တန်ခူးလနှင့် ဆေးဖက်ဝင် ငုရွှေဝါ
တန်ခူးလသည် မြန်မာတို့၏ နှစ်ဦးအစ ထူးခြားသော လထူးလမြတ်ဖြစ်ပါသည်။ ဤတန်ခူးလတွင် မြန်မာတို့၏ သင်္ကြန်ပွဲတော်နှင့်အတူ ချစ်စရာကောင်းသော ပိတောက်ပန်း၊ ကံ့ကော်ပန်း၊ ငုပန်းနှင့် ရင်ခတ်ပန်းတို့က အလှချင်းဆိုင်လျက် အပြိုင်ပွင့်ကြသည်။ ထူးခြားသည် မှာ တန်ခူးလတွင်ပွင့်သောပန်းများ အားလုံးက ရွှေဝါရောင်ဖြစ်ကြသည်။ ထို့ကြောင့် “ ရွှေမြန်မာ ”ဟူသော အမည်ဖြင့် လိုက်ဖက်လှပေသည်။ ရင်ခတ်ပန်းက အဖြူမျိုးလည်းရှိတတ်ပြီး အဝါမျိုးကို အများဆုံးတွေ့ရသည်။ တန်ခူးလကို စွယ်တော်ပန်းလေးများကလည်း အားဖြည့်ပေးထားသည်။ သို့သော် စွယ်တော်ပန်းပင်၏ သဘာဝအရ အဝါရောင်မပွင့်ဘဲ အဖြူရောင်၊ ခရမ်းဖျော့ရောင်၊ ပန်းခရမ်းရောင်ဖြစ်သည်။
ချစ်စရာငုရွှေဝါ
ဤဆောင်းပါးအတွက် စာရေးသူက ငုပန်းပင်လေးများ အကြောင်းကို တခမ်းတနား ရေးသားဖော်ပြလိုပါသည်။ တန်ခူးလသင်္ကြန်ရောက်ပြီဆိုသည်နှင့် ပိတောက်ပန်းနှင့် ကံ့ကော်ပန်းတို့ကို ဦးဦးဖျားဖျား ဘုရားကပ်လှူခြင်း၊ အမျိုးသမီးများ ဆံကေသာထက် ပန်ဆင်ခြင်းဖြင့် မြတ်မြတ်နိုးနိုးရှိကြသည်။ ရွှေဝါရောင် ပိတောက်ပန်း မွှေးမွှေးလေးကို ခေတ်အဆက်ဆက်စာဆို အကျော်အမော်တို့က ရတု၊ ကဗျာများဖြင့် ဖွဲ့နွဲ့သီကုံးကြသလို ပွင့်ချပ်ဖြူဖြူ ရွှေဝတ်ဆံဝါဝါကလေးဖြင့် သင်းကြိုင်လှသော ကံ့ကော်ပန်း ကလေးများကိုလည်း မြန်မာတို့၏ ၁၂ လ ရာသီပန်း၊ နန်းတွင်းသူများ တယုတယပန်ဆင်သည့် တော်ဝင်ပန်းအဖြစ် မြန်မာ့စာပေတွင် မှတ်တမ်းတင်ခဲ့ကြသည်။
သို့သော် ငုရွှေဝါပန်း ကလေးများကိုမူ မည်သူကမျှ အရေးတယူ ဘုရားတင်ခြင်း၊ ထွေးပွေ့ပန်ဆင်ခြင်း မလုပ်ကြပေ။ ကျေးလက်တောသူ တချို့တလေမျှသာ ခေါင်းတွင်ပန်ဆင်မှုပြုကြသော်လည်း မရှိသလောက် ရှားသည်။ ရွှေဝါရောင်ပန်းချင်း အတူတူ ငုပန်းလေးများ ဂုဏ်ငယ်ရခြင်းမှာ လှပသော အဆင်းသာရှိပြီး သင်းပျံ့မွှေးရနံ့မပါသော အချင်းမရှိသောကြောင့်ဟု ဆိုကြပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ငုရွှေဝါပန်းလေးများသည် ကြံ့ခိုင်သောစိတ်ကို မွေးမြူကာ ရွှေရည်ရွှေသွေးတို့ကို