မြန်မာတို့သည် ထေရဝါဒဗုဒ္ဓဘာသာ တရားတော်၏ အဆုံးအမဖြင့် ကိုယ်၊ နှုတ်၊ နှလုံးသိမ်မွေ့နူးညံ့သော လူမျိုးဖြစ်သည်။ ကြီးသူကိုရိုသေသည်။ ရွယ်တူကိုလေးစားသည်။ ငယ်သူကိုသနားတတ်သည့်စိတ်ထားရှိသည်။
သနားညှာတာတတ်သည်။ ကိုယ်ချင်းစာနာတတ်သည်။ စေတနာသဒ္ဓါတရားထက်သန်သည်။ လှိုက်လှဲပျူငှာ၍ ဖော်ရွေခင်မင်တတ်သည်။ ထိုသို့သော မြန်မာတို့၏စိတ်ထားအလှ၊ မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကလေးစား ချီးကျူး စံနမူနာထားခဲ့သည်။
ယဉ်ကျေးမှုဟူသည် လူတို့၏ရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်မျိုးစလုံးနှင့် သက်ဆိုင်လျက်ရှိသည်။ ယဉ်ကျေးမှုဆိုရာတွင် ယုံကြည်ကိုးကွယ်သည့် ဘာသာတရား၊ လူမှုဓလေ့ထုံးတမ်း အတွေးအခေါ်အယူအဆများ၊ ဝတ်စားဆင်ယင်မှု၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ အနုသုခုမ၊ ဘာသာစကား၊ စာပေ စသည်တို့ အကျုံးဝင်သည်။ ထိုယဉ်ကျေးမှုသည် လူမျိုးအလိုက် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စံ၊ ကိုယ်ပိုင်မူများနှင့် ဖြစ်ထွန်းလာပြီး အမွေအနှစ်ကောင်းများ ဖြစ်စေရန် အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရသည်။ နိုင်ငံတစ်နိုင်ငံသည် မည်မျှပင်ချမ်းသာ ကြွယ်ဝစေကာမူ ယဉ်ကျေးမှုကောင်းများ ခေါင်းပါးဆိတ်သုဉ်းနေပါလျှင် အချည်းနှီးသာဖြစ်သည်။ ယဉ်ကျေးမှုသည် လူ့တန်ဖိုးကို အဆုံးအဖြတ်ပေးသည်။
မြန်မာနိုင်ငံတွင် ရာသီအလိုက် ကျင်းပလေ့ရှိသော ပွဲတော်များရှိသည်။ ဥပမာအားဖြင့် သင်္ကြန်ပွဲတော်၊ ညောင်ရေသွန်းပွဲတော်၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ တန်ဆောင်တိုင်ပွဲတော် စသည့် ပွဲတော်များ ထင်ရှားသည်။
ထိုပွဲတော်များသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာတရားကိုင်းရှိုင်းမှုတို့ကို ဖော်ပြသည့် ပွဲတော်များလည်း ဖြစ်သည်။ ထို့အတူ လှေသဘင်ပွဲတော်၊ ဆင်ခင်းမြင်းခင်းပွဲတော်၊ နွားအလှပြိုင်ပွဲ စသည်တို့မှာလည်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် အဆင့်အတန်းကို ဖော်ပြလျက်ရှိသည်။ ယခင်က နှစ်စဉ်ကျင်းပလေ့ရှိသော မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည်လည်း မြန်မာတို့၏ ယဉ်ကျေးမှုအဆင့်အတန်း လွန်စွာမြင့်မားကြောင်း ဖော်ထုတ်ပြသသည့် ပွဲတော်များ ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုတွင် ပန်းချီ၊ ပန်းပုပညာရပ်သည်လည်း တစ်ခုပါဝင်သည်။ ပန်းချီပညာသည် သမိုင်းမတင်မီခေတ်ကပင် ထွန်းကားနေပြီ ဖြစ်ကြောင်း ပြဒါးလင်းဂူနံရံရှိ ဆေးရေးပန်းချီများက သက်သေပြလျက်ရှိသည်။ ပန်းချီပညာနှင့် ပတ်သက်လျှင် ရှေးအခါကပင် ကနုတ်၊ ကပီ၊ နာရီ၊ ဂဇာဟူသည့် ရေးနည်းရေးဟန် လေးမျိုးဖြင့် စနစ်တကျ ရေးဆွဲခဲ့ကြသည်။ ပုဂံဂူဘုရားလက်ရာများ၊ မြောက်ဦးဝေသာလီတို့မှ ဗိသုကာလက်ရာများ၊ မန္တလေးရတနာပုံ နေပြည်တော်မှ လက်ရာများကလည်း မြန်မာတို့၏ ပန်းဆယ်မျိုး၊ အနုပညာ အဆင့်အတန်းကို ဖော်ပြလျက်ရှိသည်။
