲမှာ သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက် ထည့်သောက်ရုံနဲ့ သကြားဓာတ်စုပ်ယူမှုကို    (၂၉%)လျှော့ချပေးပြီး နွမ်းနယ်မှုကို သက်သာစေပါတယ်။

ဖာလာစေ့ကသွေးဖိအားကို လျော့ကျစေပါတယ်။အသားဟင်းချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ် အသုံးပြုကြတယ်။ ဖာလာစေ့အနံ့ကို ကြိုက်သူတွေအနေနဲ့  ကော်ဖီထဲမှာလည်း အနံ့ထည့်ပြီး သောက်သုံးတတ်ကြပါတယ်။ ဖာလာစေ့ကိုနေ့စဉ် အစားအသောက်ထဲမှာ ထည့်စားရင်(၁၂)ပတ်ကြာတဲ့ အခါသွေးဖိအား လျော့နည်းစေပြီး ပုံမှန်သွေးဖိအားကို ထိန်းထားနိုင်တယ်။     ဖာလာစေ့ဟာအိန္ဒိယ ဆေးပညာ ဂျာနယ်မှာ ရေးသားဖော်ပြခံရတဲ့ သွေးပေါင်ထိန်းဆေးပဲ ဖြစ်တယ်။ ဖာလာစေ့က သွေးကြော နံရံကြွက်သားတွေကို ပျော့ပျောင်းစေတာကြောင့် သွေးဖိအားလျော့နည်းစေပါတယ်။ တစ်နေ့ကိုဖာလာစေ့ လက်ဖက်စားဇွန်းတစ်ဝက်လောက် စားသုံးရုံနဲ့ပုံမှန်သွေးဖိအားကို ထိန်းထားနိုင်ပါတယ်။

ပူဒီနာဟာ  ကင်ဆာဆဲလ်အသစ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ နယူးဂျာစီမှပညာရှင်တွေက တစ်ပတ်မှာ တစ်ကြိမ်လောက် ပူဒီနာထည့်ပြီး ချက်စားရုံနဲ့ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို ကာကွယ်ပေးတယ်လို့ တွေ့ရှိထားတယ်။ ပူဒီနာမှာအင်တီအောက်ဆီးဒင့်တွေ များများပါဝင်ကာ ကင်ဆာဆဲလ်တွေကို သေစေမယ့် ခန္ဓာကိုယ်ရဲ့ စူပါဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။

 စမုန်စပါးကလေပွတာကို သက်သာစေပါတယ်။ထမင်းစားပြီးတဲ့အခါ   စမုန်စပါးလက်ဖက်စားဇွန်း တစ်ဝက်(သို့) လေးပုံတစ်ပုံ စားပေးနိုင်ပါတယ်။ မက်ကဆီကိုမှ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ စမုန်စပါးက အစာခြေအင်ဇိုင်းတွေ ထွက်ရှိပြီး လေပွတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ စမုန်စပါးကို ဟင်းချက်ရာမှာ ထည့်သွင်းသုံးတတ်ကြပါတယ်။

ပဲအမျိုးမျိုးကနေအမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ သံဓာတ်နဲ့မဂ္ဂနီစီယမ်ဓာတ်တွေရရှိလို့  သက်လုံကောင်းစေတယ်။ မြေပဲကနေကျန်းမာရေးနဲ့ သင့်တော်တဲ့အဆီဓာတ်နဲ့ ကယ်လိုရီများစွာ ရရှိနိုင်ပါတယ်။ သစ်ချသီး၊ ဝက်သစ်ချသီး၊ ဗာဒံစေ့တွေစားသုံးပေးရင် အမျှင်ဓာတ်အပြင်အိုမီဂါ(၃)ကိုပါ ရရှိနိုင်လို့ လေဖြန်းတာ ကာကွယ်ပေးတယ်။

အဆီထုတ်ထားတဲ့နွားနို့က    အပျိုဖော်ဝင်စမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့နဲ့ အရိုးတွေ  သန်မာစေဖို့ သောက်သုံးပေးသင့်ပါတယ်။ တစ်နေ့ကို အဆီထုတ်ထားတဲ့ နွားနို့တစ်ခွက်သောက်ပေးရင် တစ်နေ့တာ လိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏနဲ့ လေးပုံတစ်ပုံရနိုင်ပါတယ်။ အဆီနည်းဒိန်ချဉ်ကို သောက်သုံးပေးရင် အရိုးနဲ့သွားကို ခိုင်မာစေတဲ့ ကယ်လ်စီယမ် ရရှိနိုင်တယ်။ ဒိန်ချဉ်ရှစ်အောင်စသောက်သုံးပေးရင် တစ်နေ့တာလိုအပ်တဲ့ ကယ်လ်စီယမ်ရဲ့(၄၅%)ရရှိနိုင်ပါတယ်။

တရုတ်နံနံစားသုံးတာက  သွေးတိုးရောဂါမဖြစ်အောင်၊ ခန္ဓာကိုယ်အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းထားပေးနိုင်ပါတယ်။ တရုတ်နံနံကအဝလွန်ခြင်း ထိန်းပေးပါတယ်။

စွပ်ပြုတ်တစ်ခွက်မှာ ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တဲ့ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ အသီးအရွက်၊ အသား၊ ငါး စတဲ့အာဟာရပြည့်စုံအောင်ပြုလုပ်ပြီး စီမံချက်ပြုတ်ထားရင် ကျန်းမာရေးနဲ့အထူးသင့်တော်ကာ အဝလွန်ခြင်း၊ ဆီးချိုသွေးချို၊ နှလုံးသွေးကြောရောဂါများ၊ လေဖြတ်ခြင်းတို့ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်ဖြစ်သလိုလုပ်စွပ်ပြုတ် အစားစနစ်တကျ စီမံချက်ပြုတ်ထားတဲ့ စွပ်ပြုတ်စားဖွယ်က ကျန်းမာရေးနဲ့ အထူးသင့်တော်ပါတယ်။ ။

ဒေါက်တာလွင်သန့်