နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် The Asia Foundation ၊ International Institute for Democracy and Electoral Assistance(Internationl IDEA)တို့ပူးပေါင်းဆောင်ရွက်သည့် mVoter Mobile Application မိတ်ဆက်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အွန်လိုင်းမိတ်ဆက်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ The Asia Foundation ၊ International IDEA ၊ European Union နှင့် PopStack အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက အမှာစကားပြောကြားရာ၌ ယနေ့ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အင်တာနက်သုံးစွဲသူ ၂၂ သန်းခန့်ရှိပြီး မိုဘိုင်းလ်ဖုန်းသုံးစွဲသူ မဲဆန္ဒရှင်များအနေဖြင့် ယခု mVoter 2020 Application မှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုသည့် အချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်ကြောင်း၊ mVoter 2020 Application ကို ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်သည့်ပုံစံဖြစ်စေရန် တည်ဆောက်ထားသည်
ကို တွေ့ရှိရကြောင်း၊ ယခု mVoter 2020 Application တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ နိုင်ငံရေးပါတီမူဝါဒများ၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး မဲဆန္ဒရှင်များ မေးလေ့မေးထရှိသည့် မေးမြန်းချက်များနှင့် ဖြေကြားချက်များ၊ မဲပေးပုံပေးနည်း၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များ၊ ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သတင်းအချက်အလက်များ စသည်ဖြင့် ပါဝင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ The Asia Foundation အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Mark McDowell ၊ ဥရောပသမဂ္ဂသံရုံး သံရုံးယာယီတာဝန်ခံ Mr.Johann Hesse နှင့် မြန်မာနိုင်ငံဆိုင်ရာ International IDEA ရုံးအကြီးအကဲ Mr.Marcus Brand တို့က အသီးသီး ကျေးဇူးတင်စကား ပြောကြားကြပြီး PopStack အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက mVoter 2020 Application အသုံးပြုပုံကို အသေးစိတ် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို The Asia Foundation အဖွဲ့က ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။
mVoter 2020 Application ကို ww.maepaysoh.org တွင် တိုက်ရိုက် download ရယူနိုင်ကြောင်းနှင့် အသုံးပြုပုံ အဆင့်ဆင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website www.uec.gov.mm နှင့့် UEC Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။