သဘင်၊ ဂီတအရာတွင်လည်း ပျူခေတ်ကပင်ထွန်းကားလျက်ရှိသည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟူသည့် တူရိယာငါးပါးသည် မြန်မာတို့၏ ကိုယ်ပိုင်တူရိယာများ ဖြစ်သည်။ အထူးသဖြင့် မြန်မာတို့၏ ဆိုင်းဝိုင်းပညာ၊ နှဲအတတ်ပညာ၊ စောင်းအတတ်ပညာတို့သည် သင်တိုင်းတတ်သော ပညာရပ်များ မဟုတ်ကြပေ။ ဝါသနာလည်းရှိ၊ ပါရမီလည်းရှိမှ တတ်ကျွမ်းသော ပညာရပ်များ ဖြစ်သည်။ ခက်ခဲနက်နဲလွန်းလှသည်။ ဆိုင်းဝိုင်းပညာရပ်တွင် အံ့သြစရာ ကောင်းလှသည်မှာ Note သင်္ကေတမပါဘဲ မှတ်ဉာဏ်ကိုအသုံးပြု၍ ညီညာစွာတီးခတ်နိုင်ခြင်းဖြစ်သည်။ မြန်မာတို့သည် မြန်မာ့ဂီတကို လွန်စွာမြတ်နိုးတန်ဖိုးထားကြသည့်အလျောက် ဘာသာရေး၊ လူမှုရေးပွဲလမ်းသဘင်များ၊ မင်းခမ်းမင်းနားများတွင် ဂီတအနုပညာကို မပါမဖြစ်မင်္ဂလာယူ ထည့်သွင်း အသုံးပြုလျက်ရှိသည်။ တက္ကသိုလ်အသီးသီး၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဝတ်ရုံတော်ဘွဲ့တီးမှုတ်ပေးရခြင်းသည် အစဉ်အလာတစ်ရပ် ဖြစ်သည်။
တပ်မတော်သည် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဦးဆောင်နေစဉ်အတွင်း တက္ကသိုလ်ကျောင်းများ များစွာ ဖွင့်လှစ်ပေးခဲ့သည်။ ထိုအထဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်နှစ်ခုလည်း ပါဝင်သည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် မပျောက်မပျက်ထိန်းသိမ်းနိုင်ရေး၊ တည်တံ့ခိုင်မြဲရေး ဖွင့်လှစ်ပေးခဲ့ရာ ထိုယဉ်ကျေးမှုတက္ကသိုလ်များမှ ကျောင်းဆင်းမောင်မယ်များသည် ကမ္ဘာအရပ်ရပ်တွင် မြန်မာ့ယဉ်ကျေးမှု အနုပညာဖြင့် ကမ္ဘာတစ်ခွင်လှည့်လည်အောင်မြင်လျက်ရှိသည်မှာ မြန်မာတို့ ဂုဏ်ယူဖွယ်ဖြစ်သည်။
ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေးသည် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးခံယူချက်ဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် ကိစ္စတစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ ယဉ်ကျေးမှုဆုံးရှုံးမည်ကို စိုးရိမ်သောစိတ်ဖြင့် သတိတရားကို လက်ကိုင်ထားကာ မိမိတို့၏ စစ်မှန်သော ယဉ်ကျေးမှုမြင့်မားသော သမိုင်းအစဉ်အလာ ဆက်လက် ထိန်းသိမ်းကြပါရန် ရေးသား တင်ပြလိုက်ရပေသည်။ ။