ထိုင်းနိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca (၅)သိန်း Doses ဒုတိယ အသုတ် (အပြီးသတ်)ရောက်ရှိ
ရန်ကုန်၊ ဧပြီ -၂
ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် မြန်မာနိုင်ငံပြည်သူ များသို့ပေးပို့လှူဒါန်းသော ထိုင်းနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး AstraZeneca (၅)သိန်း Doses ဒုတိယအသုတ်(အပြီးသတ်) တင်ဆောင်လာသော Thail Airways Flight TG-303/HS-THH/A-350-900 လေကြောင်းလိုင်း လေယာဉ် သည် ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်မှ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာကြောင်း သိရှိရသည်။
အဆိုပါရောက်ရှိလာသော ကိုဗစ်ကာကွယ်ဆေးAstraZeneca (၅)သိန်း Doses အား မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှ Charge d´ affaires, Mrs.Kanokwan Pengsuwan နှင့်တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံကြက်ခြေနီ အသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော် နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံကြသည်။
ထိုင်းနိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး AstraZeneca သည် ဆေးတစ်လုံးလျှင် လူ(၁၀)ယောက်ထိုးနိုင်ပြီး ဆေးအလုံးပေါင်း (၅၀၀၀၀)၊ ပုံးအရေအတွက် (၁၅၇)ပုံး၊ အလေးချိန် (၂၅၁၂) ကီလိုဂရမ်နှင့် ဆေးထိုးအပ် (၅)သိန်း တို့ပါဝင်သည်။ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသော ဆေးများကို Cold ChainDeliveryandLogistics ယာဉ်ကြီးများဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုဆေး သိုလှောင်ခန်း(အအေးခန်း)တွင် ပို့ဆောင်ထားရှိကာတိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီး များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
အဆိုပါလှူဒါန်းမှုသည် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးစီမံချက်များတွင် အထောက်အကူပြုရန် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZenecaများကို ထိုင်းအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှလည်းကောင်း၊ ဆေးထိုးအပ် (၅)သိန်းကို LDS Syringes မှ လည်းကောင်း လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးမှုကို Siam Cement Group (SCG) တို့မှလည်းကောင်း အသီးသီးထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။