စီးပွားရေး တိုးတက်မှုနှင့်ကြွယ်ဝချမ်းသာမှုအပေါ် ခြိမ်းခြောက်နေသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်ကို မည်သို့ လျှော့ချမည်နည်း
အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနှင့် ဗဟိုအာရှဒေသတို့သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်နွှယ်နေသည့် သဘာဝကပ်ဘေးအန္တရာယ်များနှင့် ပိုမိုရင်ဆိုင်ရဖွယ်ရှိသောကြောင့် ယင်းဒေသများ၏ စီးပွားရေးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှု အပေါ် ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။
တစ်နည်းအားဖြင့်ဆိုရပါမူ အရှေ့အလယ်ပိုင်းဒေသနှင့် ဗဟိုအာရှဒေသတို့သည် ကမ္ဘာပေါ်ရှိ အခြားဒေသများထက် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝကပ်ဘေးများနှင့် ပိုမိုရင်ဆိုင်လာရဖွယ်ရှိသည်။
အဆိုပါဒေသများတွင် သဘာဝ ကပ်ဘေးများ ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူနှင့် နေအိမ်များကို စွန့်ခွာခဲ့ရသူဦးရေမှာ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ခုနစ်သန်းခန့် ရှိပြီး သေဆုံးသူဦးရေမှာ ၂၆၀၀ ကျော်သည့်အပြင် သဘာဝကပ်ဘေးများကြောင့် ဖြစ်ပွားခဲ့ရသည့် အပျက်အစီးများမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဘီလီယံခန့်ရှိသည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားသည့် သဘာဝကပ်ဘေးများတွင် မိုးခေါင်ရေရှားမှုများ၊ ရေကြီးမှုများ၊ သီးနှံများကို ဖျက်ဆီးတတ်သည့် ကျိုင်းကောင်များ ကျရောက်မှုတို့ ပါဝင်လျက်ရှိသည်ကိုတွေ့ရသည်။ မိုးခေါင်ရေရှားမှုများသည် များသောအားဖြင့် မြောက်အာဖရိက၊ ဆိုမာလီယာနှင့် အီရန်တို့ပါဝင်သည်။ စိုက်ပျိုးသီးနှံများကို ဖျက်ဆီးလေ့ရှိသော ကျိုင်းကောင်များ ကျရောက်မှုသည် အာဖရိက ဦးချိုဒေသတွင် မကြာခဏ ဆိုသလိုဖြစ်ပွားနေသည်ကိုတွေ့ရမည်ဖြစ်သည်။ အလားတူပင် ကော့ကေးဆပ်ဒေသနှင့် ဗဟိုအာရှဒေသတို့သည် ပြင်းထန်ဆိုးရွားသည့် ရေကြီးရေလျှံမှုများနှင့် ပိုမိုရင်ဆိုင်လာရပြီ ဖြစ်သည်။ ယင်းဒေသများတွင် ဖြစ်ပွားနေသည့် သဘာဝကပ်ဘေးများ၏ အဖျက်စွမ်းအားသည် ယခင်ကထက် ပိုမိုပြင်းထန် လာပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီးမှ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ္စတယ်လီနာဂျောဂျီဗာကပြောသည်။
အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့်ဗဟို အာရှဒေသတွင်းရှိ အပူချိန်သည် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ခန့် ပိုမိုမြင့်တက်လာခဲ့ကြောင်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို လေ့လာနေသည့် အကဲဖြတ်စိစစ်သူများကဆိုထားသည်ကို တွေ့ရသည်။ အဆိုပါ မြင့်တက်လာသည့်ပမာဏမှာ အခြားဒေသများနှင့်နှိုင်းယှဉ်ပါက စိတ်မချရသည့် အခြေအနေသို့ရောက်ရှိလာပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ထိုသို့ရာသီဥတု ပြောင်းလဲမှုကြောင့် ရာသီဥတုဆိုးရွားလာခြင်းသည် အဆိုပါဒေသများ အတွင်းရှိ နှစ်စဉ်တစ်ဦးချင်း စီးပွားရေး တိုးတက်မှုကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျှော့ချလျက်ရှိသည်။
ကော့ကေးဆပ်နှင့် ဗဟိုအာရှဒေသ များတွင်မူ ရာသီဥတုပြောင်းလဲမှုကြောင့် နောက်ဆက်တွဲဖြစ်ပွားသည့် သဘာဝ ကပ်ဘေးများသည် ယင်းဒေသအတွင်းမှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ ဂျီဒီပီပမာဏကို ၅ ဒသမ ၅ ရာခိုင်နှုန်း အထိ လျှော့ချလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သော အကြောင်းရင်းများကြောင့် ကမ္ဘာ့နိုင်ငံများအား ရာသီဥတု ပြောင်းလဲမှုကို အလိုက်သင့် ပြောင်းလဲနိုင်ရေးအတွက် လုပ်ဆောင်ကြရန် ကျွမ်းကျင်သူများက အဆိုပါနိုင်ငံများအား တိုက်တွန်း နေခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်သည့် ကုန်ပစ္စည်းများအပေါ် ဈေးနှုန်းများ တိုးမြှင့်ကောက်ခံရန်၊ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ကြရန်တောင်းဆိုနေခြင်းဖြစ်သည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းရှိ ရေနံအဓိက ထုတ်လုပ်နေသည့် နိုင်ငံကြီး တစ်နိုင်ငံဖြစ်သည့် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး) နိုင်ငံသည်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်အသုံးပြုနိုင်ရေး အတွက် ဒေါ်လာ ၁၆၀ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံသွားရန် ကတိပြုထားပြီးဖြစ်သည်။ အဆိုပါ ကတိကဝတ်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် နိုင်ငံအများအပြားမှ ကျွမ်းကျင်သူများက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။
အကြောင်းမှာ အာရပ်စော်ဘွားများ ပြည်ထောင်စု၏ အဆိုပါ ကတိကဝတ်သည် ၂၀၅၀ ပြည့်နှစ်ခန့်တွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထ ိလျှော့ချမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
အလားတူပင် အီဂျစ်နိုင်ငံသည် ယခုအခါ ခေတ်မီရေသွင်း စိုက်ပျိုးရေး နည်းပညာသစ်များ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံနေပြီဖြစ်သည်။ အကြောင်းမှာ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစီးပွားရေးမဟာဗျူဟာများချမှတ်ရာတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို အလိုက်သင့်ပြောင်းလဲနိုင်ရေးသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသောကြောင့်ပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် သဘာဝ ကပ်ဘေးဒဏ်ကို ခံနိုင်စွမ်းရှိပြီး ဒူပေနာပေခံနိုင်သည့် အခြေခံအဆောက်အဦများကို တည်ဆောက်ထားမည်ဆိုပါက ရေကြီးရေလျှံမှုနှင့် အခြားသဘာဝ ကပ်ဘေးများဖြစ်ပွားခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို အနည်းနှင့်အများဆိုသလို လျှော့ချနိုင်မည်ဖြစ်သည်။ လက်ရှိဖြစ်ပွားနေသည့် ရာသီဥတုပြောင်းလဲမှုကို ဆန်းစစ်မည်ဆိုပါက ယင်းဖြစ်စဉ်သည် သစ်တောများအပါအဝင် သဘာဝကမ္ဘာမြေကြီးအား ဆိုးဆိုးရွားရွား ပျက်စီးစေလျက်ရှိသည်ကို တွေ့ရသည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည့် မိုးခေါင်ရေရှားမှုသည် နိုင်ငံအများ အပြားတွင် အစာရေစာ ရှားပါးမှုကိုဖြစ်ပေါ်စေနိုင်သည့်အပြင် လူသားချင်း စာနာမှုဆိုင်ရာ ဘေးဒုက္ခများကိုပါ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် မော်ရိုကိုနိုင်ငံသည် နိုင်ငံအတွင်းသို့ ပေးပို့နေသည့် သောက်သုံးရေ ဖြန့်ချိရေးဆိုင်ရာ အခြေခံအဆောက်အဦ များ ဒူပေနာပေ ခံနိုင်ရေးအတွက် တိုးမြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ယင်းနိုင်ငံအနေဖြင့် တစ်ဦးချင်း ဝင်ငွေလျော့ကျမှုကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီဖြစ်သည်။
ထို့ကြောင့် ရာသီဥတု ပြောင်းလဲမှုကြောင့်နောက်ဆက်တွဲဖြစ်ပွားလာသည့် ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးအတွက် နိုင်ငံတစ်နိုင်ငံချင်းစီ အနေဖြင့် အခြေခံ အဆောက်အဦတည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများကို တစ်နှစ်လျှင် ဂျီဒီပီပမာဏ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းခန့်ကို လာမည့်ဆယ်စုနှစ်ကျော်အတွင်း လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ကျွမ်းကျင်သူများက ထောက်ပြပြောဆို ထားခြင်းဖြစ်သည်။
သို့သော် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက် အရင်းအမြစ်များ ရှားပါးပြတ်လပ်မှုများကြောင့် အဆိုပါနိုင်ငံများ အနေဖြင့် ပြည်တွင်းရှိ မူဝါဒများကို ပြုပြင်ပြောင်းလဲနိုင်မှသာ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဗဟိုအာရှဒေသတွင်း နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ အနေဖြင့် စီးပွားရေးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုအပေါ် ခြိမ်းခြောက်နေသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်ကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
Ref: ST
မောင်ယုယ