လိမ်းခြယ်လျက် တန်ခူးလတစ်လလုံး နွေပူပူမှာ မညှိုးတမ်း မနွမ်းတမ်း ပွင့်ကြရှာသည်။ ပိတောက်ပန်းက နေ့မွန်းတည့်သည်နှင့် ညှိုးရော်ကြွေကျကုန်ပြီး ကံ့ကော်ပွင့်မှာလည်း တစ်ရက်နှစ်ရက်သာ အပင်တွင်ခံပြီးနောက် ကြွေကျကုန်သည်။ ငုပန်းကတော့ ထိုသို့မဟုတ်ပေ။ ထို့ကြောင့် ချစ်စရာကောင်းသည့် ငုပန်းလေးများ အကြောင်းကို စာရေးသူက မှတ်တမ်းတင် ရေးသားရခြင်းဖြစ်ပါသည်။
ငုပန်းအကြောင်း သိကောင်းစရာ
ငုပင်သည် စိန်ပန်းမျိုးရင်း (Caesalpiniaceae) ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Cassia fistula Linn ဖြစ်သည်။ အင်္ဂလိပ်လို Golden Shower Flower ဟုလည်းကောင်း၊ Pudding Pipe Tree, Purging Cassia ဟုလည်းကောင်း အမျိုးမျိုးခေါ်ကြသည်။
မြန်မာလို ငုပင်၊ ငုရွှေပင်၊ ဒီဃဖလ အသီးပင်ဟုလည်းခေါ်သည်။ ပင်လတ်မျိုးဖြစ်ကာ ပေ ၃၀ ထိမြင့်သည်။ လုံးပတ် ၃ ပေမှ ၅ ပေအထိရှိသည်။ အကိုင်းများမာ၍ တောင့်တင်းသည်။ အခေါက်က အပင်ငယ်စဉ်ချောမွတ်၍ အပင်ကြီးသော်ကြမ်းလာသည်။ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ အရွက်က ၁ ပေ သို့မဟုတ် ၁ ပေကျော်ကျော်ရှည်သည်။ ရွက်မြွှာ ၅ - ၇ စုံထိပါရှိ၍ မျက်နှာချင်းဆိုင်ထွက်သည်။ ပျမ်းမျှ ၁ - ၆ လက်မထိ ရှည်သည်။ ရှည်မျောမျောဘဲဥပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်ကြောများထင်ရှားသည်။ အရွက်အောက်မျက်နှာပြင်၌ အမွေးနုကလေးများပါရှိသည်။ ရွက်နားညီပြီး လှိုင်းအနည်းငယ် တွန့်သည်။
ငုပင်အမျိုးအစားသုံးမျိုးရှိသည်။ ၎င်းတို့မှာ ငုကြီး ခေါ် ဖွားဖက်၊ ငုရွှေ ခေါ် ငုစပ်နှင့် ငုသိမ်တို့ဖြစ်ကြသည်။
ငုကြီး ခေါ် ဖွားဖက်သည် အမပင်ဖြစ်ပြီး ငုရွှေ ခေါ် ငုစပ်သည် အဖိုပင်ဖြစ်သည်။ ငုကြီးပင်က ငုရွှေ၊ ငုသိန်တို့ထက်ပို၍အပင်ကြီးထွားသည်။ သို့သော် ငုကြီးခေါ်ဖွားဖက် တစ်မျိုးတည်းကိုသာ တိုင်းရင်းရိုးရာ ဆေးနည်းဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုကြသည်။ ငုပင်တို့သည် မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်ရောက်သည်။ ပူပြင်းစိုစွတ်သော ရာသီဥတုမျိုးကို