ယခုနှစ်ဇန်နဝါရီလမှ သြဂုတ်လအထိ စည်းကမ်းချိုးဖောက်သည့် ယာဉ်များကို Viber  မှတစ်ဆင့် တိုင်ကြားမှု ၂၀၀၀ ကျော်ရှိ

ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ စည်းကမ်းချိုးဖောက်သည့် ယာဉ်များကို Viber မှတစ်ဆင့် တိုင်ကြားမှုပေါင်း ၂၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂)    ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယရဲမှူး   ဆန်းဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တိုင်ကြားမှုများတွင် ရန်ကုန်မြို့အတွင်း မောင်းနှင်နေသော စည်းကမ်းချိုးဖောက်သည့်ယာဉ်များကို  Online  Call Center ၏ Viber  ဖုန်းနံပါတ်မှတစ်ဆင့် ဓာတ်ပုံနှင့်တကွ  တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အများဆုံးတိုင်ကြားခံရသည့် ယာဉ်များမှာ လူစီးယာဉ်နှင့် အငှားယာဉ်များဖြစ်ကြောင်း သိရသည်။

“ယာဉ်နှစ်ထပ်ရပ်တာတို့၊ လမ်းကြောင်း ပြောင်းပြန်မောင်းတာတို့ကို   အများဆုံး တိုင်ကြားကြတယ်။ သြဂုတ်လအထိတော့ တိုင်ကြားမှု ၂၁၀၈ မှုအထိရှိတယ်” ဟု ဒုတိယရဲမှူး ဆန်းဦးကပြောသည်။

ရန်ကုန်မြို့အတွင်း မောင်းနှင်နေသော လိုင်စင်မဲ့ယာဉ်များအပါအဝင် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို   Online Call Center ၏ Viber ဖုန်း-၀၉-၇၇၇- ၄၃၆၂၃၂၊  ၀၉-၇၇၇၄၃၆၂၃၃ နှင့်  ၀၉-၇၇၇၄၃၆၂၃၄  တို့သို့  နေရာ၊  အချိန်၊ နေ့ရက်နှင့် နံပါတ်ထင်ရှားသည့်ဓာတ်ပုံ  နှင့်တကွ ပေးပို့တိုင်ကြားရမည် ဖြစ်ကြောင်း သိရသည်။

ကျော်ကို