ပညာတတ်များပေါကြွယ်ရေး
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဧပြီ ၂ ရက်)
မြန်မာနိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိသည့် နိုင်ငံဖြစ်သည်။ ပညာတတ်များ ပေါကြွယ်ဝခြင်းသည် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းဖြစ်သည်ဟူ၍ နိုင်ငံတော်အကြီးအကဲက မိန့်ဆိုထားသည်။ ထိုသို့မိန့်ဆိုထားခြင်းနှင့် အတူ နိုင်ငံအတွင်းပညာတတ်များ ပေါများလာအောင် ပညာရေးကို အထူးအလေးထား လုပ်ဆောင်ပေးလျက် ရှိသည်။ ပညာတတ်မှ အသိဉာဏ်ဗဟုသုတကြွယ်ဝပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိပေလိမ့်မည်။ ပညာတတ်များလေလေ နိုင်ငံဖွံ့ဖြိုး တိုးတက်လေဖြစ်ပေမည်။
ဖွံ့ဖြိုးပြီးနိုင်ငံများကို လေ့လာကြည့်လျှင် ပညာတတ်ပေါများခြင်းသည် အကြောင်းတစ်ချက်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်သည့်အတွက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အထူးအလေးထား လုပ်ဆောင်လျက်ရှိသည်။ ကျန်းမာမှ ပညာသင်နိုင်မည်ဖြစ်၍ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း အလေးထား ဆောင်ရွက်ပေးနေသလို ပညာရည်မြင့်မားရေး အတွက် ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ကြားခွင့်ရှိစေရေး စီစဉ်ပေးလျက်ရှိသည်။ အခမဲ့မသင်မနေရ မူလတန်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် လည်းကောင်း၊ အလယ်တန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် လည်းကောင်း၊ အထက်တန်းကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် လည်းကောင်း စတင်၍ပြဋ္ဌာန်းပေးခဲ့ပြီး ကျောင်းဝင်ကြေးနှင့် ကျောင်းလခများ အခမဲ့အပြင် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ထောက်ပံ့ကြေး၊ (ကျပ် ၁၀၀၀) စသည်တို့ကိုပါ အခမဲ့ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများကို ကျောင်းပြင်ပပညာရေး စနစ်ဖြင့် သင်ကြားမှုများ ပြုလုပ်ပေးထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အချိန်နှင့်အမျှ ပညာရေး တိုးတက်မြင့်မားရေးကို လမ်းညွှန်လျက်ရှိသည်။ နိုင်ငံတော် တာဝန်စတင်ထမ်းဆောင်ချိန်၌ စာသင်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် နိုင်ငံရေး အခြေအနေများကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကြောင့် ပြန်လည်ပိတ်ထားခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ၁ ရာခိုင်နှုန်းထိ ကျသွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်ပေးနိုင်ခဲ့ပြီး မတ်လကုန်အတွင်း စာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက် ပေးထားပြီးဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၃/၂၀၂၂) တွင် အမှာစကား ပြောကြားရာ၌ “ ကျွန်တော်တို့နိုင်ငံ ပညာရေးနဲ့ ပတ်သက်ရင် မပြင်လို့မရဘူး။ အားမပေးလို့ မရဘူး။ ဒါကကျွန်တော်တို့ သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်မှရမယ်။ အနာဂတ်နိုင်ငံတော်ဟာ ကျွန်တော်တို့သွားချင်တဲ့ ဒီမိုကရေစီဟာ ပညာတတ်တွေပေါကြွယ်ဝမှသာ ဒီမိုကရေစီဆိုတာလည်း အဓိပ္ပာယ်ရှိမှာ။ တိုင်းပြည်တိုးတက်ဖို့ ဆိုတာကလည်း ပညာတတ်တွေရှိမှပဲ စိတ်ချရလိမ့်မယ်။ ဒါကြောင့် ပညာရေးဟာ တိုင်းပြည်တိုးတက်ရေး အတွက်ရော၊ ဒီမိုကရေစီ အရေးအတွက်ရော၊ တိုင်းပြည်အတွက်အဓိက ကျတာကိုတွေ့ရပါတယ်။ ပညာရေး မူဝါဒဟာမဖြစ်မနေ ချမှတ်ပြီးဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို သွားတွေ့ပါတယ် ”ဟူ၍ ပညာရေးကဏ္ဍ တိုးတက်ရေးကို အလေးထား ပြောကြားခဲ့ပါသည်။
လက်ရှိပညာရေးစနစ်မှာ KG+9 ဖြစ်ပြီး မူလတန်းက ငါးနှစ်၊ အလယ်တန်းက လေးနှစ်၊ အထက်တန်းက သုံးနှစ်ဖြစ်သည်။ နိုင်ငံသားအားလုံးသည် အလယ်တန်းအဆင့် သင်ယူတတ်မြောက်ပြီးသူများ ဖြစ်ရပေမည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးတွင် ငွေကြေးများစွာ သုံးစွဲလျက်ရှိသည်။ ထို့ပြင် ဆရာ၊ ဆရာမများပညာရေး တာဝန်ထမ်းဆောင်သူများအတွက် အာမခံချက်ရှိရေးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ပညာရေးနှင့် ပတ်သက်၍ တက္ကသိုလ်ပညာရပ်သည် အတန်းပညာ တစ်ခုတည်းကိုသာမက လူမှုဆက်ဆံရေးအတွက်ပါ အတွေ့အကြုံရရှိစေရန် မိမိတို့ဘဝရပ်တည်မှုအတွက် သင်ကြားလေ့ကျင့် ပေးနေခြင်းဖြစ်သည်။
ဒီမိုကရေစီအတွက် အထောက်အကူဖြစ်စေရန် စီးပွားရေး ပညာရပ်များနှင့် ဥပဒေပညာရပ်များ ထည့်သွင်းသင်ကြားပေးခြင်းမှာ စီးပွားရေးအမြင်ရှိရန်နှင့် ဥပဒေအမြင်ရှိရန်အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ဆေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်သင်ကြားခဲ့သူ အရေအတွက်မှာ များပြားလှသော်လည်း ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်မှုမှာ နည်းပါးလှသည်။ ထို့ကြောင့် လာမည့် ပညာသင်နှစ်များတွင် ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်တို့တွင်သင်ကြားသူများကို နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်မည်ဆိုပါက အခမဲ့ပညာရေး စနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံတော်တာဝန်အား ထမ်းဆောင်လိုခြင်း မရှိသူများအနေဖြင့် ထိုက်သင့်သည့် အခကြေးငွေများ ပေးသွင်းရမည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်ကပညာရေးကို အထူးဦးစားပေး ဆောင်ရွက်နေချိန်တွင် လူငယ်လူရွယ်တိုင်းက မိမိတို့ဘဝကိုမြင့်မား တိုးတက်စေရေးအတွက် ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ကြားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။