နှစ်သက်သော်လည်း ပူပြင်းခြောက်သွေ့သော ဥတုမျိုး၌လည်း ဖြစ်ထွန်းသည်။ အမြင့်ပေ ၄၀၀၀ အထိစိုက်ပျိုး ပေါက်ရောက်နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်ကာ ပန်းဥယျာဉ်တို့၌လည်း အလှစိုက်ပျိုးကြသည်။ အပွင့်သည် ရွှေဝါရောင်ရှိကာ အခိုင်လိုက်ပွင့်၍အပွင့်ကြီးသည်။
ပွင့်ခိုင် ၁ ပေကျော်ရှည်သည်။ တန်ခူး၊ ကဆုန်လတို့တွင် ပွင့်သည်။ အသီးတောင့်က ၁ ပေ သို့မဟုတ် ၁ ပေခွဲခန့်ရှည်သည်။ မှည့်လျှင် အရောင်နက်လာသည်။ ဆောင်းရာသီတွင် အသီးမှည့်သည်။ အသီးအနှစ်သည် ချိုသက်သက်အရသာရှိသည်။
ငုပန်းပင်နှင့်ကျန်းမာရေး
ပဉ္စငါးပါး (အမြစ်၊ အခေါက်၊ အသီးအနှစ်၊ အပွင့်၊ အရွက်)အားလုံးဆေးဖက်ဝင်သည်။ မြန်မာ့ဆေးကျမ်းများတွင် “ ငုနှစ် ”ဟုဖော်ပြလျှင် ငုအသီး၏ အတွင်းမှအနှစ်များကို ထည့်သွင်းဖော်စပ်ရသည်။ ဆေးအမည်တို့၌ “ဖွားဖက် ”ဟုဖော်ပြလျှင် အပွင့်ပွင့်သောငုကြီးပင်၏ အခေါက်ကို ဆိုလိုခြင်းဖြစ်ပါသည်။ မြန်မာ့ဆေးကျမ်းများ အလိုအရ အသီးသည် ချိုသက်သက်ဖြစ်၏။ လေး၏။ ဝမ်းကို စင်ကြယ်စေ၏။ အရွက်သည် နူးညံ့စွာ ဝမ်းသက်စေ၏။ အပွင့်သည်အေး၏။ ခါး၏။ ဖန်၏။ အနှစ်သည် ချို၏။
ဝမ်းသက်စေ၏။ လေ၊ သည်းခြေကိုနိုင်၏။ အသီးသည် နှုတ်မြိန်စေ၏။ နူနာကိုပယ်တတ်၏။ သလိပ်ကိုနိုင်၏ဟု ဖော်ပြထားပါသည်။
-ပဉ္စငါးပါး လုံးကို ရေနှင့် သွေးလိမ်းပါက ပွေးနာ၊ ဝဲခြောက်နှင့် သွေးဆိုးခြင်းကြောင့်ဖြစ်သော အရေပြားရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည်။
-ရေယုန်ကြီးနာအတွက် အရွက်ကိုကြိတ်၍ ရသောအရည်ဖြင့် လိမ်းကျံပေးပါ။ အနာဆွေး၊ အနာပုပ်များအတွက်ကိုလည်း အရွက် ကြိတ်ရည်လိမ်းပေးခြင်းဖြင့် အနာပေါက်၊ အသားနုတက်၍ ပျောက်ကင်းစေပါသည်။
-အဆစ်အမျက် ရောင်ရမ်းခြင်းအတွက် အရွက်ကိုပူအောင်လုပ်၍ ကြပ်ထုပ်ထိုးပေးပါ။
-နူနာနှင့်အရေပြားရောဂါများ အတွက် အရွက်ကိုရှလကာရည်နှင့် ကျောက်ပျဉ်တွင်ကြိတ်ပြီး ထိုကြိတ်ရည်ဖြင့် အသားထဲစိမ့်ဝင်အောင်လိမ်းပေးပါ။
-ဝမ်းချုပ်ပါက အရွက်နု ၃ ရွက်၊ ၄ ရွက်ကို ရေဆေး၍ ထမင်းဖြင့်စားပါ သို့မဟုတ်ဟင်းချိုချက်သောက်ပါ သို့မဟုတ် မီးမြှိုက်၍ စားပါ။
