မန်ယူအသင်း၏ ရာသီကြိုခြေစမ်း ပွဲစဉ်များအဖြစ် ထိုင်းနှင့်သြစတြေးလျ နိုင်ငံတို့၌ လီဗာပူး မဲလ်ဘုန်း ခရစ္စတယ်ပဲလေ့စ် အသင်းတို့နှင့် ကစားမည်
မန်ယူအသင်းသည် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီသစ်မတိုင်မီ အာရှဒေသတွင်း သြစတြေးလျနိုင်ငံနှင့် အာဆီယံဒေသတွင်း ထိုင်းနိုင်ငံတို့၌ လီဗာပူး၊ မဲလ်ဘုန်း၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့နှင့် ရာသီကြိုခြေစမ်းပွဲစဉ်များ ကစားမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် အသင်းစီးပွားရေး ဈေးကွက်ချဲ့ထွင်သည့် အနေဖြင့် အာရှဒေသတွင်းသို့ ဦးတည်လာခဲ့ခြင်းဖြစ်ကာ အာဆီယံဒေသတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခြေစမ်းပွဲ ကစားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌ လီဗာပူးအသင်းနှင့် ကစားမည်ဖြစ်သည်။
မန်ယူအသင်းသည် ပထမဆုံး ရာသီကြိုခြေစမ်း ပွဲစဉ်အဖြစ် ဇူလိုင် ၁၂ ရက်တွင် ပရီးမီးယားလိဂ် ထိပ်သီးပြိုင်ဘက် လီဗာပူးအသင်းနှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ရာဂျာမန်ဂါလာ အားကစားကွင်း၌ ကစားရန် စီစဉ်ထားရာ အဆိုပါပွဲစဉ်သည် ခြေစမ်းပွဲတစ်ပွဲဖြစ်သော်လည်း Centenary Cup အမည်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထို့နောက် သြစတြေးလျနိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကာ ဇူလိုင် ၁၅ ရက်တွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ မဲလ်ဘုန်းဗစ်တိုရီ အသင်းနှင့် ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ် အပြီးတွင် မဲလ်ဘုန်းမြို့၌ပင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဆက်လက်ကစားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်သုံးပွဲအပြီး မန်ချက်စတာမြို့သို့ ပြန်လည်မထွက်ခွာမီ နောက်ထပ်အသင်း တစ်သင်းနှင့်ခြေစမ်းပွဲ ကစားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Ref;Manchester Evening News