ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 နေပြည်တော်   ဧပြီ  ၂

ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဝဲကြီးကျောင်းတိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ပိန္နဲကုန်းကျောင်းတိုက် သို့လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဆေးဝင်္ကဘာစာသင်တိုက်သို့လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဝိသုဒ္ဓါရာမစာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မြစိမ်းရောင်စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ပြည်တော်သာကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိပါသည်။