-ငုပွင့်ကိုပြုတ်၍ တို့စားပါက ဝမ်းပျော့ပျော့သွားစေသည်။
-ငုပင်၏ အသီးတောင့်ကို ခူးယူပြီး ၎င်းအသီး တောင့်ထဲရှိ အစေ့သုံးစေ့ကို ထုတ်၍ ညအိပ်ခါနီး ဝါးစားပြီး ရေသောက်လိုက်ရုံမျှဖြင့် နံနက် အိပ်ရာထ ရှောရှောရှူရှူ ဝမ်းသက်စေပါသည်။ ဘေးထွက်ဆိုးကျိုးမရှိ သဘာ၀ ၀မ်းနုတ်ဆေးသဖွယ် အားကိုးထိုက်ပါသည်။
-မန်ကျည်းမှည့်နှစ် ၂ ပဲသားနှင့် ငုနှစ်(ငုအသီး၏ အတွင်းမှအနှစ်များ) ၂ ပဲသားတို့ကို ဆတူရော ၍ ညဦးပိုင်းတွင်ရေစိမ်ပြီး ၎င်းအရည်ကို ညအိပ်ရာဝင် ရေစစ်သောက် ပေးပါက နံနက်၌ ဝမ်းကောင်းစွာသက်ပြီး ဝမ်းချုပ်ရောဂါ ပျောက်သည်။ စမြင်းရောဂါလည်း ပျောက်ကင်းစေပါသည်။
-နားနှင့် ပတ်သက်သော နားရောဂါ အမျိုးမျိုးအတွက် ငုနှစ်ပြုတ်ရည်ကို နားထဲခတ်ထည့်ပေးပါ။
-ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုး လေအောင့်ခြင်း အတွက် ငုနှစ်ကို ကျောက်ပျဉ် ၌ ပျစ်ပျစ်သွေး၍ ကလေး၏ ချက်ပတ်လည်တွင် လူးပေးပါက ပျောက်ကင်းသည်။
-ကလေး၊ လူကြီး ဆီးအောင့်၊ ဆီးချုပ်လျှင် ငုသီး အတွင်းမှ အနှစ်ကိုခြစ်ယူပြီး ရေနှင့် ရောစပ်ကာ နေ့ဘက်တွင် ချက်ပတ်ဝန်းကျင်၌ လိမ်းပေးလျှင်သက်သာစေပါသည်။
-အရွက်ကို ရေသုံးခွက်တစ်ခွက်တင် ကျိုချက် သောက်ပါက ဆီးကျင်၊ ဆီးအောင့်၊ ဆီးချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါသည်။ကျောက်ကပ်မကောင်း၍ ဖောရောင်ခြင်းကိုလည်း သက်သာစေသည်။ (သို့သော် ရေခဲ ရေမသောက်ရ)
-ငုကြီးပင်အခေါက်ကို အမှုန့်ပြုပြီး အုန်းဆီဖြင့်ရောစပ်ကာ အရေပြား(ပွေး၊ ဝဲ၊ ညှင်း)တို့ကို နေ့စဉ်လိမ်းပေးပါက သက်သာစေပါသည်။
-အပင်မြစ်ကို နွားနို့ ၂ ကျပ်သားနှင့်ပြုတ်၍နံနက်တိုင်း ရေနွေးကြမ်းပန်းကန်တစ်လုံးခန့်သောက်ပေးသော် လေရောဂါပျောက်စေပါသည်။
-ငုပင်မြစ်ကို တူးယူပြီး နုပ်နုပ်စဉ်းကာ သုံးခွက် တစ်ခွက်တင်ပြုတ်၍ သကြားခတ်လျက် တစ်နေ့သုံးကြိမ် (မနက်၊ နေ့လယ်၊ ည) တို့တွင် လူကြီးအကြမ်းပန်းကန်တစ်လုံး၊ ကလေးဟင်းစားဇွန်းတစ်ဇွန်း သောက်ပေးပါက အသားဝါရောဂါ သက်သာစေပါသည်။
