ရှေးပညာရှင်များအဆက်ဆက်က ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်ဟူသောသတိပေးစကားရပ်ဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်းကြရန် သွန်သင်ပြသခဲ့ကြသည်။ မြန်မာတို့သည် ယဉ်ကျေးသိမ်မွေ့သော လူမျိုးများဖြစ်သည်ဟု အစဉ်တစိုက် မှတ်တမ်းတင်ခဲ့ကြသည်။ ဂုဏ်ယူခဲ့ကြသည်။ ဂုဏ်ယူဖွယ်ကောင်း လောက်အောင်ပင် မြန်မာတို့သည် ယဉ်ကျေးမှု မြင့်မားခဲ့သည်။ အမှန်အားဖြင့် မြန်မာတို့၏ ယဉ်ကျေးမှု ဆိုသည်မှာ ဗုဒ္ဓယဉ်ကျေးမှုဟူ၍ပင် ခေါ်ဆိုထိုက်ပါသည်။ ယဉ်ကျေးမှုဆိုသည်မှာ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း ဟူ၍ အဘိဓာန်တွင် ဖွင့်ဆိုထားပါသည်။
ပုဂံခေတ် ဗုဒ္ဓကိုးကွယ်မှုကို အခြေပြုခဲ့ရာမှ အင်းဝခေတ်စာဆိုများသည် စာပေ၊ ပျို့၊ လင်္ကာဖြင့် ဗုဒ္ဓဖြစ်စဉ်များကို ရေးဖွဲ့ကာ မြန်မာစာပေယဉ်ကျေးမှုကို အခြေခိုင်အောင် အုတ်မြစ်ချခဲ့သည်မှာ ယနေ့ခေတ်တိုင် အောင်ပင်ဖြစ်သည်။ ဇာတ်ငါးရာ့ငါးဆယ်၊ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓသာသနာအဆုံးအမတို့ကို မြန်မာလူပညာရှိ၊ ရဟန်းပညာရှိတို့က ပြုစုကာ ဗုဒ္ဓယဉ်ကျေးမှုထုံးတမ်းများကို အမွေအဖြစ်ပေးခဲ့ကြပါသည်။
ဗုဒ္ဓစာပေကို အခြေခံ၍ အနေအထိုင်၊ အပြောအဆို၊ လူမှုဆက်ဆံရေး၊ ယဉ်ကျေးမှုများ၊ သိင်္ဂါလောဝါဒသုတ်ကဲ့သို့ လူ့ကျင့်ဝတ်များ၊ မင်္ဂလသုတ်ကဲ့သို့သောပေါင်းသင်းဆက်ဆံရေး၊ နေထိုင်ရေး၊ ပညာရေး၊ စိတ်ထားတတ်ရေး၊ သည်းခံရေး၊ ခြိုးခြံရေး စသောမင်္ဂလာတရားများသည် မြန်မာတို့၏အသည်းနှလုံးတွင် အစဉ်အမြဲ စွဲထင်ကိန်းအောင်းလျက်ရှိသော ယဉ်ကျေးမှုတရားတော်များပင် ဖြစ်ပါသည်။
ဗုဒ္ဓဝါဒ၏ အကျင့်စရိုက်ဆိုင်ရာ ငါးပါးသီလ၊ ဆယ်ပါးသီလတို့ကို ခါးဝတ်ပုဆိုးကိုမြဲမြံစွာဝတ်ဆင်သကဲ့သို့ ကျင့်ကြံကြရမည်။ ထို့နည်းတူစွာ မြန်မာတို့၏ ကိုယ်၊ နှုတ်၊ စိတ်ယဉ်ကျေးမှုတို့ကိုလည်း ကျင့်ကြံကြရမည်ဟု ဆရာတော်၊ သံဃာတော်များ၊ ဆရာ၊ ဆရာမများက သွန်သင်ဆုံးမကြသည်။ မြန်မာနိုင်ငံသည် ဘာသာမတူသူတို့၏ လွှမ်းမိုးအုပ်ချုပ်ခြင်းကို နှစ်ပေါင်းတစ်ရာကျော် တိုင်ခံခဲ့ရသည်။ ပြည်ပမှအခြားသော ဘာသာများ ဝင်ရောက်လာခြင်း၊ အသွင်မတူသောယဉ်ကျေးမှုတို့ သွတ်သွင်းလာခြင်းများကို ခံခဲ့ရသော်လည်း ထိုအချိန်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) ကဲ့သို့ အမျိုးသားရေးဦးဆောင် အသင်းမျိုး ပေါ်ပေါက်လာခြင်း၊ ရဟန်းသံဃာတော်များက ဘာသာသာသနာကိုစောင့်ရှောက်ထားနိုင်ခြင်းတို့ကြောင့် မြန်မာတို့၏ ယဉ်ကျေးမှုမှာ နိမ့်ပါးသွားခြင်းအလျဉ်းမရှိသလို ကွယ်ပျောက်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ အမျိုးဘာသာ သာသနာအတွက် အသက်စွန့်ကြရန်ဟူသော မျိုးချစ်စိတ်ဓာတ်သည်လည်း ဆင့်ပွားပေါက်ဖွားခဲ့ရပေသည်။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်နေသည်ဟု ဆိုရာတွင် စစ်တိုက်ခြင်းတစ်ခုတည်းသာ ကာကွယ်နေခြင်း မဟုတ်ပေ။ မြန်မာတို့၏ ယဉ်ကျေးမှုကိုလည်း ကာကွယ်လျက်ရှိပါသည်။ ကာကွယ်နေရပါသည်ဟု ဆိုလျှင် တပ်မတော်အကြောင်းနက်နက်နဲနဲ မသိသူများက ယုံမှားသံသယဝင်နေပေလိမ့်မည်။ တပ်မတော်သားတိုင်း လိုက်နာကျင့်ကြံရသော ကျင့်ဝတ်ခြောက်ဆယ်တွင် ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးပြေပြစ်ပါစေ၊ ပြည်သူလူထု၏ ဘာသာအယူဝါဒယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားပါ ဟူသော ကျင့်ဝတ်များရှိပါသည်။ ထိုကျင့်ဝတ်များအတိုင်း လိုက်နာကြရသည်။
မြန်မာ့ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာတို့သည် ကိုလိုနီခေတ်တွင်ပင်ပျက်ယွင်းခြင်း မရှိခဲ့သော်လည်း ခေတ်ရေစီးကြောင်းများအရ တစ်စတစ် စပျက်စီးလာခဲ့သည်။ သားသမီးတို့ကို မွေးဖွားပေးသော မိဘတို့ကိုပင် မိဘမှန်းမသိသော လူငယ်လူရွယ်တို့ ပေါ်ပေါက်လာခဲ့သည်။ လူလူချင်းတန်းညှိခြင်းကို မပြောလိုသော်လည်း လောဘ၊ ဒေါသ၊ မောဟကင်းကွာ၊ တဏှာကာမ၊ ကိလေသာနှင့် ရာဂအမိုက်နှစ်ခြိုက်မပျော်၊ ရဟန်းတော်တို့နှင့် အခြားသောဘာသာဝင်လူသားတို့အား တန်ဖိုးချင်းအတူတူဟု သတ်မှတ်ခြင်းမျိုးသည် နှစ်လိုဖွယ်မကောင်းပေ။ မြန်မာ့ယဉ်ကျေးမှုတွင် ဘုရား၊ တရား၊ သံဃာတို့သည် တုနှိုင်းဖွယ်မရှိသော အမြင့်မြတ်ဆုံးဖြစ်သည်။
ထိုယဉ်ကျေးမှုတို့ပျက်စီးလာသည်ဟုဆိုနိုင်သည်။
ထိုယဉ်ကျေးမှုပျက်စီးခြင်း၏ အကျိုးဆက်မှာ PDF အမည်ခံအကြမ်းဖက် အဖွဲ့အစည်းပေါ်လာပြီး ဘုရားစေတီများကို မီးရှို့ဖျက်ဆီးခြင်း၊ ထိုလုပ်ဆောင်မှုကို ဂုဏ်ယူစွာ လူမှုကွန်ရက်တွင် လွှင့်တင်ခြင်း၊ ဘုန်းတော်ကြီးဓာတ်ပုံကို ထဘီနှင့်ကပ်ကာ အလံသဖွယ်လွှင့်ထူခြင်းတို့ ပြုလုပ်လာသည်။ ထေရ်ကြီးဝါကြီး ဆရာတော်သံဃာတော်များကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သည်။ မိမိအားစာသင်ပေးသူဆရာကြီး၊ ဆရာမကြီးများကို ပစ်ခတ်သတ်ဖြတ်သည်။ အပြစ်မဲ့ပြည်သူများနှင့်ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ဝန်ထမ်းများကို အကြောင်းမဲ့သတ်ဖြတ်သည်။
ထို့ပြင် အများပြည်သူအကျိုးစီးပွားအတွက် တည်ဆောက်ပေးထားသော လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အား ဆက်သွယ်ပေးသည့် တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေးရုံများ၊ ဆေးရုံများ၊ ကျောင်းများကို လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် မိုင်းခွဲမီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်သည်မှာ ရွံရှာဖွယ်ကောင်းသော အဖျက်လုပ်ရပ်များ ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော လုပ်ရပ်များဖြစ်သည်။ NUG၊ CRPH တို့သည် မြန်မာ့မြေတွင် ရပ်တည်နိုင်ခြင်းမရှိဘဲ ပြည်ပတွင်ခိုလှုံကာ PDF အမည်ခံအကြမ်းဖက် လူငယ်များကို ခိုင်းစေနေခြင်းမှာ ဒီမိုကရေစီမဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်ရေးကို ရှေးရှုလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။