သဘာ၀ ဓမ္မဆရာတော်ကြီး စီမံတော်မူသော “ မြန်မာတို့၏ ရသာယန ဆေးလက်ဖက်ခြောက် (အစွမ်းထက်ခြောက်ပါး လက်ဖက်ခြောက်) ”ဖော်စပ်နည်းရှိပါ
သည်။ ငုကြီးပင်မှ မနုမရင့်အရွက်များ၊ လောက်သေရွက် မနုမရင့်များ၊ တရုတ်စံကား အကျော်အဖြူပွင့်များ၊ ဥနှဲရွက်မနုမရင့်များ၊ မြင်းခွာပင် ပÍ္စငါးပါး၊ ထိကရုံးပင် ပÍ္စငါးပါး စသည့်ဆေးဖက်ဝင်အစွမ်းထက်ခြောက်မျိုးကို လက်တစ်ဆုပ်စာစီ ဆတူရော၍ နေပူပူမှာအခြောက်လှန်းပါ။ ပြီးနောက် မတူးမချစ်အောင် မီးဖိုပေါ်တွင်လှော်ပြီး လက်ဖက်ခြောက်အစား ရေနွေးဆူဆူတွင် နေ့စဉ်ခတ်၍သောက်သုံးပါ။ သောက်သုံးခြင်းဖြင့် ဆီး ကောင်း၍ ကျောက်ကပ်ကိုအားရှိစေသည်။ ဝမ်းမှန်၍ ဝမ်းပျော့ပျော့သွားစေသည်။ လေသက်၍ လေတဖြူးဖြူး လည်မည်။ ချွေးတစိုစိုထွက်မည်။
အိန္ဒိယဆေးကျမ်းများတွင်လည်း ငုပင်နှင့်ပတ်သက်၍ ယခုလိုရေးသား ဖော်ပြထားကြောင်း လေ့လာသိရှိရပါသည်။ ငုပင်အရွက်က ဝမ်းသက်စေသော အစွမ်းအာနိသင်ရှိသည်။ ငုသီးအနှစ်က ဝမ်းသက်စေပြီး အပူအပုပ်၊ အခိုး၊ အကင်းများ စင်ကြယ်စေသည်။
ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များဝမ်းချုပ်ပါက ငုအသီး၏အတွင်းမှအနှစ်ကို စားခြင်းဖြင့် ဘေးဥပဒ် လုံးဝမဖြစ်စေဘဲ ဝမ်းမှန်၍လေသက်စေသည်။ နာတာရှည် ဝမ်းချုပ်ရောဂါရှိသူများက ငုအသီး၏အတွင်းမှအနှစ်ကို နှစ်သက်ရာ ဝမ်းနုတ်ဆေးတစ်ခုခုဖြင့် ရော၍ စားပေးပါ သို့မဟုတ် အသီးအနှစ်ကို ကော်ဖီထဲ ထည့်ဖျော်သောက်ပါ။
အချုပ်အားဖြင့်ဆိုသော် အပွင့်ပွင့်သော ငုကြီး ခေါ် ဖွားဖက်ပင်သည် မသေဆေးပင်များတွင် တစ်ပါးအပါအဝင်ဖြစ်ပါသည်။ မြန်မာတိုင်းရင်း ဆေးဆရာတို့ ရသာယန(အသက်ရှည်ဆေး) ဖော်စပ်ရာ၌ ငုကြီးပင်၏ အမြစ်ကို ဖော်စပ်လေ့ရှိကြသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ငုပန်းပင်သည် ကိုယ်ဝန်ဆောင် အပါအဝင် ကျား၊ မအရွယ်သုံးပါးမရွေး အတွက် ဘေးထွက်ဆိုးကျိုးကင်းကာ ဆေးဖက်ဝင်လှပါသည်။ သို့ပါ၍ သင်္ကြန်ကာလနှင့်အတူ တန်ခူးလတစ်လလုံးတွင် ပွင့်လေ့ရှိသော ဘုရားမတင်၊ မပန်ဆင်၊ အမေ့လျော့ခံ သနားစရာ ချစ်စရာကောင်းလှသည့် ငုရွှေဝါပန်းပင်အကြောင်းကို ကျန်းမာသုတရကြစေဖို့ ရေးသားမျှဝေ လိုက်ရပါသည်။ ။
ပေါက်ပေါက်